လျို့ဝှက်ချက်

 လျှို့ဝှက်ချက်(စ/ဆုံး)


—————-


ကျုပ်ရဲ့မိသားစုလေးသည်အလွန်ပင်ငြိမ်းချမ်းသာယာသောကြောင့် ရပ်ကွက်အတွင်းရှိ မိတ်ဆွေသင်္ဂဟ အပေါင်းအသင်းများက သီရိဂေဟာလို့ တင်စားခေါ်ဆိုနေကြသည်၊ ကျုပ်တို့လင်မယားနှစ်ယောက်သည် မည်သည့်အခါမှ ဆူပူခြင်း၊ ရန်ဖြစ်ခြင်းမရှိကြချေ။


တနေ့တွင် အိမ်ဘေးအိမ်သို့ လူငယ်လင်မယားနှစ်ယောက် ပြောင်းရွှေ့လာသည်ကိုတွေ့ရသည်၊ ဘေးအိမ်ကိုငှားရမ်းမည်ဟု အိမ်ရှင်ကဆိုင်းဘုတ်တင်ထားသည်မှာကြာခဲ့လေပြီ၊ ထိုလူငယ်လင်မယားသည် ကျုပ်၏အိမ်နီးချင်း လူသစ်များဖြစ်ကြသည်။


ပြောင်းရွှေ့လာသောညပိုင်းတွင် ကျုပ်တို့လင်မယား အိပ်ယာဝင်ချိန်အခါသမယ၌ အသစ်ပြောင်းရွှေ့လာသောအိမ်ဘက်မှ ဆူဆူညံညံအသံများကို ကျုပ်တို့လင်မယားကြားနေရသည်၊ သေသေချာချာနားစွင့်လိုက်သောအခါ အသစ်ပြောင်းရွှေ့လာသော လူငယ်လင်မယားနှစ်ယောက် ရန်ဖြစ်နေသည်ကိုသိရှိလိုက်ရသည်၊ ၁၅ မိနစ်လောက်အကြာတွင် ရန်ဖြစ်သည့်အသံများ တိတ်ဆိတ်ပျောက်ကွယ်သွား၏။


မနက်မိုးလင်းသောအခါတွင် ကျုပ်လည်းအလုပ်သွားရန်အတွက် အိမ်ရှေ့သို့ထွက်လာခဲ့သည်၊ “ဦးလေး” ဟူသောခေါ်သံကြောင့် လှည့်ကြည့်လိုက်ရာ ညဦးယံက ရန်ဖြစ်ခဲ့ကြသော လူငယ်လင်မယားနှစ်ယောက်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်၊ လူငယ်လင်မယားနှစ်ယောက်သည်ရုပ်ရည်သန့်ပြန့်ပြီး ဖော်ရွေသောအပြုံးများနှင့်ကျုပ်အားလှမ်း၍နှုတ်ဆက်နေသည်၊ နှစ်ယောက်လုံးသည် ညကဘာမှမဖြစ်ခဲ့သည့်အလားရှိနေကြ၏။


“ငါ့တူတို့လင်မယားက ဒီဘက်အိမ်ကိုပြောင်းလာကြတယ်ထင်တယ်”


“ဟုတ်တယ်ဦးလေး..မနေ့ကမှပြောင်းလာကြတာပါ…ဒီရပ်ကွက်မှာ မိတ်ဆွေအပေါင်းအသင်းမရှိတော့ ဦးလေးတို့ကိုအားကိုးပါရစေ..အမြင်မတော်ရင်ဆုံးမနိုင်ပါတယ်ဗျာ”


“အေးပါကွာ…အော်..ဒါနဲ့ ညကလင်မယားနှစ်ယောက် ရန်ဖြစ်ကြတာလား..ဦးလေးတို့ဘက်ကကြားနေရတယ်”


“ဟုတ်တယ်ဦးလေးရေ..ကျွန်တော်တို့လင်မယားက မကြာခဏရန်ဖြစ်တတ်တယ်..ဒါပေမဲ့ ခဏပါပဲ၊ ဦးလေးတို့စိတ်အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်၊ ခွင့်လွှတ်ပါဗျာ”


