အမေကိုး

 အမေကိုး

---------

ကျွန်တော့်ကျောင်း ရုံးခန်းက လှမ်းကြည့်လိုက်လျှင် လယ်ကွင်းများဆီသို့သွားသော လမ်းကလေးရှိသည်။ လမ်းကလေးဆိုသော်လည်း ခြေဖဝါးနှစ်ပြားစာလောက်သာဖြစ်သည်။ လယ်ကွင်းများကို ဖြတ်ဖောက် ထားသော ကန်သင်းရိုးလမ်းလေးဟု ဆိုနိုင်သည်။


တစ်နေ့ ပြတင်းပေါက်မှ အဝေးကို ငေးနေသော ကျွန်တော့်အား


“ဆရာ ကျောင်းကို အစောကြီးရောက်နေသလား”


ကျွန်တော့်ကို နှုတ်ဆက်နေသူမှာ ကိုချစ်သန်းဖြစ်သည်။


“ဆရာကြီး နေကောင်းတယ်နော်”


ဒုတိယနှုတ်ဆက်သူမှာ ကိုချစ်သန်းအမေ။


“ကောင်းပါတယ်ခင်ဗျာ … သွားကြပြီလား”


“ဟုတ်ကဲ့ဆရာကြီး”


ကိုချစ်သန်းက သူ့မိခင်ကြီးကို ကျောပိုးထားသည်။ ကျောပိုးထားပုံမှာ နောက်က ပုဆိုးသိုင်းကာ ပတ်ပြီး ကျောပိုးထားခြင်း ဖြစ်ပါသည်။


ကိုချစ်သန်းမိခင်ကြီးမှာ ဇာတိကရင်ပြည်နယ်ရွာလေးတစ်ရွာကဖြစ်သည်။ တောထဲတွင် ဟင်းရွက်သွားရှာစဉ် မိုင်းထိကာ ခြေတစ်ဖက်ပြတ်သွားရှာသူဖြစ်သည်။ ကိုချစ်သန်း၏ ဖခင်နှင့် အိမ်ထောင်ကျပြီး ဤရွာကို ပြောင်းလာကြသည်။ ခြေတစ်ဖက်မရှိသဖြင့် ချိုင်းထောက်နှင့် သွားရသော်လည်း ကန်သင်းရိုးတွေက ရွှံ့တွေနှင့် ဖြစ်နေသောကြောင့် မိုးတွင်း၌ ချိုင်းထောက်နှင့် မသွားနိုင်။ သို့ဖြစ်ရာ မိုးတွင်းကာလဆိုလျှင် ကိုချစ်သန်းက သူ့မိခင်ကြီးကို ကျောပိုးပြီး လယ်တဲကို ခေါ်သွားလေ့ရှိသည်။


ကျွန်တော်က ကြုံသည့်အခါတွင် ကိုချစ်သန်းကို မေးကြည့်မိသည်


“ကိုချစ်သန်းရယ် … အမေ့ကို ရွာထဲက အိမ်မှာ ထားခဲ့ရောပေါ့”


“စိတ်မချဘူးဆရာ … အမေက ခြေတစ်ဖက်ပြတ်နေတယ်ဆိုပေမယ့် ကျန်တဲ့ တစ်ဖက်ကလည်း သိပ်ပြီးတော့ သန်တာမဟုတ်ဘူး”


“လယ်တဲရောက်တော့ရော ခင်ဗျားအမေက ဘာလုပ်နိုင်လို့လဲ”


“အမေက ထမင်းဟင်းချက်ပေးတယ်လေ”


“အိမ်ကချက်ယူသွားရောပေါ့ဗျာ”


“ဆရာရယ် … အမေ့ကို တစ်ယောက်တည်း ထားခဲ့ရမှာကို စိတ်မချလို့ခင်ဗျ”


ကိုချစ်သန်းသည် သူ့မိခင်ကြီးကို နေ့တိုင်း ကျောပိုးကာ လယ်တဲကို သွားလိုက်ပြန်လိုက်လုပ်သည်။


“လယ်တဲမှာပဲ နေပါလားဗျ”


“ညဆို အေးတယ်ဆရာ … အမေနေမကောင်းဖြစ်လိမ့်မယ်”


အမှန်တော့ ကိုချစ်သန်းနှင့် သူ့မိခင်ကြီးမှာ အလွန်ချစ်ကြသည်။ ယခုတိုင် အသက် ၄၀ ကျော်သော်လည်း အိမ်ထောင်မပြုသေးသည်ကိုကြည့်ပြီး သူတို့ သားအမိနှစ်ယောက် သံယောဇဉ်ကို ခန့်မှန်းနိုင်ပါသည်။ အမေကလည်း သားလူပျိုကြီးကို အရိပ်တကြည့်ကြည့်၊ သားဖြစ်သူကလည်း အမေကို မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်ကြသည်ဟု ဆိုရမည်။


