ပြိုင်ဘက် (စ/ဆုံး)

————-

ဒီနေ့ယဥ်မေအရမ်းပျော်တယ်။

ဘာလို့လည်းဆို ကိုမြင့်မိုးဆွေ ယဥ်မေ့ကိုချစ်ရေးဆိုတဲ့နေ့ဖြစ်လို့ပါ။

ယဥ်မေပျော်တယ်ဆိုတာ သူများပျော်တဲ့အပျော်တွေထက် အပုံကြီးသာပါတယ်။

ဟိုမိန်းမလေ…………ဟိုမိန်းမပေါ့။

ရှင်းပြရဦးမယ်……….အစကနေ။

ယဥ်မေတို့ငါးတန်းနှစ်မှာ ဟိုမိန်းမ အောင်ဆန်းဝါ ဆိုတဲ့သူကျောင်းပြောင်းလာတာကစလို့။

သူငယ်တန်းကနေငါးတန်းနှစ်အထိ ယဥ်မေသာတစ်ကျောင်းလုံး ပထမ။

အောင်ဆန်းဝါ ပြောင်းလာလိုက်ပြီးကထည်းက ပထမနေရာကို ဖယ်ပေးလိုက်ရတာကစပြီး ယဥ်မေရဲ့ အမုန်းမီးတောက် အစပျိုးခဲ့တာပေါ့။

ယဥ်မေ့လောက်မလှ။ ပြောမယ်ဆိုယဥ်မေ့ခြေဖျားမမှီ။ မလှတဲ့အပြင် ပုံကတုံးသေး။ တောသူမရုပ်။ ဘယ်မှာလည်းလှတာ။ အသားကမဲ ခြေသလုံးကတုတ် မျက်လုံးကပြူး နှုတ်ခမ်းကထူ ဝတ်လိုက်ရင် ထမီကိုလုံးဝတ်တတ်တော့ ဗိုက်ကပူ ထမီကတို။

သူ့အမေက စျေးထိပ်မှာ အကြော်ရောင်းတဲ့အကြော်သည်မ။ အဖေကပျံကျအလုပ်သမား။ အိပ်သာတွင်းတူးရင် သူ့အဖေသွားခေါ် သူ့အဖေကလိုက်တူးပေးတဲ့အလုပ်သမား။ ဟင်း……ဘယ်မှာလည်း အထင်ကြီးစရာ။

ယဥ်မေ့အဖေက ဦးစီးအရာရှိ။ ယဥ်မေပူဆာသမျှ လိုတရအောင်ဖြည့်ပေးသူ။ အမေကလည်း တစ်ဦးထည်းသောသမီးမို့ ဖူးဖူးမှုတ် အလိုလိုက်။

ရုပ်ကလည်း ကိုယ့်ကိုယ်ကိုယ်မို့ ပြောတာမဟုတ် ဖြူဥနေတဲ့အသား ဝတ်လိုက်တိုင်း ထင်ထင်ရှားရှား တောက်တောက်ပပ ပေါ်ပေါ်လွင်လွင်နဲ့ လှလှပပ။
နှာတံပေါ်ပေါ် နှုတ်ခမ်းပါးပါး မျက်ဝန်းကျယ် မျက်ဆန်ညိုလေးမို့ အင်္ဂလိပ်ကပြားမလေး စတိုင်။

တစ်ကျောင်းလုံးက အရာရှိသမီး အလှပဂေး ရုပ်ရှိငွေလျှံမို့ ကိုယ့်ဆို အလွန်ရှိန်ကြတာ။

ဟိုမိန်းမရောက်လာတော့ ကိုယ့်ဆို ခပ်လန့်လန့် ခပ်ရှိန်ရှိန် သမားတွေက “အောင်ဆန်းဝါ” “အောင်ဆန်းဝါ” နဲ့ ဒီမိန်းမကို ခင်နေကြတာ ကြည့်မရပေါင်။

