သူ့အကြောင်းနဲ့သူ(စ/ဆုံး)

 သူ့အကြောင်းနဲ့သူ(စ/ဆုံး)

——————-
ဒေါ်ကျည်းတန် ဆုံးပြီဆိုသည့်သတင်းကြားကြားချင်း ရပ်ကွက်ထဲက လူကြီးပိုင်းက သတင်းမေး ရောက်လာကြ သည်။ ဒေါ်ကျည်းတန်ကိုးကွယ်သည့် ဘာသာရေးအသင်းအဖွဲ့တွေကလည်း ရောက်လာကြသည်။ ယခင်က တိတ်ဆိတ် နေသော အိမ်ကြီးမှာ မီးတွေလင်းထိန်လာသည်။ လူတွေစည်ကားလာသည်။

သူတို့ဘာသာထုံးစံအရ အလောင်းကိုလာပြီးပြင်ဆင်ကြသည်။ ထို့နောက် အလောင်းကို ဘုရားရှိခိုးကျောင်းကို သယ်သွားကြသည်။ ကွယ်လွန်သူ ဒေါ်ကျည်းတန်၏ ဆန္ဒအရ မနက်ဖြန်တွင် သင်္ဂြိုဟ်ခြင်းအမှုကို ပြုကြမည် ဖြစ်သည်။

အသုဘအခမ်းအနားတွင် အပျော်ရွှင်ဆုံးလိုဖြစ်နေသည်မှာ ခင်မောင်သန်းဖြစ်သည်။ သူက ဒေါ်ကျည်းတန်၏ တစ်ဦးတည်းသော အမွေဆက်ခံမည့် မြေးတစ်ဦးဖြစ်သည်။ ဒေါ်ကျည်းတန်တွင် သမီးတစ်ဦးတည်းသာရှိသည်။ ထိုသမီးကလည်း လွန်ခဲ့သော ၅ နှစ်ခန့်က ယဉ်မတော်တဆမှုဖြင့် သေသွားသည်။ ထိုသမီးတွင်လည်း သားတစ်ဦးသာရှိပြီး ခင်မောင်သန်းဖြစ်သည်။ ခင်မောင်သန်းက ဖခင်ဖြစ်သူနှင့်အတူနေသည်။ သူ့ဖခင် ကလည်း လေဖြတ်ပြီး အိပ်ရာထဲ လဲနေသည်။

“ကျွန်တော်အဘွားအိမ်ကြီးကို ရတော့မှာဗျ။ အဲဒီအိမ်ကြီးက ကာလပေါက်ဈေးနဲ့ဆိုရင် သိန်းသောင်းနဲ့ချီ တန်တာ။ ကဲ ဘာတတ်နိုင်သေးလဲ။ အဘွားကြီး အသက်ရှင်နေတုန်းက ကျွန်တော်တို့မိသားစုကို သူ့အိမ်ထဲ လာခိုင်းတာတောင်မဟုတ်ဘူး။ ကဲ ခုတော့ ကျွန်တော်တို့ကို တားနိုင်ဦးမှာလား”

“မောင်ခင်မောင်သန်း အဲဒါတွေက ခုချိန်မှာ ထုတ်ပြေရမယ့်အချိန်မဟုတ်ဘူးကွယ်။ ဒီစကားမျိုးကို အသုဘ အိမ်မှာပြောတာ မင်းအဘွားကို ရက်စက်ရာကျပါတယ်”

“အဘွားကရော ကျွန်တော်တို့အပေါ် ကောင်းလို့လား။ ကျွန်တော့်အဖေနဲ့ သူ့သမီးယူလို့ဆိုပြီး အမွေဖြတ်ခဲ့ တာလေ။ ကျွန်တော့်အဖေကို အရက်သမားဆိုပြီး အဖက်တောင်မလုပ်ခဲ့တာ”

