ကလေးတို့ ဆရာမ (ဝတ္ထုတို)
မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးချစ် သည် ကျောင်းသို့ ယူသွားရမည့် ပစ္စည်းများကို ခြင်းထဲသို့ထည့်ရင်း စားပွဲပေါ်မှ နာရီကို လှမ်းကြည့် လိုက်သည်။
‘ဟော ခုနှစ်နာရီတောင် ထိုးပြီးပြီ။ သမီးရေ အိပ်ရာဘေးက မေမေ့မျက်မှန် ယူခဲ့စမ်းပါဟေ့"
ဒေါ်အေးချစ်၏ အသံက အလျင်စလိုဖြစ်၏။ ခင်ပွန်း ဖြစ်သူ ဦးဘငွေက ကော်ဖီတစ်ခွက်ကို အေးအေး ဆေးဆေးသောက်ရင်း ဒေါ်အေးချစ်ကို လှမ်းကြည့် လိုက်သည်။
ဒေါ်အေးချစ်က ခေါက်ထီးကိုယူ၍ ခြင်းထဲသို့ ထည့်လိုက်သည်။
“ဟဲ့ . . ငါ့ရေနွေးဓာတ်ဘူးလည်း မရောက်သေး ပါလား”
‘လာမယ် . . လာမယ် အစ်မရေ၊ ဒီမှာ ထည့် နေပြီ ’
နောက်ဖေး မီးဖိုထဲမှ မထွေးက လှမ်းအော် သည်။
‘ဪ... ညည်းတို့ဟာကလည်း၊ စောစော စီးစီးက ထည့်မထားကြဘဲကိုး၊ ခုနစ်နာရီခွဲလို့မှ ကျောင်း မရောက်ရင် ဟိုမှာ မင်းမဲ့တိုင်းပြည်ဖြစ်ပြီး ပြဿာနာ တွေက ရှုပ်ကုန်ဦးမယ်’
‘မင်းကြည့်ရတာ ပင်ပန်းလိုက်တာ မချစ်ရာ... တစ်နေ့တစ်နေ့ ပြေးကာ လွှားကာ၊ မတစ်ထောင် သားသမီးတွေနဲ့ အော်ကာဟစ်ကာ၊ စိတ်ရှုပ်စရာ။ လုပ်သက်လည်း အနှစ်သုံးဆယ် ပြည့်နေပြီပဲဟာ.. ပင်စင်ယူပါပြောတာလည်း မရဘူး’
ဦးဘငွေသည် ထိုင်နေရင်းမှ ဒေါ်အေးချစ် အတွက် မသက်မသာဖြစ်မိသည်။
ဒေါ်အေးချစ်သည် ပျာယာ ပျာယာ ရောက်လာ သော မထွေးထံမှ ဓာတ်ဘူးကိုယူ၍ ခြင်းထဲသို့ ကိုယ်တိုင်ထည့်သည်။
‘ကဲ... ကဲ... ကော်ဖီလာသောက်လှည့်ဦး၊ အေးကုန်တော့မယ်’
ဒေါ်အေးချစ်က နံရံပေါ်မှ သော့တွဲကို ဖြုတ်ယူ ၍ ခြင်းထဲမှ အိတ်ထဲသို့ သေသေချာချာထည့်၏။
လုပ်စရာအားလုံးပြီးပြီမို့ စားပွဲပေါ်မှ ကော်ဖီ ပန်းကန်လှမ်းယူလိုက်သည်။ ထိုင်ပင် မထိုင်နိုင်။ နည်းနည်းပင် အေးနေပြီဖြစ်သော ကော်ဖီကို ခပ် မြန်မြန်လေး သောက်လိုက်သည်။
‘ငါ့ဆိုင်မှာ ရောင်းကောင်းတဲ့နေ့ဆိုရင် မင်း တစ်လ အတွက်ရတဲ့လခဟာ ငါ့တစ်နေ့စာတောင် မမီဘူး’
ဒေါ်အေးချစ်သည် ကော်ဖီသောက်နေရင်းမှ ဦးဘငွေကို လှမ်းကြည့်လိုက်သည်။
‘မင်းလိုလည်း ပျာယီးပျာယာ မပြေးရဘူး၊ ကိုယ့်ဆိုင်ကိုယ်ကြိုက်တဲ့အချိန် သွားရုံပဲ၊ လုပ်ရတာ လည်း မပင်ပန်းဘူး၊ ဝယ်သူလာရင် ရောင်းလိုက်ရုံပဲ’
