ရှေ့ဆောင်လမ်းပြ

 ရှေ့ဆောင်လမ်းပြ

-----------------------

“ဆရာကြီး ... ဆရာကြီး”


“ဟေ့ ... ဘယ်သူတွေလဲ”


“သမီး ခင်လေးပါဆရာကြီး”


ဆရာကြီးက လက်နှိပ်ဓာတ်မီးကို အိမ်ပြင်သို့ ထိုးကြည့်လိုက်သည်။ ခင်လေးနှင့် သူ့တပည့်မလေး နှစ်ယောက်ကို ခြံဝတွင် တွေ့လိုက်ရသည်။


“လာကြ ... မိုးကြီးချုပ်မှ ဘယ်လိုဖြစ်တာလဲ”


ခင်လေးတို့က ဆရာကြီး အိမ်ပေါ်ကို တက်လာသည်။


“ဆရာကြီး မနက် မြို့ကိုသွားမလို့ဆို”


“အေးလေ နေ့လယ်ကပဲ မင်းကို ပြောထားတယ်လေ။ မြို့က အရေးပေါ် အစည်းအဝေးတဲ့”


“သမီး ... ဆရာကြီးဆီက ကျောင်းသော့ ယူထားဖို့ မေ့သွားတယ်။ အဲဒါ ကျောင်းသော့လည်း လာယူရင်း မြို့ရောက်ရင် အဒေါ့်ဆီကို ဒီစာလေးတစ်စောင် လူကြုံပါးချင်လို့ပါ”


“အေး ... အေး ... သော့က မနက်ဆိုရင် မင်းဆရာမလေးကို သွားပေးလိုက်ဆိုပြီး အိမ်ခေါင်းရင်းက ချစ်ထွေးကို ပေးထားပြီးသား။ စာက ထားခဲ့လေ ... ဆရာယူသွားပြီး ပို့ပေးမှာပေါ့”


“ဆရာကြီး တစ်ခု ရှိသေးတယ်”


“ဘာများလဲ”


“မြို့က ပြန်လာရင်လေ လက်ရေးလှ လေးကြောင်းမျဉ်းစာအုပ်လေး တစ်ဒါဇင်လောက် ဝယ်ပေးခဲ့ပါလား”


“ဘာလုပ်မလို့လဲကွ”


“အတန်းထဲမှာ ကလေးတွေကို လက်ရေးလှသင်ချင်လို့ပါ ဆရာကြီး။ မြန်မာစာကို ရေးနည်းမှန်မှန်နဲ့ ဝိုင်းဝိုင်း လေးတွေ ရေးတတ်စေချင်တယ်။ သမီး သုံးတန်းက ကလေးတွေအတွက်ပါ။ ဒီမှာ ဆရာကြီး လက်ရေးလှ စာအုပ်ဝယ်ဖို့ ပိုက်ဆံပါ”


“ခင်လေး ... ကလေးတွေဆီက ပိုက်ဆံကောက်ထားတာလား”


“မဟုတ်ပါဘူးဆရာကြီး ... ဒါသမီး ကိုယ်ပိုင် ပိုက်ဆံနဲ့ပါ”


“အေးကွယ် ကလေးတွေဆီက သတ်မှတ်ထားတဲ့ ငွေကြေးကလွဲပြီး မကောက်နဲ့နော်။ အရပ်က တစ်မျိုး မြင်နေမယ်”


“သမီး သိပါတယ် ဆရာကြီးရယ် ... ဒါကြောင့်လည်း သမီးက ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိုက်ပြီး သင်မှာပါ"


“ငါ့တပည့် စိတ်ဓာတ်ကို လေးစားပါတယ်။ ပိုက်ဆံကို ပြန်ယူသွား။ ဆရာ ဝယ်ခဲ့ပေးမယ်”


“မလုပ်ပါနဲ့ ဆရာကြီးရယ် ... ယူသွားပါ”


“ခင်လေး ... သမီးစေတနာကို ဆရာအသိအမှတ်ပြုပါတယ်။ တို့ဆရာတွေဘဝမှာ ပီတိပဲရှိကြတာ။ သမီး ပီတိကို မျှဝေယူတယ်လို့ သဘောထားပါ ဟုတ်လား။ ကဲ ညဉ့်နက်နေပြီ။ ပြန်ကြတော့။ အေးမြိုင်နဲ့ ခင်လှ”


“ရှင်ဆရာကြီး”


“ဆရာမလေးကို ဂရုစိုက်ကြားလား”


“ဟုတ်ကဲ့ပါဆရာကြီး”


“ဆရာကြီး”


“ဘာလဲ ခင်လေး”


“သမီးတို့ ဆရာကြီး အိမ်ကို လာရင်းနဲ့ လမ်းမှာ သမီး လက်နှိပ်မီးက ပျက်သွားလို့”


“အဲဒီတော့”


“သမီးကို ဖယောင်းတိုင်လေး တစ်တိုင်လောက်”


“အေးကွယ် ဆရာ့ ဓာတ်မီးကလည်း ပေးလိုက်လို့ မဖြစ်ဘူး။ ဆရာလည်း မနက် အစောကြီး ထသွားရမှာ ဆိုတော့ ဓာတ်မီးလိုတယ်”


“ဆရာကြီး”


“ဘာလဲကွ”


“ဟိုလေ ဓာတ်မီးမရှိတော့ ရွာလယ်က ညောင်ပင်ကြီးအောက်ကို ဖြတ်ရမှာ ...”