“အေးပါကွာ..ဦးလေးလည်းအလုပ်နောက်ကျမှာစိုးလို့ သွားလိုက်အုံးမယ်၊ နောင်အားတဲ့ရက်ကြမှစကားစမြည်ပြောကြတာပေါ့”


“ဟုတ်ကဲ့ပါခင်ဗျ”


ဤသို့ဖြစ်…နောက်တပတ်ခန့်အကြာတွင် လူငယ်လင်မယား၏နေအိ်မ်တွင် အိမ်တက်မင်္ဂလာ ပွဲကိုဆင်နွှဲကြသည်၊ အုံးနို့ခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးသည်၊ တရပ်ကွက်လုံးကိုဖိတ်ကြားထားသောကြောင့် စည်စည်ကားကားရှိလှ၏၊ ဘုန်းကြီးတရားနာပြီး၍ဝတ္ထုငွေကပ်ရန် လူငယ်လင်မယားနှစ်ယောက်ဘုန်းကြီးရှေ့တွင် ထိုင်သောအခါ ကောင်မလေးက ကောင်လေး၏ညာဘက်တွင်ဝင်ထိုင်သည်။


“ခင်” မောင့်ရဲ့ဘယ်ဘက်မှာနေလေ…မိန်းမဆိုတာ ယောက်ကျားရဲ့ ဘယ်ဘက်မှာနေရမှာ” ဟုပြောလိုက်သောအခါ ကောင်မလေးကမကြေမနပ်ဖြစ်သွားသည်။


“ဘယ်ဘက်မှာနေတော့ ဘာဖြစ်သွားမှာလဲမောင်..ဘယ်နေရာမှာပဲနေနေ ဘုန်းကြီးကပ်ဖို့ကအဓိက မဟုတ်ဘူးလား”


“ခင်က မောင့်ရဲ့ညာဘက်မှာနေတော့..မောင်ဘုန်းနိမ့်မှာပေါ့ကွာ”


ကောင်မလေးကဒေါသထွက်လာသည်။


“ဘာ..ဘုန်းနိမ့်မယ်ဟုတ်လား..မပြောလိုက်ချင်ဘူး ရှင်ညအိပ်ယာဝင်တဲ့အချိန်တွေမှာ ဘယ်တွေညာတွေမပါဘူး၊ ဘယ်လိုပဲနေနေ ဘုန်နိမ့်မယ်လို့ တခါမှမပြောခဲ့ဘူး”


ဘုန်းကြီးနှင့်လူအများရှေ့တွင် အပြောခံရသောကြောင့် ကောင်လေးရှက်ဒေါသဖြစ်ကာ ကောင်မလေးရဲ့ပါးပြင်ကို ဗျောတင်လိုက်လေသည်။


ကောင်မလေးကလည်း ဘုန်းကြီးကပ်ရန်အတွက် ငွေတင်ထားသောပုဂံပြားနှင့်ကောင်လေးဦးခေါင်းကိုပြန်ရိုက်လိုက်ရာ ကောင်လေး၏ဦးခေါင်းမှ သွေးများစီးကျလာသည်၊ ဝတ္ထုငွေအကပ်ခံရန် စောင့်ဆိုင်းနေသောဆရာတော်သည် အခြေအနေမလှတော့မှန်းသိနေသောကြောင့် အမြန်ထကာ လစ်ပြေးလေတော့သည်၊ အကင်းပါးသော ဘုန်းကြီးကျောင်းသားလေးက ကြမ်းပြင်တွင်ကျနေသော ဝတ္ထုငွေကိုအလျှင်အမြန်ကောက်ကာ ဘုန်းကြီးနောက်မှလိုက်သွားလေသည်။


ကျုပ်အပါအဝင် ဧည့်သည်တော်များသည် အခြေအနေမဟန်တော့မှန်းသိသောကြောင့် အုံးနို့ခေါက်ဆွဲကိုပင်မစားကြတော့ပဲ ထပြန်ကြကုန်သည်။