ကိုယ့်ထက်ဘယ်နေရာများသာနေလို့လဲ။

ဆရာမလာရင် ဆွဲခြင်း ပြေးထွက်ဆွဲပေးရတာနဲ့ ဘောဖျက်ပေးရတာနဲ့ ။ နေ့စဥ် ခရေပန်းကုံး စပယ်ပန်းကုံး ပေးပြီး ဆရာမကို ကပ်ဖားနေတာ အသိသာကြီး။

ဒါ့ကြောင့် ပထမရတာနေမှာပေါ့။

ယဥ်မေကတော့ သူ့လို မဖားနိုင်ပေါင်။

ကြည့်နေ……..ဆယ်တန်းနှစ်ရောက်လာလို့ကတော့ ဒီမိန်းမ အပြတ်အသတ် ကျန်နေခဲ့မှာ။

အခန်း(၂)

အောင်ဆန်းဝါဆိုတဲ့မိန်းမ ယဥ်မေ့ကို မျက်နှာလုပ်သေးတာ။ ယဥ်မေကတော့ အလုပ်မခံ။ ဒီမိန်းမပြုံးပြရင် မျက်နှာလွှဲကိုပြစ်တာ။ အေးရောမလား။

ရှစ်တန်းနှစ်ရောက်တော့ အပြင်မထွက်ချင်ကြတဲ့ အပျိုပေါက်မလေးတွေ မုန့်စျေးတန်း ဝယ်စရာရှိရင် အောင်ဆန်းဝါကိုပဲ ခိုင်းကြတာ။

သူ့ကိုခိုင်းလို့ကောင်းလို့ ခင်ကြတာကို အဟုတ်မှတ်နေတဲ့ အောင်ဆန်းဝါ။

ယဥ်မေလည်း ဝယ်စရာရှိ အောင်ဆန်းဝါ ကိုဝယ်ခိုင်းတယ်။
ပိုက်ဆံလေးဘာလေး ပိုပေးပြစ်လိုက်တယ်။
ပိုပေးတော့မယူဘူး ဘာတဲ့ “ငါ သူငယ်ချင်းကို ခင်လို့ဝယ်ပေးတာ မယူပါဘူးဟယ်”တဲ့။
ဝယ်ပေးတဲ့အတွက်တော့ မျက်နှာချို မသွေးနိုင်ပေါင်။
မယူနေပေါ့။ အ နေရင် ခံ လေ။
စိတ်ထဲပြောပြစ်လိုက်တယ် “နင့်လို အဆင့်ကို ငါက ဘာလို့ခင်ရမှာလဲ”လို့။

မဖြစ်ချင်တော့လည်း ဆယ်တန်းနှစ်အထိ အောင်ဆန်းဝါနဲ့ယဥ်မေ တစ်ခန်းထဲအတူတူ။

ဆယ်တန်းမှာတော့ ကိုမြင့်မိုးဆွေဆိုတဲ့ မြို့နယ်မှုးသား ကျောင်းပြောင်းနဲ့ရောက်လာပြီး ယဥ်မေတို့နဲ့ တစ်ခန်းထည်း။ မြီးကောင်ပေါက်မလေးတွေ ပါးစပ်ဖျား.”ကိုမြင့်မိုးဆွေ” ဆိုတာ ရေပန်းအစားဆုံး။

ကိုမြင့်မိုးဆွေဆိုတာ နာမည်နဲ့လိုက်အောင် အရပ်မြင့်မြင့်မားမား သန့်သန့်ပြန့်ပြန့်နေတတ်သူ။ ခြေထောက်တွေလက်တွေကအစ သန့်ပြန့်နေတာ။ နှုတ်ခမ်းလေးများဆို သဘာဝနီရဲနေတာ။

