အရိပ်များ

 အရိပ်များ

---------

တိတ်ဆိတ်အေးချမ်းသည့် ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ လူငယ်တစ်ယောက်သည် တစ်လှမ်းချင်း ဝင်လာ သည်။


သူက ကျောင်းပေါ်ကိုတက်ရန် စဉ်းစားတွေဝေနေသေးသည်။ ထို့နောက် ဆုံးဖြတ်ချက်ချကာ ကျောင်းပေါ်ကို တက်လိုက်သည်။


ဘုရားခန်းတွင် ဆရာတော်သည် တရားထိုင်နေသည်။ ဆရာတော်ကို ထိုလူငယ်က ဝတ်ပြုလိုက်ပြီး ငြိမ်သက်စွာ ထိုင်နေသည်။


ဆရာတော်သည် တရားထိုင်အပြီးတွင် နောက်ကို ပြန်လှည့်ထိုင်လိုက်သည်။ လူငယ်ကို တွေ့လိုက်သဖြင့်


“ဒကာ မည်သည့်ကိစ္စနှင့် ကျောင်းကိုလာသနည်း” ဟု မေးလိုက်လေသည်။


လူငယ်က လက်အုပ်လေးချီလိုက်ပြီး 


“တပည့်တော်သည် လူ့ဘဝကို စွန့်လွှတ်ပြီး သာသနာ့ဘောင်ကိုဝင်ကာ တရားများကျင့်ကြံ အားထုတ် ပါတော့မည်။ တပည့်တော်အား အရှင်ဘုရားထံတွင် တပည့်အဖြစ် လက်ခံပြီး တရားကျင့်စဉ်များကို သင်ကြား ပြသပေးပါရန် တောင်းပန်ပါသည်” ဟု လျှောက်တင်လိုက်လေသည်။


ဆရာတော်က


“ကောင်းလှပြီ။ သင့်ကို ငါသည် သာသနာ့ဘောင်အတွင်းဝင်ရန် လက်ခံပါသည်။ သို့သော် သင် ငါ့ထံကိုလာတာ လူတွေအများကြီး ခေါ်လာစရာ မလိုပါ”


လူငယ်က နောက်ကိုလှည့်ကြည့်လိုက်ပြီး


“အရှင်ဘုရား တပည့်တော် တစ်ဦးတည်း ဆုံးဖြတ်ချက်ချကာ အိမ်ကထွက်လာခဲ့ခြင်း ဖြစ်ပါသည်။ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ခေါ်ဆောင်လာခြင်း မရှိပါဘုရား”


ဆရာတော်က


“ရှေ့တိုးလော့ဒကာ” ဟု ဆိုလိုက်သည်။


 လူငယ်က ရှေ့တိုးလိုက်သည့်အခါတွင် ဆရာတော်က လူငယ်၏ ဦးခေါင်းကို ကိုင်လိုက်ပြီး


“မျက်စိမှိတ်ထားဒကာ”


သူက မျက်စိကို မှိတ်ထားသည်။


“သင်ကသာ မည်သူမျှ ခေါ်မလာဟုဆိုသည်။ နောက်ကို လှည့်ကြည့်လိုက်စမ်းပါ” ဟု မိန့်လေသည်။ 


ဆရာတော်က သူ့ခေါင်းကို ကိုင်မြဲကိုင်ထားသည်။ လူငယ်က နောက်ကို ပြန်ပြီး လှည့်ကြည့်လိုက်သည်။ 


သူ့နောက်တွင် လူအုပ်ကြီးကို ထူးဆန်းစွာတွေ့လိုက်ရသည်။ ထိုလူအုပ်ထဲတွင် သူ့အဖေ၊ သူ့အမေ၊ သူ့ချစ်သူ၊ သူ့မိတ်ဆွေပါသည်။ သူ့မိခင်နှင့် ချစ်သူက ငိုနေသည်။ ဖခင်က စိတ်မကောင်းစွာနှင့် သူ့ကိုကြည့်နေသည်။


“ကဲ ဒကာလေး မျက်စိကို ဖွင့်လိုက်တော့”


လူငယ်က မျက်စိကို ဖွင့်လိုက်သည်။ အားလုံးပျောက်ကွယ်သွားသည်။


“ကိုင်း ဘယ်သူမှ သင့်နောက်က လိုက်မလာဘူးဆိုတာ တကယ်လား”


လူငယ်က ဆရာတော်ကို ဦးချပြီး


“တပည့်တော်၏ မပြတ်သားစိတ်များနှင့် သူတို့အားလုံးကို ဤကျောင်းပေါ်အထိ ခေါ်လာမိခြင်းအား ခွင့်လွှတ်ပါ အရှင်ဘုရား”


“ဒကာ ပထမဆုံး လုပ်ရမည့် အလုပ်မှာ သင့်ခေါင်းထဲက အားလုံးကို ထုတ်ပစ်နိုင်အောင် ကြိုးစားခြင်း ဖြစ်သည်။ ထိုလူအုပ်စုကြီးမှာ သင့်ကို ကောင်းစွာဒုက္ခပေးမည့် သူများဖြစ်သည်။ သင်ခေါင်းထဲတွင် ရှိနေသော ထိုသူများကို သင်ထုတ်ပစ်လိုက်နိုင်ပြီဆိုလျှင် သင့်အတွက် သာသနာ့ဘောင်တွင် နေထိုင်၊ ကျင့်ကြံ၊ အားထုတ်ရန်ဆိုသည်မှာ ဘာကိုမျှ ခက်ခဲမည် မဟုတ်တော့။ သင်နှင့်ပါလာသူတွေ အကုန်ရှင်းပြီးပြီဆိုလျှင် သင့်ကိုငါသည် တရားပြမည်။ ဦးစွာ သင်နောက်က ပါလာသည် လူအုပ်ကြီးကို မောင်းထုတ်လိုက်ပါဒကာ”


(Shadows ဆိုသည့် ဂျပန် ဇင်ပုံပြင်တစ်ပုဒ်ကို မြန်မာမှုပြုထားခြင်းဖြစ်ပါသည်)


တင်ညွန့်


၆.၁.၂၀၂၄