ဟိတ်ဆိုတိုင်းမဟိတ်

 ဟိတ်ဆိုတိုင်း မဟိတ်

--------------------

ကျွန်တော် မော်လမြိုင်ကောလိပ်တွင် ပထမနှစ်တက်စဉ်ကဖြစ်သည်။ ခပ်ကြောင်ကြောင်နေတတ်သဖြင့် မည်သူမျှ မခေါ်၊ မပြော။ ခပ်ကြောင်ကြောင်ဆိုသည်ကား တိုက်ပုံအင်္ကျီ၊ ကော်လာလည်ပြတ်၊ ကချင်ပုဆိုး၊ တာယာဖိနပ်ဖြင့်နေလေ့ရှိသောကြောင့်ဖြစ်သည်။ အတန်းထဲတွင် ထိုင်လျှင်လည်း နောက်ဆုံး ခုံတန်း တွင်သာထိုင်လေ့ရှိသည်။ အသင်အပြကို စိတ်မဝင်စားလျှင် အသာလေး လစ်ထွက်နိုင်ရန်ဖြစ်သည်။


တစ်နေ့တွင် ကချင်ပုဆိုး၊ ကော်လာလည်ပြတ်နှင့် မိမိကဲ့သို့ လူထူးဆန်းတစ်ယောက်က အနားတွင် လာထိုင်သည်။ သူ့ကိုယ်သူ မိတ်ဆက်သည်


“ထန်စွမ်းပါ”


“တိုင်းရင်းသားလား”


သူ့စကားဝဲပုံကိုကြည့်ကာ မေးလိုက်မိခြင်းဖြစ်သည်။


“ချင်း”


သူကပြတ်ပြတ်ပြန်ဖြေသည်။ စကားနည်းသည့် တိုင်းရင်းသားဖြစ်ပြီး သူလည်း မည်သူနှင့်မျှ အရောဝင်ခြင်းမရှိ။ ကျွန်တော် အတန်းထဲက လစ်လာလျှင် သူလည်း လိုက်ထွက်လာသည်။ ကျွန်တော်က သူ့ကို


“လက်ဖက်ရည် သောက်မလား” ဟုမေးသည်


“ပိုက်ဆံမရှိဘူး”


“တစ်ခွက် ၁၅ ပြားဆိုင်ရှိတယ် … လာပါ ကျွန်တော်တိုက်မယ်”


ထိုအချိန်က ကင်တင်းတွင် လက်ဖက်ရည်တစ်ခွက် ပြား ၅၀ ဖြစ်သည်။ တစ်ခွက် ၁၅ ပြားသည် သက်သာဆိုင်တွင်သာရသည်။


ထိုနေ့မှစ၍ သူနှင့် ကျွန်တော် ခင်မင်သွားသည်။ ချင်းကြီးသည် အလွန်ရိုးအသူဖြစ်သည်။ ကျွန်တော် ကတော့ သူ့ထက်နည်းနည်းပိုပြီး လူရည်လည်မည်ထင်သည်။ ကျွန်တော့်အဆောင်လိုက်လည်သည်။ ကျွန်တော့်စာအုပ်တွေကို ဆွဲဖတ်သည်။ သူက အဆောင် နေသူမဟုတ်။


“ကိုထန်စွမ်း အပြင်မှာ ဘယ်သူနဲ့နေလဲ”


“ကျွန်တော့်အစ်ကိုနဲ့”


“အစ်ကိုကဘာလုပ်လဲ”


“လဝကမှာ”


“ဟာ … ဒါဆို … ချောင်မှာပေါ့”


“မချောင်ဘူး … အစ်ကိုက အိမ်ထောင်နဲ့။ ဒါကြောင့် ပေါပေါ များများ မသုံးနိုင်ဘူး”


နောက်ပိုင်း သူနှင့်ကျွန်တော် ရင်းနှီးသွားသည့်အခါတွင် သူ့ကို ကျွန်တော်က ထန်ကြီး ဟုခေါ်သည်။ သူကား လူကြည့်တော့ မထုံတက်တေးဖြစ်သော်လည်း အလွန်သတ္တိရှိသူဖြစ်သည်။ ဗလကလည်း တောင့်သည်။ သို့သော် မိန်းမဆိုလျှင် မကြည့်ရဲ၊ ရှက်တတ်သဖြင့် မိန်းမတွေကို တွေ့လျှင် ခေါင်းငုံ့နေတတ် သည်။


တစ်နေ့တွင် ကျွန်တော့်အဆောင်ကို သူလိုက်လည်ပြီး အတန်းပြန်တက်ရန် ပြန်လာကြသည်။ မြင်းမိုရ် ဆောင်ရှေ့ရောက်သည့်အခါတွင် ခွေးတစ်ကောင်က ပြေးထွက်လာသည်။ ကျွန်တော်က ကြောက်ပြီး ထွက်ပြေးရန်ပြင်သည်။ သူက လက်ကို ဆွဲထားပြီး ခွေးကိုတည့်တည့်ကြည့်ကာ