ယဥ်မေ ခိုးခိုးကြည့်ပြီး ရင်ခုန်လိုက်တာဆိုတာလေ။

အောင်ဆန်းဝါဆိုတဲ့ ဟိုမိန်းမလား ဘယ်နေလိမ့်မလဲ သူလည်း ကိုမြင့်မိုးဆွေကို ခိုးပြီးငေးကြည့်နေတာ မြွေ မြွေချင်း ခြေမြင်တာပေါ့။

ယဥ်မေ့မှာ ရယ်ချင်ပက်ကျိ။ သူလိုအဆင့်ကို ဟိုကဘယ်ကြိုက်လိမ့်မလဲနော်။

အခန်း(၃)

ယဥ်မေတို့ ဆယ်တန်းဖြေခါနီးတစ်နေ့မှာတော့…….

ကိုမြင့်မိုးဆွေနဲ့အောင်ဆန်းဝါ ယဥ်မေတို့လမ်းထိပ်နားမှာ စကားရပ်ပြောနေတာ တွေ့မိလိုက်ပါတယ်။ နှစ်ယောက်စလုံး မရိုးသားဘူးဆိုတာ တန်းသိတာပေါ့။ အောင်ဆန်းဝါမျက်နှာက ရှက်သွေးလွှမ်းနေတဲ့ပုံ။ ကိုမြင့်မိုးဆွေကတော့ အောင်ဆန်းဝါ မျက်နှာကို မျက်တောင်မခတ်ကြည့်ပြီး စကားတွေ ပြောနေတာ ပတ်ဝန်းကျင်ကိုတောင် ရှက်ရကောင်းမှန်းမသိကြတော့တာလား။

ဘယ်နေမလဲ ယဥ်မေဆိုတဲ့ကျွန်မ သူ့အမေအကြော်ဆိုင်သွား အကြော်ဝယ်ရင်း အတို့အထောင်လုပ် အချွန်နဲ့ မ လိုက်တာ သူ့အမေ အကြော်သည်မ သူ့သမီး အောင်ဆန်းဝါကို ဆံပင်ဆွဲ ပါးရိုက် အင်္ကျီဆွဲခေါ်သွားတာ။ သူ့အမေဆီကဝယ်လာတဲ့အကြော်တွေကိုတော့ လမ်းဘေးရေမြောင်းထဲလွှင့်ပစ်ခဲ့တာပေါ့။ဘာလို့စားရမလဲ ရွံစရာ။

အဲဒီနေ့ကစပြီး ကျောင်းကို အောင်ဆန်းဝါတစ်ယောက် ရောက်မလာတော့ပါဘူး။ ယဥ်မေအကြံပိုင်ချက်။ ဟီး…။

ငေးငေးငူငူဖြစ်နေတဲ့ ကိုမြင့်မိုးဆွေကို မသိမသာရော သိသိသာသာရော နှစ်သိမ့်ပေးခဲ့သူက ကျွန်မယဥ်မေလေ။ ယဥ်မေတို့ ငါးယောက်ဝိုင်းကျူရှင်မှာ ကိုမြင့်မိုးဆွေပါတယ်လေ။

သိတယ်မလား ဝိုင်းကတော့ ကျွန်မယဥ်မေတို့အိမ်မှာ။ ယဥ်မေ ကျွန်မက အောင်နိုင်သူကြီးပေါ့။ စာမေးပွဲကြီးဖြေတော့ အပျော်တွေနဲ့ဖြေရလို့လားမသိ ယဥ်မေ စာမေးပွဲအောင်တယ်။

ကိုမြင့်မိုးဆွေလဲ ယဥ်မေ့ကျေးဇူးနဲ့ ဆယ်တန်းအောင်ခဲ့တာပေါ့။ ကိုမြင့်မိုးဆွေ အောင်ဆန်းဝါ စိတ်တွေနဲ့ အသိလွတ် စာတွေမရ မလိုက်နိုင်တော့ ယဥ်မေပဲ တွဲယူဖေးမ စာမကျက် ကျက်ချင်အောင် အပြုစု အယုအယတွေနဲ့ ဆွဲခေါ်ထူမ ပေးခဲ့တာ ယဥ်မေလေ။