ဦးဘငွေပြောသည်ကို ကြားသော်လည်း ဒေါ်အေးချစ်ပြန်၍ မပြောအား ၊ ပြောခဲ့ပေါင်း၊ ငြင်းခဲ့ ပေါင်းလည်းများပြီ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိသည်။ ကိုယ့်အလုပ်ကို သူစိတ်မဝင်စားသလို သူ့အလုပ်ကိုလည်း ကိုယ်စိတ်မဝင်စား။ ကျောင်းဆရာမ အလုပ်သည် မချမ်းသာမှန်း၊ မကြီးပွားမှန်း အစ ကတည်းက သိပြီးသား။ သို့သော် ဤအလုပ်ကို လုပ်ရသည်မှာ ပျော်သည်၊ ကြည်နူးသည်။ မိမိ ကိုယ်ကို ကျေနပ်သည်။ ကျောင်းပိတ်ရက်တွင် ကိုယ်နာ ခေါင်းနာဖြစ်တတ်သော်လည်း ကျောင်း ဖွင့်၍ ကလေးတွေကြားမှာ အော်ကာ ဟစ်ကာ နေရလျှင် ဒေါ်အေးချစ်တို့ ကျန်းမာသည်။
ဝါသနာ၊ စေတနာ၊ အနစ်နာတွေပါသော်လည်း ကြီးကျယ်ရာကျမည်စိုး၍ ဒေါ်အေးချစ် မပြောလို။ သို့သော် ဒေါ်အေးချစ်ပြောရဲတာ တစ်ခုတော့ ရှိသည်။ ဤအလုပ် ဤဝန်းကျင်၏ ပျော်စရာ ကြည်နူးစရာကလေးများတွင် သာယာတတ်နေမိသည်ကတော့ အမှန်။
ကော်ဖီသောက်၍ပြီးသည်နှင့် ဒေါ်အေးချစ် ခြင်းကိုဆွဲလိုက်သည်။
‘ကဲ သွားမယ် ကိုဘငွေ’
ခုနစ်နာရီခွဲအမီ ကျောင်းသို့ရောက်ရန် ခပ် သုတ်သုတ် ထွက်သွားသည်။
‘သွား. . . သွား မစေတနာကြီး’
ဦးဘငွေက ခပ်ငေါ့ငေါ့ပြန်ပြောပြီး ရေနွေး ကြမ်းတစ်ခွက်ငှဲ့နေ၏။
သူ့အလုပ်မှာ ဈေးထဲတွင် အထည်ဆိုင်၊ ကိုယ်ပိုင်အလုပ်၊ ကိုယ်ကြိုက်သည့်အချိန်မှ သွား၍ ရသည်။
* * *
“မင်္ဂလာပါ ဆရာမကြီး’
ကျောင်းပေါက်ဝမှ စောင့်နေကြသော ကျောင်းသူလေးနှစ်ဦးနှင့် ကျောင်းသားလေး သုံးယောက်က လက်ပိုက်၍ ရိုရိုသေသေ နှုတ်ဆက်ကြသည်။
ယနေ့ တာဝန်ကျအသင်းမှ ကလေးများ ဖြစ် သည်။ သန့်ရှင်းရေးလုပ်ရန် စောစောရောက်နေ ကြခြင်းဖြစ်သည်။
လုံချည်စိမ်းနှင့် အင်္ကျီဖြူဆင်တူဝတ်ထား ကြသော ကလေးများကို မြင်ရရုံနှင့် ဆရာမကြီး ၏ရင်မှာ အေးမြလန်းဆန်းရပြီ၊
‘အေး... အေး. . . မင်္ဂလာပါ သားတို့ သမီး တို့၊ ဟဲ့ မောင်အောင်ငွေ၊ ရော့. . . တံခါးဖွင့်’
ဆရာမကြီးက သော့တွဲကို ထုတ်ပေးသည်။
မောင်အောင်ငွေ ခေါင်းကိုငုံ့၍ လက်နှစ်ဖက်ဖြင့်
ရိုရိုသေသေယူ၏။ ပြီးတော့ ဝင်းတံခါးသော့ကို ဖွင့်၏။
ကျောင်းသူလေးတစ်ဦးက ဆရာမကြီးလက်မှ ခြင်းကို ရိုရိုသေသေလှမ်း၍ ယူလိုက်သည်။
ဤဆက်ဆံမှုကလေးများ၏ အလှအပနှင့် ကြည်နူးစရာကောင်းပုံကို ကိုဘငွေတစ်ယောက် ခံစားတတ်မည်မဟုတ်ဟု တွေး၍ ဆရာမကြီး ပြုံးမိသည်။
မောင်အောင်ငွေက ဝင်းတံခါးဖွင့်ပြီး ကျောင်း တံခါးဆက်ဖွင့်သည်။ ပြီးတော့ ပြတင်းပေါက်တွေ ဖွင့်သူဖွင့်ဆရာမကြီး ရုံးခန်းကို ရှင်းသူရှင်း၊ ကျောင်း ထဲမှာ အမှိုက်လှည်းသူလှည်း လုပ်ရှာကြသည်။