“ဘာဖြစ်ဖြစ်ပါကွာ … မင်းအဖေလည်း လေဖြတ်ထားလို့ အိပ်ရာထဲ လဲနေတာပါ။ ဒေါ်ကျည်းတန်က တို့ရပ်ကွက်ထဲမှာ စိတ်ကောင်းစေတနာထားတတ်သူတစ်ယောက်ဖြစ်လို့ လူတိုင်းလေးစားနေကြတာ။ သူ လှူဒါန်းထားတာတွေအများကြီးကွ။ ရပ်ကွက်ထဲက စာသင်ကျောင်းကိုလည်း လှူတာပဲ။ ဘုန်းကြီးကျောင်း လည်း သူလှူတာပဲ။ ဘယ်ဘာသာမှခွဲခြားတာလည်း မရှိဘူး။ သူ့မှာပိုင်ဆိုင်တာတွေကို လှူနေသူပါ”

“အဲဒီအဘွားကြီးက သူများအပေါ်သာ ကောင်းတာပါဗျာ။ သူ့သမီးနဲ့ ကျွန်တော်တို့အပေါ်တို့ ကောင်းတာ တစ်ကွက်မှ မရှိပါဘူး”

“မင်းတို့ကရော သူ့အပေါ် ကောင်းခဲ့လို့လား … ကိုယ်ချင်းစာမှပေါ့ကွ”

နောက်တစ်နေ့တွင် ဒေါ်ကျည်းတန်အသုဘကို အရပ်ထဲကရော သူ၏ဘာသာဝင်များကပါ စည်ကားစွာ လိုက်ပို့ပြီး ကောင်းမွန်စွာ သင်္ဂြိုဟ်ခဲ့ကြသည်။ ထိုနေ့ညမှာပင် အရပ်လူကြီးများကို ဖိတ်ခေါ်ပြီး ဒေါ်ကျည်းတန် အိမ်၌ ရှေ့နေက သေတမ်းစာအတည်ပြုဖတ်ကြားမည်ဆိုသောကြောင့် စိတ်ဝင်စားသူများ ရောက်လာကြ သည်။ ထိုအထဲတွင် ခင်မောင်သန်းက ထိပ်ဆုံးကဖြစ်သည်။

ရှေ့နေကြီး ဦးကောင်းလူက သေတမ်းစာကို ဖတ်ကြားသည်။

သေတမ်းစာပါ အချက်များအရ ခင်မောင်သန်းသည် ဤအိမ်ကြီးကို ပိုင်ဆိုင်ခွင့်မရပေ။ ထိုအိမ်ကြီးကို ဒေါ်ကျည်းတန်က မိဘမဲ့ဂေဟာအဖြစ်ဖွင့်လှစ်ရန်အတွက် အသင်းတော်ကို လွှဲပြောင်းပေးခဲ့သည်။ သူမသေမီ ကောင်းစွာ ပြုစုစောင့်ရှောက်ခဲ့သော အိမ်ဖော်ကလေးမ နော်အေးချမ်းကို သူပိုင်ဆိုင်သည့် ငွေ သိန်း ၁၀၀ ပေးခဲ့သည်။

ခင်မောင်သန်း ရူးမတတ်ဖြစ်သွားသည်။ သူဘာမျှ ပိုင်ဆိုင်ခွင့်မရသောကြောင့်ဖြစ်သည်။ သို့သော် ရှေ့နေကြီးက

“မောင်ခင်မောင်သန်းကို မင်းအဘွားက မသေခင် စာတစ်စောင်ရေးပေးခဲ့တယ်။ မင်းကို သူသေမှ ပေးပါလို့ ပြောခဲ့တယ်။ ရော့ဒီမှာ ဖတ်ကြည့်ပါ”

ကော်ကပ်ပြီး ပိတ်ထားသည့် စာအိတ်တစ်အိတ်ကို ရှေ့နေကြီးက ခင်မောင်သန်းလက်သို့ ပေးလိုက်သည်။