ယဥ်မေတော်တယ်မလား။ ဟင်း……ဟင်း။

အဲဒီမိန်းမ အောင်ဆန်းဝါ နားထားစမ်းပါ။

သူလေ အဲဒီမိန်းမ ဆယ်တန်းကျတာပေါ့။

သီလရှင်ဝတ်လိုက်တယ်လို့လည်းကြားရဲ့။

ယဥ်မေ့ကို လာမပြိုင်နဲ့။ ဒီမိန်းမအဆင့်လောက်နဲ့ တောက်ပါချပြစ်လိုက်တာ။ ဟာ…..ဟ။

အခန်း(၄)

ကိုမြင့်မိုးဆွေနဲ့ချစ်သူဖြစ်တော့ ယဥ်မေတို့ ဒုတိယနှစ်မှာ။

ယဥ်မေ့ မာယာစုံတောထဲမှာ ကိုမြင့်မိုးဆွေ ထောင်ချောက်မိခံရချိန်။

ကျောင်းမပြီးသေးပေမယ့် လက်ထပ်လိုက်ကြတယ်လေ။

သိတယ်မလား အဆင့်တူချင်း။

ရွှေကိုရွှေခြင်းထပ် မြတ်တယ်မဟုတ်လား။

စိန်နဲ့မြ နေနဲ့လ အနားရွှေကွပ်။ သာတယ်ဟုတ်။ လိုက်ဖက်တယ်ဟုတ်။

ဟိုမိန်းမအောင်ဆန်းဝါတစ်ယောက်တော့ သီလရှင်လူထွက်ပြီး ဆယ်တန်းပြန်ဖြေတယ်ကြားတယ်။

နောက်ပိုင်း ဂုဏ်ထူးနဲ့အောင်တယ်လို့ကြားပေမယ် ယဥ်မေ မဲ့ပြုံးပဲ ပြုံးမိပြန်ပါတယ်။

သူ့ချစ်ချစ်က ယဥ်မေ့လက်ထဲမှာ။

ဘာဂုဏ်ထူးတွေပဲရရ ယဥ်မေ့ကို လာယှဥ်လို့ မရတော့ဘူးပဲ။

အောင်ဆန်းဝါမိဘတွေက အိမ်နဲ့ခြံဝိုင်းရောင်းပြီး သူ့သမီးကို ဆေးကျောင်းထားပေးကြတယ်ဆိုပဲ။

နောက်ဆယ်နှစ်ကြိုးစားလိုက်ပါအုန်း ယဥ်မေ့ကို လှိက်မှီမလားလို့။

ယဥ်မေကလေးနှစ်ယောက်။ သားတစ်ယောက် သမီးတစ်ယောက်။

သားနဲ့သမီးကိုပြုစုပျိုးထောင်။ ယောက်ကျားကိုဖူးဖူးမှုတ်။

အရှာကောင်းတဲ့ယောက်ကျားနဲ့ လိမ္မာတဲ့သားနဲ့သမီး။ ပျော်စရာကောင်းတဲ့ ဘဝအခြေအနေ။

ဘာပူစရာလိုလဲ။

ဒီမိန်းမအောင်ဆန်းဝါ ကတော့ ဆရာဝန်မဖြစ်နေပေမယ် ကျောထောက်နောက်ခံမရှိ။ ဘာမရှိ ညာမရှိ။ အပျိုကြီး။

လမ်းမှာတွေ့လည်း ယဥ်မေ ခေါ်ခေါ်ပြောပြော နှုတ်မဆက်ပေါင်။

အောင်ဆန်းဝါကတော့ လမ်းမှာတွေ့ရင် (ကိုယ်အရင်မျက်နှာမလွဲမိရင်) ပြုံးပြရတာနဲ့ “အကူအညီလိုရင်ပြောပါ”လို့ဆိုသေး။