ဆရာမကြီးလည်း ရုံးခန်းဖွင့်ပြီးကတည်းက မနားရ။ မနေ့က ဦးထုပ်မေ့ခဲ့သူ ဖိနပ်ကျန်ခဲ့သူ၊ လွယ်အိတ်ပျောက်နေသူ ထီးပျောက်နေသူတို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည် ငိုသူက ငိုလာသည်။ မိဘအချို့က လိုက်လာ၍ စွာကျယ်စွာကျယ် ပြောနေသည်။ ရုံးခန်းမှာ လက်ခံ သိမ်းဆည်းထားသမျှကို သူ့အရှင်နှင့် သူ့ဥစ္စာ မှန်ကန်အောင် ထုတ်ပေးရသည်။ ရသူများ စိတ်အေးသွား ကြပြီ။ မရသေးသူများအတွက် မေးရမြန်းရ ရှာဖွေ ပေးရသည်။ အချို့က ဘယ်မှာကျန်ခဲ့မှန်းပင်မသိ။
ပစ္စည်းပျောက်မှုများ ရှင်းသွားပြီ။
တဖြည်းဖြည်းနှင့် ကျောင်းထဲတွင် ကျောင်းသူ ကျောင်းသားတွေ များများလာပြီဖြစ်ကြောင်းကို အသံဖြင့် ဆရာမကြီးသိ၍ ပြေးကြလွှားကြ၊ အော်ကြ၊ ဟစ်ကြ၊ စကြ၊ နောက်ကြ ပြောင်ကြ ရန်ဖြစ်ကြ၊ ရယ်သူရယ်၍ ငိုသူငိုကြ။ နောက်ထပ် အမျိုးစုံသော အမှုများ ဆရာမကြီးထံသို့ ရောက်လာကြပြန်သည်။
‘အသက်တစ်ရာ မနေရသော်လည်း အမှုတစ်ရာ တွေ့ရသည်’ ဆိုသောစကားမှာ အချို့သော သူများ အတွက် မှန်ချင်မှ မှန်မည်။ ဆရာမကြီး ဒေါ်အေးချစ် အတွက်ကတော့ တစ်နေ့တည်းမှာပင် အမှုပေါင်း များစွာ။ ထို့ကြောင့် သင်ကြားရေးကိစ္စကို အသာ ထား၍ တရားသူကြီး လုပ်ရသည်။ ဤအမှုများသည် ရက်ချိန်းပေး၍ ရသည်မဟုတ်။ ခုထိုင် ခုစစ်၍ ခု အပြစ်ပေးရသည်။
ကလေးတစ်ယောက် ငို၍ဝင်လာသည်။ သူ့ ပါးစပ်မှာလည်း သွေးများ ပေနေသည်။
“ဟဲ့ ကလေး ... ဘာဖြစ်တာလဲ၊ လာစမ်း လာစမ်း၊ ပြောစမ်း”
‘ဟီး . . . အီး . . . ရွှေကြိုင်ရယ်၊ ချစ်ဦးရယ်၊ ဟာလီယာရယ် ဝိုင်းလုပ်ကြတယ်၊ ဟီး . . . အီး”
‘ဟုတ်လား၊ သွားခေါ်စမ်း . . . သွားခေါ်စမ်း၊ ဟဲ့ကလေး တွေ... ခေါ်ခဲ့ကြစမ်း”
‘ဟုတ်တယ် ဆရာမကြီး သူ့ကို တမင်သက်သက် အနိုင်ကျင့်တာ၊ ချစ်ဦးနဲ့ ဟာလီယာက ကိုင်ပေးပြီး ရွှေကြိုင်က လက်သီးနဲ့ ထိုးတယ် ဆရာမကြီး’
ကလေးတစ်ယောက်က မစစ်မေးရဘဲနှင့် သက်သေခံလာ၏။
မကြာမီပင် လူဆိုးကလေး သုံးယောက် ရောက်လာကြသည်။ ဆရာမကြီးက စစ်ဆေးသည်။ မှန်သည်၊ နှစ်ယောက်က ချုပ်ပေး၍ တစ်ယောက်က ထိုးသည်။ ဆရာမကြီး တော်တော်စိတ်ဆိုးသွားသည်။ အထိုး ခံရသောကလေးမှာ သူတို့ထက်ငယ်သည်။
‘ရွှေကြိုင် မင်း ဘာလို့ ထိုးရတာလဲ ပြောစမ်း’
‘သူက ကျွန်တော့်ကို မကြောက်ဘူးဆိုလို့’
‘ဘာကွ ...’