ညနေစောင်းချိန်တွင် ဦးခေါင်းကိုပတ်တီးစည်းထားသော ကောင်လေးအားအိမ်ရှေ့တွင်တွေ့ရသည်၊ ကျုပ်လည်းကောင်လေးအားလှမ်းမေးလိုက်သည်။


‘”အခြေအနေဘယ်လိုလဲငါ့တူ”


“ကောင်းပါတယ်ဦးလေး”ဟုပြန်ပြောကာ ကောင်မလေးကိုအော်ခေါ်လိုက်သည်။


“ခင်ရေ…ဒီမှာ ဦးလေးကမေးနေတယ်..လာပါအုံး”


“လာပြီမောင်ရေ” ဆိုကာ ပြုံးပြုံးရွှင်ရွှင်ဖြင့်ထွက်လာကာ ကျုပ်အားနှုတ်ဆက်နေသည်၊ နစ်ယောက်လုံးမျက်နှာလေးများမှာ ဘာမှမဖြစ်ခဲ့သလိုပင် ပြုံးပျော်ရွှင်ကြည်လျှက်။


လူငယ်မောင်နှံသည် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နှင့် ဘဝခရီးကိုဖြတ်သန်းနေကြသည်၊ ကျုပ်တို့မောင်နှံလည်း မြင်ရကြားရဖန်များလာတော့ရိုးသွားသည်၊ နေ့ရက်တွေလစားကာ လတွေကိုလည်း နစ်တွေကဝါးမျိုခဲ့လေသည်။


တနေ့သောအားလပ်ရက်အချိန်အခါလေးတွင် အိမ်ရှေ့၌ရှိသောကုလားထိုင်ပေါ်တွင်ထိုင်ကာစာအုပ်ဖတ်နေစဉ်…ကောင်လေးရောက်လာကာ ကျုပ်ကိုမေးလေသည်။


“ဦးလေးကိုမေးစရာရှိလို့ပါဗျ”


“ဘာမေးမလို့လဲ..မေးလေ”


“ဒီလိုပါ..ဦးလေးတို့လင်မယားကို ကျွန်တော်အကဲခတ်နေတာကြာပါပြီ၊ တခါမှစကားများတာ ရန်ဖြစ်တာမတွေ့ဘူးလို့ပါ၊ အဲဒါ..ဦးလေးမှာ လင်မယားရန်မဖြစ်တဲ့နိုင်တဲ့လျှိုဝှက်ချက်ရှိမယ်လို့ကျွန်တော်ထင်တယ်၊ အဲဒါ..ကျွန်တော်သိပ်သိချင်ပါတယ်ခင်ဗျ”


“အော်ဒါလား..မင်းသိချင်ရင်ဦးလေးပြောပြမယ်”


“ဟုတ်ကဲ့..ပြောပါခင်ဗျ”


“ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်လောက်ကပေါ့၊ ဦးလေးတို့လင်မယားဈေးဝယ်အသွားမှာ..လမ်းဘေးမှာလူတယောက် ကြောင်လေးတွေကို လှောင်အိမ်လေးထဲမှာထည့်ပြီး ရောင်းနေတာတွေ့တယ်၊ အဲဒီမှာ ဦးမိန်းမက ကြောင်တွေကိုချစ်တတ်တော့ သနားလို့ဆိုပြီး ကြောင်လေးတစ်ကောင်ဝယ်မွေးခဲ့တယ်၊


“ကျွန်တော်မေးတာနဲ့ဦးလေးပြောတာဘာဆိုင်လို့လဲ”


“မလောပါနဲ့ကွာ..ဆိုင်လားမဆိုင်ဘူးလားမင်းသိရမှာပါ”


“တနေ့မှာ ..ဦးရဲ့မိန်းမကငါးကြော်ပြီး စားပွဲပေါ်မှာတင်ထားတယ်၊ ကြောင်လေးကငါးကြော်ကိုယူစားတယ်၊ ဦးမိန်းမကမြင်တော့ ကြောင်လေးရဲ့ကျောပြင်ကိုပွတ်သပ်ပြီးပြောတယ်၊ မကြွေးသေးပဲနဲ့မစားနဲ့နော်..ဒါ..ပထမအကြီမ်သတိပေးချက်တဲ့”