ဝေးသေး။

ယဥ်မေလိုမိန်းမက သူ့အကူအညီယူစရာကိုမလိုတာ။

ယောက်ကျားလုပ်သူ ကိုမြင့်မိုးဆွေကိုတော့ စိတ်တိုတယ်။ဒေါသထွက်တယ်။ ခံပြင်းမိတယ်။

အောင်ဆန်းဝါကိုမြင်တာနဲ့ မိန်းမတစ်ယောက်လုံးဘေးမှာထားပြီး တမေ့တမောငေးကြည့်နေတာလေ။

အဲဒီလိုအချ်ိန်ဆို ယဥ်မေ ကိုမြင့်မိုးဆွေကို ရန်လုပ်တော့တာပဲ။

ရန်စကားတွေပြောလဲ ကိုမြင့်မိုးဆွေက မကြားသလို မထုံတတေး။

ယဥ်မေပိုပြီးခံပြင်းမိတယ်။ အသဲဆတ်ဆတ်ခါနာတယ်။
ခုလိုဖြစ်လေ အဲဒီမိန်းမကို ပိုမုန်းမိလေပဲ။

ခံပြင်းလွန်းလို့ မုန်းလွန်းလို့ အဲဒီမိန်းမနဲ့ဝေးရာ မြို့တစ်မြို့ကို ပြောင်းခဲ့တာပေါ့။

ပြောင်းတဲ့မြို့မှာတော့ ရေခဲစက်ထောင်ထားတယ်။ ရင်းနှီးတဲ့ ကုမ္ပဏီတွေမှာ ရှယ်ရာ ဝင်တယ်။

ကိုမြင့်မိုးဆွေ ဟိုမိန်းမနဲ့မတွေ့ရတော့မှ ယဥ်မေစိတ်အေးရပြီ။

အခန်း(၅)

မိတ်သစ်ဆွေသစ်အပေါင်းအသင်းသစ်တွေတရုန်းရုန်းနဲ့အသားကျပျော်နေတဲ့ကိုမြင့်မိုးဆွေကိုကြည့်ပြီး ယဥ်မေပျော်ခဲ့ရပြီ။ နို့မို့ဆို…….။

အပျော်လွန်သွားတဲ့ ကိုမြင့်မိုးဆွေ အေအိုင်ဒီအက် ရောဂါတဲ့။

တောက်…..ဒါဟာ ဒါဟာ….ဒင်း ဟိုမိန်းမ အောင်ဆန်းဝါကြောင့်။

သူ့ကြောင့်ပြောင်းခဲ့ရလို့ဖြစ်တာ။

ကိုမြင့်မိုးဆွေက ဆေးတွေသောက်လို့သာ အသက်ရှင်နေပေမယ့် လူကမကျန်းမမာ အထိမခံရောဂါသည်။

သမီးငယ်ကအိမ်ထောင်ကျပြီး အဝေးမှာ။ယဥ်မေမှာ တီးတိုးဖော်မရှိတော့ တစ်ယောက်ထည်း ငေါင်စင်းစင်း။ ဒါ့ထက်ဆိုးတာက သမီးငယ် တခြားနိုင်ငံသူခံယူလိုက်လို့ ယဥ်မေ ဒေါသပုန်ထရပြန်ပြီလေ။

သားကတော့ ဆရာဝန်ဖြစ်လာပေမယ့် ဆေးစွဲနေလို့ကုရပြန်တာ။ ကုလိုက်ပြတ်လိုက် ဆေးပြန်စွဲလိုက်နဲ့ ဆေးသံသရာလည်။