ဆရာမကြီး၏အသံက ဒေါသကြောင့် ကျယ်လောင်သွားသည်။
‘မင်းကို ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ ဟင် ...မင်းက ဘာကောင်မို့လဲ’
ရွှေကြိုင် မဖြေ။
‘မင်းက လူမိုက်လား၊ ဟင်... ဓားပြလား၊ လူဆိုး လား’
ဆရာမကြီး ဒေါသကြီးနေပြီကို သိ၍ ရွှေကြိုင် ခေါင်းငုံ့နေသည်။
‘ကိုယ့်ထက်ငယ်တဲ့ ကလေးကို မင်းက အနိုင်ကျင့်လို့ တယ်စွာတဲ့ကောင်ပါလား၊ မင်းကို ကျောင်းထုတ်ပစ်ရမလား’
ရွှေကြိုင်က ခေါင်းယမ်းပြသည်။
‘မင်း နောက် ဒါမျိုးလုပ်ဦးမလား ပြောစမ်း’
‘မလုပ်တော့ပါဘူး ဆရာမကြီး’
"မင်းထက်ကြီးတဲ့ ကျောင်းသားက မင်းကို ဒီလိုလုပ်ရင် ခံနိုင်မလား ဟင် . . .’
‘မခံနိုင်ပါဘူး ဆရာမကြီး'
‘မင်းမှာ အပြစ်ရှိသလား မရှိဘူးလား’
‘ရှိပါတယ်’
‘လာခဲ့၊ လက်ပိုက်ထားစမ်း’
ဆရာမကြီးက ဗီရိုပေါ်မှ ကြိမ်လုံးလှမ်းယူ၍ ရွှေကြိုင်ကို သုံးချက်ရိုက်၏။
‘ကြောက်ပါပြီ ဆရာမကြီး၊ ကြောက်ပါပြီခင်ဗျ၊ ကြောက်ပါပြီခင်ဗျ’
ရွှေကြိုင် တင်ပါးကိုပွတ်၍ မျက်ရည်ကျနေပြီ။
‘ဟင်း... ကျွန်တော့်ကို မကြောက်လို့ဆိုတဲ့ ကောင်၊ ကောင်းကောင်း သတိထား၊ နောက်တစ်ခါ ဆိုရင် မင်းကို အရေကွာအောင်ရိုက်မယ်၊ နောက် လုပ်ဦးမလား ရွှေကြိုင်၊ ပြောစမ်း’
‘မလုပ်တော့ပါဘူး ဆရာမကြီး’
ရွှေကြိုင်က ရှုံ့မဲ့ရှုံမဲ့နှင့်ဖြေသည်။
‘သွား မင်း သွားတော့၊ လာခဲ့ ဟိုနှစ်ကောင်’
ချစ်ဦးနှင့် ဟာလီယားသည် လက်ပိုက်၍ ကြောက်ကြောက်ရွံ့ရွံ့နှင့် ရှေ့သို့ တိုးလာကြသည်။
‘သုံးယောက်နဲ့တစ်ယောက် ကလေးကို အနိုင် ကျင့်တဲ့ ဧရာမသူရဲကောင်းကြီးတွေ ချစ်ဦး... ရှေ့တိုးစမ်း’
‘ကြောက်... ကြောက်ပါပြီ ဆရာမကြီး’
ချစ်ဦးမှာ တုန်တုန်လှုပ်လှုပ် ဖြစ်နေပါပြီ။
‘နောက်ကို အနိုင်ကျင့်ချင်ဦး’
‘ဗျန်း...’
‘ကြောက်ပါပြီ ဆရာမကြီး’
‘နောက်ကို အနိုင်ကျင့်ဦးမလား'
‘ဗျန်း...’
‘မကျင့်တော့ပါဘူး ဆရာမကြီး ... ဟီး .. အီး’
‘လာခဲ့ နောက်တစ်ယောက်’
ဟာလီယားမှာ မရိုက်ခင်ကပင် မျက်ရည်ကျနေပြီ။
‘
အမယ် … ကိုယ့်ကျတော့ ကြောက်တတ် လိုက်တာဟင်’
‘ဗျန်း ...’
‘ကြောက်ပါပြီ ဆရာမကြီး’
‘နောက် လုပ်ဦးမလားဟင်’
‘ဗျန်း...’
‘မလုပ်တော့ပါဘူး ခင်ဗျ ဟီး အီး...’