“ကိုချစ်သန်းရယ် … မိန်းမယူလိုက်ရင် ပြီးတာပဲ … ချွေးမက ခင်ဗျားအမေကို စောင့်ရှောက်မှာပေါ့”


“မဖြစ်နိုင်ပါဘူး ဆရာရယ် … တော်ကြာချွေးမက စောင့်ရှောက်တဲ့ ချွေးမ, မဟုတ်ဘဲ … ဆဲဆိုနေမှ အမေ စိတ်ဆင်းရဲနေပါ့မယ်”


“ဒါဆိုရင် ခင်ဗျားအိမ်ထောင်မပြုတော့ဘူးပေါ့”


“အမေကပြောပါတယ် … အိမ်ထောင်ပြုဖို့ပေါ့ … ကျွန်တော်ချစ်သလို အမေ့ကို ချစ်နိုင်မယ့် မိန်းမမျိုး မရှိနိုင် ဘူးထင်လို့ပါဆရာရယ်”


ကိုချစ်သန်းမှာ ဆင်းဆင်းရဲရဲမဟုတ်။ လယ်ဧကများစွာရှိသည်။ နွားတွေလည်းရှိသည်။ ချမ်းသာသည့် အဆင့်တွင် ရှိသဖြင့် သူ့ကို စပ်ဟပ်သောသူတွေ များသော်လည်း ငြင်းလိုက်သည်ကများသည်။ 


မိန်းမယူလိုက်လျှင် သူ့အမေနှင့် ဇနီးဖြစ်သူတို့ အဆင်မပြေမည်ကို စိုးရိမ်ပြီး သားအမိ သံယောဇဉ်ကြိုးကို ခိုင်စွာ တွဲထားသူဖြစ်သည်။ 


လူပျိုကြီး ကိုချစ်သန်းမှာ သူ့အမေကို ကျောပိုးပြီး လယ်ကွင်းထဲ ခေါ်သွားနေရသည်ကိုပင် သားသမီးတို့၏ ပြုကျင့်ဖွယ် တာဝန်တစ်ရပ်အား ထမ်းဆောင်နေသည့်အလား ကျေနပ်နေသူ။ သူတော့မသိ၊ ဘေးက ကြည့်နေရသူတွေပင် ပီတိဖြစ်သည်။


တစ်နေ့တွင် ကိုချစ်သန်းသည် ကျွန်တော့် ကျောင်းထဲ၌ စိုက်ပျိုးထားသောသီးနှံပင်များအတွက် နွားချေး တစ်လှည်း လာချပေးသည်။


“ကိုချစ်သန်းရေ … အမေကြီးရော”


“အမေက အိမ်တောင်ရောက်နေပြီဆရာ … ဆရာ့ကို အိမ်ရောက်မှ နွားချေးလာချပေးတာ”


“ကိုချစ်သန်းလည်း ခင်ဗျားအမေကို အတော်ချစ်တယ်နော်”


“ချစ်တာပေါ့ဆရာကြီးရယ်”


“ကျွန်တော်တစ်ခုလောက် မေးပါရစေ”


“ဘာများလဲဆရာ”


“ခင်ဗျား အမေကို ကျောပိုးပြီးတော့ နေ့တိုင်း အသွားနှစ်မိုင် အပြန်နှစ်မိုင်လောက် လျှောက်နေရတာ မလေးဘူးလားဗျာ”


“မလေးပါဘူးဆရာရယ်”


“ကျွန်တော်ဆိုရင် တစ်မိုင်တောင် ပိုးနိုင်မယ်မထင်ဘူး”


“အင်း … ဆရာ့အမေက ဆရာကျောပိုးဖို့ မလိုလို့ ဖြစ်မှာပေါ့”


“ဒါလည်း ဟုတ်တာပဲ … ဒါနဲ့ ခင်ဗျားက သိပ်လည်း ဗလအတောင့်ကြီး မဟုတ်ပါဘူး … ခင်ဗျား အမေကို ကျောပိုးသွားတာများ ပေါ့ပါးလို့နော်”


“အမေကိုးဗျ ဆရာရ”


သူ၏ “အမေကိုးဗျ” ဆိုသည့် စကားတစ်ခွန်းတည်းနှင့်ပင် သူ့ကို ကျွန်တော် ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်ရပါသည်။ 


အင်းလေ ဟုတ်တာပဲ


“အမေကိုး”


တင်ညွန့်


၁၄.၁၁.၂၀၂၁