“ဟိတ်” ဟု အော်လိုက်သည်


ပြေးလာသည့်ခွေးက တန့်သွားသည်။ သူက ခြေထောက်တွင် စီးထားသည့် ဖိနပ်ကို မြေပြင်ပေါ်တွင် ဘုန်းဘုန်းရိုက်ကာ ခွေးကို လိုက်ဟန်ပြုသည်။ ခွေးက ထွက်ပြေးသွားသည်။


“ဘာဖြစ်လို့ ပြေးရတာလဲ” ဟု သူက ကျွန်တော့်ကိုမေးသည်။


“ကျွန်တော်က ခွေးဆိုရင်ကြောက်တယ်ဗျ”


“ခွေးကိုကြောက်လို့ပြေးရင် ခွေးကလိုက်မှာပေါ့ … ဘယ်တော့မှ မပြေးနဲ့ … ခွေးကို တည့်တည့်ကြည့် လိုက် … ပါးစပ်က အော်လိုက် … သူ့ကို ပြန်လိုက်သလိုလုပ်လိုက် … အဲဒီကောင် ပြေးရောပဲ”


“မပြေးရင်ရောဗျာ”


“ကျွန်တော် တစ်ခါမှ အဲဒီလို မတွေးမိဘူး … ကျွန်တော် ဟိတ်လိုက်ရင် ခွေးတွေ ပြေးတာ များတယ်”


ကျွန်တော်ယနေ့တိုင် သူ့ကို မမေ့ပါ။ ကျွန်တော်က ပထမနှစ်သာ မော်လမြိုင်တွင်နေပြီး ဒုတိယနှစ်တွင် ရန်ကုန်ကို ပြောင်းလာသဖြင့် သူနှင့်ကွဲသွားသည်မှာ ယနေ့တိုင်ဖြစ်သည်။ 


သူ့ကို ယနေ့မှ အထူးသတိရခြင်းမှာ အကြောင်းရှိသည်။


မနက်က လမ်းလျှောက်ပါသည်။ အဆောက်အအုံတစ်ခုရှေ့အရောက်တွင် ကျွန်တော့်ကို ခွေးကထွက် ဟောင်သည်။ ကျွန်တော်က ခွေးကြောက်သူဖြစ်သောကြောင့် သတိထားပြီး လှည့်ကြည့် လှည့်ကြည့်နှင့် သွားရာ ခွေးကရဲတင်းလာပြီး လိုက်ဆွဲတော့သည်။ ကျွန်တော်က ကျွန်တော့်သူငယ်ချင်း ထန်စွမ်းနည်း အတိုင်း နောက်ပြန်လှည့်ပြီး


“ဟိတ်” ဟု အော်ကြည့်သည်။


ခွေးကတန့်သွားသည်။ သို့သော် ဆက်ဟောင်သည်။ ကျွန်တော်က ဖိနပ်ကို ဘုန်းဘုန်းရိုက်ကာ ခွေးကို လိုက်ဟန်ပြုသည်။ ခွေးကနောက်ပြန်လှည့်မသွား။ ရှေ့ဆက်တိုးနေသည်။ ခက်တော့နေပြီ။ ကျွန်တော့်မှာ သူ့ကို ကျောပေးပြီး မသွားဝံ့။ ကျွန်တော်ဟိတ်လိုက်သော ဟိတ်က ထန်ကြီး ဟိတ်လောက် မာန်မပါသောကြောင့်များလား။


ကျွန်တော် နောက်လှည့်ကြည့်သည် ခွေးက ရှေ့ကိုတိုးလာသည်။ ကျွန်တော် ချွေးပြန်နေရပြီ။ နောက်ဆုံးတွင် လမ်းဘေးက ခဲကို ကောက်လိုက်ရတော့သည်။ သူရှေ့ဆက်တိုးလျှင် ထုမည်။ ခွေးက ရှေ့ဆက်တော့မတိုး ဟောင်နေသေးသည်။ ကျောခိုင်းကြည့်သည်။ လိုက်ဟောင်ပြန်သည်။ ကဲဖြစ်ချင်ရာဖြစ် ဆိုသည့်သဘောဖြင့် ခဲနှင့် ထုရသည်။ ခွေးကိုတော့မထိ။ သို့သော် ခွေးက ထွက်ပြေးသွား သည်။


“ထန်ကြီးရေ … ခုခွေးတွေက ဟိတ်လောက်နဲ့ မရတော့ဘူးကွ” ဟု ကျွန်တော် သူ့ကို အမှတ်ရစွာ ပြောလိုက်မိသည်။


ထန်ကြီးလည်း ယခုအချိန်တွင် ခွေးကိုတွေ့ပါက ဟိတ်ဟုအော်မည်လား


ထိပ်ထုဆော်မည်လား။


ခုခေတ်ခွေးတွေက အကဲဆတ်လွန်းသည်။ 


တင်ညွန့်


၂၀.၁၀.၂၀၂၁