‘နောက်တစ်ခါဆိုရင် မင်းတို့ သေဖို့သာပြင် ထား၊ သွားကြ’
ရွှေကြိုင်နှင့် ဟာလီယားတို့ ဖင်ကို ပွတ်၍ ထွက်သွားကြသည်။
‘လာ... ကလေး ... လာဦး’
ဆရာမကြီးသည် အထိုးခံရသော ကလေးကို မျက်ရည်သုတ်ပေးသည်။ ပါးစပ်ကို ရေဖြင့် ဆေး ပေးသည်။
မ တစ်ထောင် သားသမီးများတွင် လိမ္မာသူတွေ ပါသလို၊ ဆိုးသောသူတွေလည်း ပါတတ်၏။ လွန်ခဲ့သော ဆယ့်ငါးနှစ်က အခုလိုပင် ရိုက်ခဲ့ရ သော ကျော်ဝင်းကို ဆရာမကြီး သတိရမိသည်။ ထိုအချိန်က မူလတန်းကျောင်းအုပ်ဖြစ်ခါစ။ ကျော်ဝင်းက ကျောင်းသားဆိုး။ တစ်နေ့တွင် ကလေးတစ်ယောက်ကို လက်သီးဖြင့် ထိုး၍ ကြိမ်ဖြင့် သုံးချက်ချလိုက်ရ၏။
လွန်ခဲ့သည့်နှစ်က ကျော်ဝင်း ဆရာမကြီးကို လာကန်တော့သည်။ ဒုရဲအုပ် ဖြစ်နေပြီ။
‘မင်း အခု ဆိုးသေးသလား’
ဟု မေးတော့...
‘အခု လူဆိုးတွေကို ဖမ်းတဲ့အလုပ် လုပ်နေပြီ ဆရာမကြီး’ဟု ကျော်ဝင်းကဖြေ၍ ဆရာတပည့် နှစ်ယောက် ရယ်ကြရသေးသည်။
‘ဆရာမကြီး ခင်ဗျ၊ ဆရာမကြီးခင်ဗျ’
ကလေး တစ်ယောက် ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့်ဖိ၍ ဝင်လာပြန်သည်။ ဆရာမကြီး ထိတ်လန့်သွားမိ၏။ နောက်မှ ခင်မောင်မှန်းသိ၍ စိတ်အေးရသည်။
ခင်မောင်သည် အတိုင်အတော အလွန်ထူ၍ မူယာမာယာလည်း အလွန်များကြောင်း ဆရာမကြီး သိထားသည်။
‘ဘာဖြစ်တာလဲ ခင်မောင် . . . ပြောစမ်း’
‘တင်ငွေရယ်ခင်ဗျ၊ ကျွန်တော် စာရေးနေတာကို တမင်သက်သက် ကိုယ်စောင်းတိုက်ချလိုက်တာ ကျွန်တော် ခုံပေါ်က လွင့်ကျသွားတာ’
‘အခု မင်းဘယ်လိုဖြစ်သွားလို့ ရင်ဘတ်ကို ဖိထားရတာလဲ’
‘ကျွန်တော် အခု အသက်ရှူလို့မရဘူးခင်ဗျ’
‘ဟုတ်လား... အသက်ရှူလို့မရရင်... အခု ဘယ်လို လုပ်ပြီး အသက်ရှင်နေတုန်း’
‘ကျွန်တော့်ရင်ထဲက အောင့်နေတယ်ခင်ဗျ’
‘ဒါဖြင့် မင်းကို ဆေးရုံပို့ရမလား’
‘တင်ငွေကို ရိုက်ပါခင်ဗျ’
ဆရာမကြီး ပြုံးချင်သော်လည်း ချုပ်ထိန်းထား လိုက်သည်။
‘အေး... အေး.. ကျောင်းတက်တော့ ဆရာမကြီး ခေါ်ရိုက်လိုက်မယ်၊ သွား... သွား’
ခင်မောင်သည် ရင်ဘတ်ကို လက်ဖြင့်ဖိ၍ ထွက် သွားသည်။ ဆရာမကြီး၏ အခန်းအပြင်သို့ရောက် သောအခါ...