ပျော်ခဲ့ရသမျှ အပူမီးခရတဲ့ယဥ်မေဘဝ။

အလုပ်ကအမြတ်အစွန်းနည်းလာလွန်းလို့ ပူရတဲ့အပူ။ရေခဲစက်ကို ပြန်ရောင်းရတော့မလား မသိတဲ့အခြေအနေ။ ခင်ပွန်းသည် ရောဂါသည်ကြီးရဲ့အပူ။ ခဏခဏ ဆေးဖြတ်နေရပြီး ဆေးမပြတ်ရှာတဲ့သားအပူ။

အို……ယဥ်မေဘဝ ခုတော့ ဘာပျော်စရာကောင်းသလဲ။

မတွေ့ချင်မမြင်ချင်လို့ရှောင်ပြေးခဲ့တဲ့ယဥ်မေ။

အောင်ဆန်းဝါတစ်ယောက် ယဥ်မေတို့မြို့မှာ ဆေးရုံအုပ်ကြီးဖြစ်လို့ လာဆုံပြန်တာ။

သားကြီးအတွက် စိတ်ရောဂါအထူးကုသွားပြတော့ ဆေးရုံအုပ်ကြီးဖြစ်နေတဲ့ အောင်ဆန်းဝါက ပျာပျာသလဲ ကူညီပေးတာ။

အေးချမ်းလှပနေတဲ့ ယဥ်စစ ညိုညိုချောချော အပျိုကြီးဆေးရုံအုပ်ဖြစ်သူ ဆရာဝန်မကြီးရဲ့ အပြုံးက ယဥ်မေတစ်ကိုယ်လုံးကို အားပြင်းပြင်းမီးတွေနဲ့ လောင်မြိုက်ခံလိုက်ရသလိုပါပဲ။

သားဆရာဝန်ရဲ့”ဟုတ်ကဲ့မမ” “ဟုတ်ကဲ့မမ”ဆိုတဲ့စကားသံက ယဥ်မေ့နှလုံးကို စူးချွန်တွေနဲ့ ထိုးနေတာပါပဲ။

ဒီမြင်ကွင်းတွေ ဒီအသံတွေ ဒီအပြုံးတွေ မမြင်ချင်ဘူး။ လုံးဝ မမြင်ချင်တော့ဘူး။ ရင်ထဲမှာအောင့်လိုက်တာ။

သူများချစ်ခြင်းဖြိုခွင်းခဲ့ပြီး မာယာအနှူးနဲ့အရယူခဲ့တယ်။

အတ္တကိုဘောင်ခတ် မာနကိုတံခွန်ထူ ဘာမှမသိရှာခဲ့တဲ့သူကို တစ်ဘဝလုံး ဣသာမစ္စရိယစိတ် မနာလိုစိတ်တွေနဲ့ မသိစိတ်ကနေ ရန်လုပ် တစ်ချိန်လုံး ပြိုင်ဘက်အဆင့် သတ်မှတ်ခဲ့တာ။

အောင်ဆန်းဝါကတော့ ခုထိသိမှာမဟုတ်။

အိမ်ရောက်တော့ လှုပ်ရှားနေတဲ့စိတ်အခံကို ငြိမ်သက်အောင် ဆေးလိပ်အသဲအသန်ရှာရပြန်ပါပြီ။

ဒီဆေးလိပ်ပေါ့။ ဒီဆေးလိပ်။

ကိုမြင့်မိုးဆွေ အေအိုင်ဒီအက် ရောဂါဖြစ်တယ်လို့ စသိပြီးကထဲက သောက်တတ်လာတဲ့ ဆေးလိပ်။

ဆေးလိပ်ကိုမီးညှိလိုက်ပြီး ရှိုက်ဖွာလို့ ထွက်လာခဲ့တဲ့ မီးခိုးငွေ့တွေကြားထဲက ဆေးလိပ်မီးတောက်ဟာ ဒေါသအနယ်တွေ အထပ်ထပ်နဲ့မို့ မီးကပို၍ တောက်လောင်လာသလို။

စံဌာနီထွန်း