“ခင်လေး ဘာဖြစ်လဲ ... ကြောက်နေတာလား ... ဘာကိုကြောက်တာလဲ”


“ဘာမှ မဟုတ်ပါဘူးဆရာကြီးရယ်”


“ခင်လေး ... ကိုယ့်ကိုယ်ကိုယ် ပြန်မေး ... ငါက ဆရာတစ်ယောက်။ ညည်း ဦးဆောင်ပြီးခေါ်လာတဲ့ ကျောင်းသားတွေရှေ့မှာ ကိုယ်တိုင်က ကြောက်ပြနေရင် ကလေးတွေကို ဘယ်လို မကြောက်တရားသင်မလဲ။ ကိုယ်တိုင်က စံပြဖြစ်နေရမှာပေါ့။ ရှေ့ဆောင်လမ်းပြ လုပ်ရမယ့်လူက ရင်ဆိုင်နည်းကိုသင်။ ကြောက်ပြမနေနဲ့”


ဆရာကြီးက ဘုရားစင်ပေါ်မှ ဖယောင်းတိုင် တစ်တိုင်ကို သွားထယူပေးသည်။


“ကဲပြန်ကြတော့”


ဆရာကြီးက သူတို့ သုံးယောက်ကို ခြံဝအထိ လိုက်ပို့သည်။ ခင်လေး လက်ထဲကို ဖယောင်းတိုင် ထည့်သည်။ 


“ဆရာကြီး မီးထွန်းပေးဦးလေ”


“ဪ ဟုတ်သားပဲ”


“ဆရာကြီးက တိုက်ပုံအင်္ကျီအိတ်ထဲက မီးခြစ်ကို ထုတ်လိုက်ပြီး ဖယောင်းတိုင်ကို မီးထွန်းပေးလိုက်သည်။


ခင်လေးက ဖယောင်းတိုင်မီးကို လက်လေးနှင့်ကာပြီး ပြန်လှည့်ထွက်မည်အပြုတွင်


“ခင်လေးလာဦး”


“ဆရာကြီး ဘာဖြစ်လို့လဲရှင့်”


ဆရာကြီးက ခင်လေး လက်ထဲမှ ဖယောင်းတိုင်မီးကို မှုတ်လိုက်သည်။


“ဟင် ... ဆရာကြီး ဘာဖြစ်လို့လဲ”


“ခင်လေး ... ဖယောင်းတိုင်ကို ဒီအတိုင်း ကိုင်သွားရင် လေတိုက်ပြီး ငြိမ်းသွားမှာပဲ။ အဲဒီ အချိန်ကျရင် သမီးတို့ ဒီကို တစ်ခေါက် ပြန်လာရလိမ့်မယ်။ ခုကတည်းက အမှောင်ထဲမှာ ကျင့်သားရအောင်လုပ်ပြီး ... သွားတတ်အောင် သွားရမယ်။ ဟောဒီရွာလမ်းကို သမီး အခေါက်ပေါင်းများစွာ လျှောက်ဖူးတယ်။ သမီး မျက်စိက မမြင်ပေမယ့် သမီးခြေမျက်စိတွေက ဘယ်နေရာမှာ ဘာဆိုတာ အလိုလိုသိနေတယ်။ ဒီအတိုင်း သွားပါ။ ဖယောင်းတိုင်ကို အားမကိုးနဲ့။ ဒီရွာမှာ မြွေဆိုးလည်း မရှိဘူး။ စိုးရိမ်စရာ မရှိဘူး။ သမီးတို့ သုံးယောက် အမှောင်ထဲကို ဖြတ်ရဲအောင်ဖြတ်။ အလေ့အကျင့်ရအောင်လုပ်။ ဖယောင်းတိုင်ကို အားမကိုးနဲ့”


“ဟုတ်ကဲ့ပါဆရာကြီး”


သူတို့က ဆရာကြီးရှေ့မှ ထွက်သွားကြသည်။ သို့သော် တပည့်တွေကို စိတ်မချသဖြင့် ဆရာကြီးက ဓာတ်မီးနှင့် ထိုးကြည့် သေးသည်။ သူတို့ တည်ငြိမ်စွာ အမှောင်ထဲကို တိုးဝင်သွားကြသည်။


ဆရာကြီးက ဓာတ်မီးကို ပိတ်လိုက်သည်။


တင်ညွန့်


၁၈.၅.၂၀၂၃