‘ဟေ့.. ဟေ့... တင်ငွေကို ကျောင်းတက်ရင် ဆရာမကြီးက ရိုက်မယ်တဲ့ကွ’
ခင်မောင် အော်ဟစ်၍ ခုန်ပေါက်ပြေးသွားသည်။
ဆရာမကြီး ပြုံးနေသည်။
နောက်ထပ် အကြီးများ ဘောလုံးကန်ရာမှ ကလေးငယ်၌ ခေါင်းကို မှန်သောအမှု၊ မိန်းကလေး တစ်ယောက်ကို ယောက်ျားလေးများက နောက်ပြောင် သည့်အမှု၊ သူငယ်တန်းမှ ခဲတံလုမှု စသည်တို့ကို ဖြေရှင်းပြီးသောအခါ ရှစ်နာရီထိုး၍ ကျောင်းတက် ခေါင်းလောင်း တီးလိုက်သည်။
ခုမှ သက်သာတော့မည်။ သူ့ဆရာနှင့် သူ့အတန်း စာသင်ကြတော့မည်။ ဆရာ၊ ဆရာမများမှာ သူ့ အိမ်ထောင်၊ သူ့ကိစ္စများနှင့်မို့ ကျောင်းချိန်မီရုံမှ အနိုင်နိုင်ရောက်လာကြသည်။
ဆရာမကြီးသည် တရားသူကြီး ကုလားထိုင်မှ ထလိုက်သည်။ စည်ပင်သာယာ အလုပ်ခွင်ဝင်ရဦး မည်။
ကျောင်းထဲမှ ဈေးဆိုင်များကို လိုက်ကြည့်ရ သည်။ ရောင်းသောအစာများ ကျန်းမာရေးနှင့် ညီရဲ့ လား၊ လက်လုပ်ချဉ်တွေပါသလား၊ မတန်တဆ ရောင်းနေသလား၊ ကလေးများ အကျင့်ပျက်စေမည့် မဲထုပ်တွေ ရောင်းနေသလား၊ အစားအစာများကို ယင်မနားအောင် ဖုံးအုပ်ရဲ့လား၊ မသင့်တော်သည် များကို တားမြစ်ရသည်။ အားနာသော်လည်း ရှေ့ မျက်နှာနောက်ထား၍ ပြောဆိုရသည်။
အချို့ ဈေးသည်များက ဆရာမကြီး လွန်သွားလျှင် မဲ့ရွဲ့ပြကြသည်။ မမြင်ရသော်လည်း ဆရာမကြီး သိပါသည်။ ဆရာမကြီးကွယ်ရာတွင် သူတို့က ဒေါ်အေးချစ်မဟုတ် ဒေါ်ပူမုန်းဟု ခေါ်ကြသည်။ ပူချင်ပူ မုန်းချင်မုန်း ကလေးများအတွက် ပူ၍ ကလေး များအတွက် အမုန်းခံရခြင်း ဖြစ်သည်။
ဈေးဆိုင်များကို ကြည့်ပြီးသောအခါ စာသင်ခန်းများကို လှည့်ကြည့်ရသည်။ ပထမတန်းက ဆူနေသည်။ အတန်းတွင်းသို့ လှမ်းကြည့်သည်။ ဆရာမကို မမြင်၊ ဘေးကအခန်းတွေ အနှောင့်အယှက် ဖြစ်နေပြီ။ ဆရာမကြီး အတန်းထဲသို့ ဝင်လိုက်သည်။ ကလေးများအားလုံး မတ်တတ်ရပ်ကြသည်။
‘မင်္ဂလာပါ ဆရာမကြီး’
‘မင်္ဂလာပါ တပည့်တို့၊ ထိုင်ကြ ထိုင်ကြ၊ မင်းတို့ ဆရာမ မလာဘူးလား’
‘မလာဘူး ခင်ဗျ၊ ခွင့်စာပေးလိုက်ပါတယ်’
ကျောင်းသားတစ်ယောက်က လာပေးသည်။ ကလေးနေမကောင်း၍ မနက်ပိုင်း ဆေးခန်းသွားရန် ခွင့်တောင်းထားသည်။
‘အေး .. အေး.. မင်းက စောစောကမှ ဆရာမကြီးကို လာမပေးဘဲကိုး’
အစားလွှတ်ပေးစရာ ဆရာအပိုမရှိ၊ ဆရာမကြီး ကိုယ်တိုင်ပင် ဝင်ရမည်။
‘ကဲ... ဆရာမကြီးကို ကဗျာ ဆိုပြကြကွယ်’
ကလေးများ ဝမ်းသာသွားကြသည်။ အားလုံး မတ်တတ်ရပ်ကြသည်။ သူတို့ဆရာမ သင်ထားသော ကဗျာများကို တစ်ပုဒ်ပြီး တစ်ပုဒ် သံပြိုင်ဆိုကြ သည်။ ကိုယ်ဟန်အမူအရာတွေ လုပ်ကြသည်။ နားထောင်၍လည်း ကောင်းသည်။ ကြည့်၍လည်း ကောင်းသည်။ ချစ်စရာလည်း ကောင်းသည်။ ပျော် စရာလည်း ကောင်းသည်။ ဆရာမကြီး ထိုင်နေရာမှ ထလိုက်သည်။ ကလေးများနှင့် အတူ ဟန်အမူအရာ လုပ်ကြည့်သည်။ ပို၍ စိတ်ပါလာသည်။ အသံပါ ထွက်၍ လိုက်ဆိုသည်။ ဆရာမကြီးပါ ပါလာ၍ ကလေးများပိုပြီး တက်ကြွလာသည်။ အသံတွေ ပိုကျယ်လာသည်။ ကလေးတွေ မျက်နှာကပြုံးလို့။ ဆရာမကြီးလည်း ပြုံးလို့။