ခင်မောင်သန်းက တုန်ရီသောလက်များဖြင့် စာအိတ်ကို ဖောက်ကြည့်လိုက်သည်။

စာဖတ်ပြီးနောက်

“ဘာတွေလဲ … အဓိပ္ပာယ်မရှိဘူး … အဘွားကြီး ရူးနေတာ” ဟုအော်ကာ စာကို လွှင့်ပစ်လိုက်သည်။

ထိုစာထဲတွင်

မြေးခင်မောင်သန်း သိစေရန်

မင်းအဖေကို သင်္ဂြိုဟ်ဖို့ ငွေ ၅ သိန်း ဗီရိုအပေါ်ဆုံးထပ်ထဲက သေတ္တာထဲမှာထားခဲ့တယ်။

ငါ့ချိုင်းထောက်ကို အမွေအဖြစ်ပေးခဲ့တယ်။

မင်းတစ်နေ့ လိုလာမှာပါ။ မင်းတို့နဲ့ထိုက်တန်တာကိုပဲ ငါပေးခဲ့တယ်။

မင်းတို့ပြုခဲ့တဲ့အတိုင်း မင်းတို့ခံရမယ်။

ကျည်းတန်

အိမ်ဖော်မလေးက ဗီရိုထဲမှ ငွေ ၅ သိန်းကို ယူလာပြီး ခင်မောင်သန်းကို ပေးသည်။ ထို့နောက် ဒေါ်ကျည်းတန် မကွယ်လွန်မီက အသုံးပြုခဲ့သည့် ချိုင်းထောက်တစ်စုံကိုလည်း သူ့လက်ထဲ လာထည့်သည်။

“ငါက ဒါတွေကို ဘာလုပ်ရမှာလဲ” ဆိုကာ ချိုင်းထောက်တွေကို လွှင့်ပစ်လိုက်သည်။

“အဘွားကြီး ရူးနေတာ … သူရူးနေလို့ ကျွန်တော့်ကို အမွေတွေ မပေးခဲ့တာ။ အဲဒီသေတမ်းစာ အဓိပ္ပာယ် မရှိဘူး”

“ဒီမှာ မောင်ရင် အဲဒီ သေတမ်းစာရေးတုန်းက သက်သေအဖြစ် ဟောဒီမှာ ထိုင်နေတဲ့ လူကြီးမင်းတွေ အားလုံး ပါတယ်။ သူတို့ရှေ့မှာ သေတမ်းစာကို ရေးတယ်။ ဖတ်ပြတယ်။ လက်မှတ်ထိုးခဲ့ကြတယ်”

“အဲဒီသေတမ်းစာကို လက်မခံဘူး။ ကျုပ်တရားရုံးမှာရင်ဆိုင်မယ်”

ခင်မောင်သန်းသည် ဒေါနှင့်မောနှင့်ပြောကာ ထွက်သွားသည်။ သူတို့အားလုံး အပေါ်ထပ်ဧည့်ခန်းတွင် စကား ပြောနေခြင်းဖြစ်ရာ ခင်မောင်သန်းက လှေကားနားအရောက်တွင် ခင်းထားသော ကော်ဇောကိုခလုတ်တိုက်ပြီး လှေကားအောက်ကို လိမ့်ကျသွားသည်။

အားလုံး လှေကားအောက်ကို ပြေးလိုက်ကြသည်။

“ခင်မောင်သန်း … ခင်မောင်သန်း”

“ဘာဖြစ်သွားသေးလဲ”

“အား … အား … ကျွန်တော့်ခြေထောက်တွေ ထောက်လို့မရတော့ဘူး … လုပ်ကြပါဦး”

ထိုအချိန်တွင် အိမ်ဖော်မလေး နော်အေးချမ်းက ခင်မောင်သန်း လွှင့်ပစ်ထားသည့် ချိုင်းထောက်ကိုယူကာ အိမ်ပေါ်က တစ်လှမ်းချင်း ဆင်းလာသည်။

ထိုအချိန်တွင်ပင် ခင်မောင်သန်းအဖေသည် အိမ်တွင်သေဆုံးသည်။

တင်ညွန့်

၂၂.၁၂.၂၀၂၅