နောက် နှစ်ပတ်လောက်မှာ ဦးမိန်မက ငါးကြော်ပြန်တယ်၊ ကြောင်လေးကလည်းထပ်ပြီးယူစားပြန်တယ်၊ ဦးမိန်းမကလည်း ကြောင်လေးကိုထပ်ပြီးသတိပေးပြန်တယ်၊ ဒါ…ဒုတိယအကြိမ်သတိပေးချက်တဲ့”


“နောက်တလလောက်မှာ ငါးကြော်ပြန်တယ်၊ ကြောင်လေးကလည်းယူစားပြန်တယ်၊ ဒီတခါတော့ ဦးရဲ့မိန်းမကဘာမှမပြောတော့ဘူး၊အဲဒီနေ့က ဦးအလုပ်ကပြန်လာတော့ ထမင်းစာဘို့ထိုင်တဲ့အချိန်မှာ ခြေထောက်ကိုပွတ်သီးပွတ်သပ်လိုပ်တတ်တဲ့ ကြောင်လေးကိုမတွေ့တော့ဦီ့ရဲ့မိန်းမကိုမေးလိုက်တယ်”


“မိန်းမရေ…ကြောင်လေးမတွေ့မိပါလား”


“သေပြီ…ဒီလောက်သတိပေးနေတဲ့ကြားထဲက ခိုးစားလွန်းလို့ သူကြိုက်တဲ့ငါးကြော်ထဲကို အဆိပ်ထည့်ပြီးသတ်လိုက်ပြီ”


ဦးမိန်းမရဲ့ပြောတဲ့စကားကြားလိုက်ရတော့ ဦးလည်းအလွန်ဒေါသထွက်လာတယ်။


“မင်းဘယ်လိုလုပ်လိုက်တာလဲ၊ မင်းရူးများသွားပြီလား၊ လူမှဟုတ်ရဲ့လား၊ ဘာမှမသိ နားမလည်တဲ့ကြောင်လေးကိုလုပ်ရက်လိုက်တာကွာ၊ မင်းတော်တော်ရက်စက်တဲ့မိန်းမလို့အော်ပြောလိုက်တယ်”


“အဲဒီအခါမှာ ဦးမိန်းမကအေးစက်မာကျောတဲ့ မျက်လုံးတွေနဲ့ကြည့်လိုက်တယ်၊ ပြီးတော့..နူးညံ့သိမ်မွေ့တဲ့ လေသံလေးနဲ့ပြောလိုက်တာက….


“ယောက်ကျားရေ..ဒါရှင့်ရဲ့ ပထမဦးဆုံးအချိန် သတိပေးချက်နော်တဲ့”


“အဲဒီနေ့ကစပြီး ဦးလေးအနေနဲ့ အမှားလုပ်မိရင် ဦးလေးရဲ့မိန်းမကို အမြန်ဆုံးတောင်းပန်တတ်လာတယ်၊ ဦးလေးရဲ့မိန်းမအမှားလုပ်မိရင်လည် ဦလေးကပဲးတောင်းပန်လိုက်တာပဲ၊ မိန်းမကသဘောမကျတာတွေမလုပ်ဘူး၊ အဲဒီတော့ နားမပူတော့ဘူး၊ နားပူမခံရတော့ စိတ်ချမ်းသာတယ်၊ အိမ်တအိမ်မှာ မိန်းမကစိတ်ချမ်းသာနေရင် အိမ်သာယာလာတာပဲ၊ အိမ်သာယာတော့ ငြိမ်းချမ်းတဲ့မိသားစုလေး ဖြစ်ပြီပေါ့ကွာ”


ကောင်လေးက ကျုပ်ရဲ့လျှို့ဝှက်ချက်ကိုသိသွားပြီး တွေးတောကာ ငေးမောနေပါတော့သည်။


သင်းချို (၂၆/၁၀/၂၀၂၂)