ရသမျှ ကဗျာတွေအားလုံး ကုန်ပြီ။ ကလေးများ မောပြီ။ ဆရာမကြီးလည်း မောပြီ။
‘ကဲ... လက်ရေးလှ ရေးရအောင် စာအုပ် ထုတ်ကြ’
ဆရာမကြီးက သင်ပုန်းကြီးပေါ်မှာ ရေးပြ သည်။ ကလေးများက လက်ရေးလှစာအုပ်မှာ ကူး ရေးကြသည်။
‘ဟိုကလေး ဘာလို့မရေးတာလဲ”
‘ခဲတံကျိုးနေလို့’
‘ဟိုကလေးကရော’
‘ခဲတံမချွန် ရသေးလို့’
ခဲတံ အသစ်စက်စက်ကို ထောင်ပြသည်။
‘ဟိုတစ်ယောက်ကရော’
‘ခဲတံ တုံးနေလို့’
‘ကဲ... မင်းတို့ခဲတံယူခဲ့ကြ’
ဆရာမကြီးက ရုံးခန်းမှ ခဲတံချွန်ဓားကို သွား အယူခိုင်းပြီး ချွန်ပေးသည်။
‘ဟော... မင်းတို့ကရော’
‘ကျွန်တော်တို့ကိုလဲ ချွန်ပေးပါ’
ဆရာမကြီး၏ ပတ်လည်မှာ တစ်တန်းလုံးမှ ခဲတံတွေဝိုင်းနေသည်။
‘ဟဲ့ . . . ဒီခဲတံက ချွန်နေသားပဲ’
‘ထပ်ချွန်ပေးပါဆရာမ"
ဆရာမကြီးက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ နည်းနည်းကလေး ထပ်ချွန်ပေးလိုက်သည်။ ကျေနပ် သွားသည်။
ခဲတံအားလုံး ချွန်ပြီးပြီ၊ ဆရာမကြီးလည်း လက်ညောင်းပြီ၊ ကလေးများ လက်ရေးလှ ရေးကြ သည်။ နှစ်ချိန်ကုန်ပြီးမှ ဆရာမ ရောက်လာ၍ သူ့အတန်းနှင့် သူ့ဆရာမ ပြန်အပ်ခဲ့ရသည်။ ရုံးခန်း သို့ပြန်လာ၍ လုပ်ငန်းများ လုပ်ရသည်။
နေ့ကျောင်းဆင်းသောအခါ ဆရာ၊ ဆရာမ များအားလုံး ဆရာမကြီး၏ရုံးခန်းမှာ စုစုရုံးရုံး ထမင်းစားကြသည်။
ကိုယ့်ထမင်းဘူး၊ သူ့ထမင်းဘူး ပေါင်းလိုက် တော့ ဟင်းမျိုးစုံ စားရသည်။ လူစုံတော့ စကားစုံလည်း ကြားရသည်။ ရပ်ကွက်ထဲမှ အကြောင်း၊ ကုန်ဈေးနှုန်းအကြောင်း၊ သူ့အတန်း ကိုယ့်အတန်း မှ ကလေးများအကြောင်း၊ သူ့သားသမီး ကိုယ့် သားသမီးအကြောင်း၊ ရုပ်ရှင်အကြောင်း၊ ဗွီဒီယို အကြောင်း၊ ရပ်ကွက်ထဲမှအကြောင်းမှစ၍ အစုံ ပါသည်။
နေ့ခင်း ကျောင်းပြန်တက်တော့ စတုတ္ထတန်းတွင် ဆရာမကြီး သင်္ချာ နှစ်ချိန်ဝင်ရသည်။
သင်္ချာနှစ်ချိန်ပြီးတော့ လေ့ကျင့်ခန်းစာအုပ်များ စစ်နေစဉ် ဆရာမကြီးမှာထားသော လက်သမား ဆရာ ရောက်လာသည်။
ပျက်နေသော အိမ်သာများကို ပြန်ပြင်ပေးရန် ဆရာမကြီးက လိုက်ပြသည်။ လက်သမားဆရာ စိတ်ညစ် သွားသည်။ ညစ်ပတ်နေသော အိမ်သာပျက်များကို ပြင်ရမှာ ရွံ့နေသည်။
‘ကဲ . . . မနက်ဖြန်ခါ ကျွန်မကိုယ်တိုင် ပြောင်နေအောင် ဆေးပေးမယ်၊ သဘက်ခါမှ လာပြင် ပေါ့ ဟုတ်လား’
လက်သမား အားနာသွား၍ ခေါင်းညိတ် သည်။ လိုအပ်သည်တို့ကို ခန့်မှန်းတွက်ချက် ရသည်။ လက်သမားပြန်သောအခါ ကျောင်းဆင်းရန် ဆယ်မိနစ်သာ ကျန်တော့သည်။ အခုမှ ဇိမ်ထုတ် လိုက်ရဦးမည်။ ဆရာမကြီးသည် နေကြာစေ့လှော် အလွန်ကြိုက်၏။ နေကြာစေ့တစ်ထုပ်ကို ဖောက်၍ စားသည်။
တစ်စေ့နှစ်စေ့၊ သုံးစေ့၊ လေးစေ့... ။
ငါးမိနစ်၊ ဆယ်မိနစ်။
ကျောင်းဆင်းခေါင်းလောင်းထိုးသည်။
ကျောင်းသားများသည် ကျောင်းတံခါးများမှ အပြေးအလွှား ထွက်သွားကြသည်။ ရေကာတာမှ ရေများ ဖွင့်လိုက်သည်နှင့်တူသည်။ ဆရာ၊ ဆရာမများ မှာလည်း ကျောင်းသားများနှင့် နင်လားငါလား ဝင်း တံခါးအပြင် ရောက်သွားကြသည်။
သူတို့လည်း လင်ကိစ္စ၊ မယားကိစ္စ၊ သားကိစ္စ သမီးကိစ္စနှင့် ကိစ္စများမြောင်သော အိမ်ထောင် တာဝန်များ ရှိကြပေလိမ့်မည်။ တချို့က ဆရာမကြီးကို အားနာ၍ လှည့်ကြည့် လှည့်ကြည့် လုပ်နေသည်။
‘သွား... သွား... သွားကြ၊ ရတယ် .. ရတယ်”
ဆရာမကြီးက လက်ပြ၍ နှင်လွှတ်သည်။
ဆရာမကြီးနှင့် တာဝန်ကျအသင်းမှ ကျောင်းသူ ကျောင်းသားအချို့ တံခါးများကိုပိတ်ရင်း စာသင်ခန်း များကို လိုက်ကြည့်ကြသည်။
‘ဟောဒီမှာ ထမင်းချိုင့်တစ်ခု’
‘ဟောဟိုမှာ လွယ်အိတ်တစ်လုံး’
‘ခုံပေါ်မှာ ခဲတံတစ်ချောင်း’
‘ခုံအောက်မှာ ရေဘူးကလေး’
‘ကဲ ... ကျောင်းခန်းအပြင် ကြည့်ကြစမ်း’
‘သရက်ပင်အောက်မှာ ဖိနပ်တစ်ရန်’
‘ပိတောက်ပင်အောက်မှာ ကြိုးခုန်တဲ့ကြိုး’
အားလုံး ရုံးခန်းအတွင်းမှာ သိမ်းရသည်။ မနက်ဖြန် သူ့အရှင်နဲ့ သူ့ဥစ္စာမှန်အောင် ပြန်ပေး ရဦးမည်။
‘ကဲ... တံခါးတွေပိတ်ပြီးရင် ထွက်ကြ’
ကျောင်းတံခါးကို သော့ခတ်သည်။ ဝင်းတံခါးကို သော့ခတ်သည်။ တစ်နေ့တာဝန် ကျေပွန်ပြီ။
ဆရာမကြီး အိမ်ကိုပြန်တော့မည်။
‘မင်္ဂလာပါ ဆရာမကြီး ...’
အသင်းတာဝန်ကျ ကလေးများက နှုတ်ဆက် သည်။
‘အေး.. အေး .. မင်္ဂလာပါ သားတို့ သမီးတို့’
ဆရာမကြီး အိမ်သို့ပြန်လာခဲ့ပြီ။
‘မင်္ဂလာပါ ဆရာမကြီး ...’
လမ်းဘေးအိမ်မှ ကလေးတစ်ယောက်က နှုတ်ဆက်သည်။
‘အေး... အေး... မင်္ဂလာပါ တပည့်ရယ်..’
‘မင်္ဂလာပါ ဆရာမကြီး’
နောက်တစ်အိမ်မှ မောင်နှမနှစ်ယောက်က သံပြိုင် နှုတ်ဆက်နေကြပြန်သည်။
‘မင်္ဂလာပါ ကလေးတို့ရယ် . . . မင်္ဂလာပါ’
‘မင်္ဂလာပါ ဆရာမကြီး...’
နောက်တစ်အိမ်မှ သားသည်မအေ တပည့် ဟောင်းတစ်ယောက်က ကလေးနို့တိုက်ရင်း လှမ်း နှုတ်ဆက်နေသည်။
‘အေး… အေး မင်္ဂလာပါ၊ ကလေးနေကောင်း ရဲ့လားဟဲ့’
‘ကောင်းပါတယ် ဆရာမကြီး’
‘မင်္ဂလာပါ ဆရာမကြီး’
နောက်တစ်အိမ် . . . နောက်တစ်အိမ် . . .
ဆရာမကြီး၏ အိမ်အပြန် လမ်းတစ်လျှောက် လုံးမှာ မင်္ဂလာသံများ ညံလျက်...
ဆရာမကြီး၏ မျက်နှာမှာ ပြုံးလျက်၊ ရွှင်လျက်၊ လှပလျက်...။
ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၂၃)