နစ်နာသူတဲ့လား(စ/ဆုံး)

 နစ်နာသူတဲ့လား(စ/ဆုံး)

——

‘သမီးတို့အခက်အခဲဖြစ်နေလို့ ဒီအိမ်ကို ပေါင်ချင် ရောင်းချင်ပါတယ် ..စာချုပ်ကို လိုချင်ပါတယ်..”

ဆိုပြီး တောင်းဆိုမှုတွေနဲ့ရောက်လာတဲ့ ချွေးမနဲ့ မြေးတွေ။

ဒါက ၂ခေါက်မြောက်လား ၃ခေါက်မြောက်လားမသိ ရောက်လာခြင်း ။

သားဖြစ်သူ ကွယ်လွန်သွားတာ ၂နှစ်ကျော်ကြာပြီဖြစ်‌ေပမဲ့ အဲဒီအိမ် အဲဒီနေရာလေးက သူတို့မိသားစုကို နေထိုင်ခွင့်‌‌ေပးထားခဲ့တာမို့ သူတို့အတွက်ပဲရည်ရွယ်ထားခဲ့တာမို့ သူတို့လည်းနေထိုင်နေတာမို့ ဒေါ်မာမာကအထွေအထူး စကားတွေမဆိုခဲ့ဖူးပါ။ သား သေဆုံးပြီး ၁နှစ်အကြာ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီး ကျန်ခဲ့တဲ့ သားအမိတွေ စိတ်ပန်း လူပန်း အတော်ဖြစ်ခဲ့တာမို့ ကျန်းမာရေးညံ့သွားကြတော့ ထိုအိမ်ကို သူတို့အတွက်ခိုင်ခိုင်မာမာဖြစ်အောင် လွှဲပြောင်းဖို့ကိစ္စ စဉ်းစားချိန်မရနိုင်သေး ဖြစ်ခဲ့ရသည်။

“အေးပါကွယ် ပေးမှာပါ။ ခဏလေးစောင့်ပေးနော်။ ညီအစ်ကိုမောင်နှမ အားလုံးနဲ့သက်ဆိုင်တာမို့ အားလုံးအားလပ်တဲ့ရက်လေး ခဏစောင့်ပြီး ညည်းတို့အပိုင်လုပ်ပေးမှာ”
“ဟင် ဒါဆို အမွေလား?..
ဒါက ကျွန်မယောကျား်အလုပ်လုပ်ခဲ့တဲ့ ရပိုင်ခွင့်အတွက်တောင်းတာ။
အမွေက အမွေပဲ ”
“ဟင် ဘုရား ဘုရား ဘာတွေ တွေးထားပီး ဒီစကားပြောထွက်ပါလိမ့်ကွယ်..
ညည်းယောက္ခမတွေက လက်ဖဝါးခြေဖဝါးသက်သက်နဲ့အသက်မွေးဝမ်းကျောင်းလုပ်ခဲ့ကြတာ. ဈေးရောင်းပြီး သားသမီးတွေ ပညာသင်ပေးခဲ့ပြီး တချို့လည်း ကိုယ့်ဘာသာရပ်တည်နိုင်တဲ့အချိန်ကတည်းက သမီးတွေလုပ်ကိုင်ကျွေးတာ ထိုင်စားနေခဲ့တာ ညည်းနဲ့ ငါ့သား မရခင်ကတည်းက မဟုတ်ဘူးလား
သမီးတွေလုပ်စာလို့ဆိုရတာကလည်း ညည်းနဲ့ရပြီး မကြာခင်ပဲ ငါ့သားလည်း အရက်သမားလုံးလုံးကိုဖြစ်သွားပြီး ဘာအလုပ်အကိုင်မှ အတည်တကျမလုပ်နိုင်တော့တာ။သူလူလွတ်ဘဝမှာမောင်နှမတွေအတူလုပ်ခဲ့ကြပေမဲ့ အိမ်ထောက်ကျပြီးမကြာခင် ပျက်စီးခြင်းလမ်းပေါ်ရောက်လို့ စိတ်ချလက်ချလုပ်ခိုင်းလို့မဖြစ်နိုင်တော့တာမို့ ကျန်တဲ့ သမီးတွေကပဲ လုပ်ကျွေးခဲ့တာလေ ။”

“ဒါဆို သမီးအဖေက အိမ်ပိုင်ယာပိုင်တောင် မရှိခဲ့ဘူးပေါ့ ”
မြေးအကြီးမ ရဲ့ မအေနဲ့ တလေသံတည်းထွက်လာတဲ့ စကားကလည်း ဒေါ်မာမာ့ရင်ကို နာကျင်စေသည်။

“ဘယ်သားသမီး ဘယ်အိမ်ထောင်သည်တွေရော အိမ်ပိုင်ယာပိုင် ဝယ်ပေးထားသလဲ ဝယ်ပေးနိုင်ခဲ့သလဲသမီးတို့။ သမီးတို့မိသားစုကိုသာ သီးသန့်နေလို့ရအောင်ဝယ်ပေးထားခဲ့တာ။ မိဘ လုပ်စာမရှိလို့ စုဆောင်းထားနိုင်ခဲ့တာမရှိလို့ အားလုံးရဲ့လုပ်အားတွေနဲ့ ဝယ်ခဲ့ရတာမို့ ဒါက အားလုံးနဲ့သက်ဆိုင်နေတာမို့ အားလုံးသဘောတူညီချက်ယူပြီး ပေးမှာပါ မြေး။ ကျန်းမာရေး လူမှုရေးတွေကြောင့် မလုပ်ပေးအားသေးလို့သာပါ ”

ဒါကို လောဘတွေ ထပ်တက်နေတဲ့ သားအမိတွေကို စိတ်ပျက်နာကျင်စွာ ဒေါ်မာမာ စကားပြောချင်စိတ်မရှိတော့ပါ ။
အလိုလောဘဖြင့် စရိုက်ကျသောချွေးမဖြစ်သူ၏ အကြိမ်ကြိမ်လာရောက် စော်ကားပြောဆိုတိုင်း ဒေါသဖြစ်ရ မအေစိတ်ထိခိုက်နေမကောင်းဖြစ်မှာ ပူပင်ရ စိတ်ညစ်ညူးရသော သမီးများကို ရင်ထဲက သနားနေမိသည်။

သားဖြစ်သူအိမ်ထောင်ကျပြီး ၂နှစ်လောက်အကြာမှာ သမီးအကြီးလေးမမွေးခင်အချိန်ကတည်းက အရက်ကိုအဖော်ပြုပြီး ဘာအလုပ်မှ သေချာမလုပ်တော့သော သား။ လူပျိုဘဝက လိမ်မာလိုက်တာဟု လူတကာက ချစ်ခင်ချီးမွမ်းခဲ့သော သား။ ညည်းနဲ့ရမှ ဘာတွေစိတ်ဆင်းရဲအောင်လုပ်နေလို့ ငါ့သားပျက်စီးသွားတာလဲဟု တစ်ခါမှ ဒေါ်မာမာ မပြောဆိုဘူးခဲ့။ ရင်ထဲကတော့ နားလည်နေသည်။
“သမီး အဖေက အလုပ်လုပ်ခဲ့ပြီး ဘာမှ ရပိုင်ခွင့် မရှိဘူးပေါ့”
“သမီးတို့ မိသားစုက အသုံးချခံခဲ့ရတာလား”

အယ် ..
“ဒရာမာတွေချိုးနေပြီ “တီးတိုးရေရွတ်ပြီး
အငယ်မ မနေနိုင်တော့ ..
“ဘာတွေ အသုံးချခဲ့တာလဲ သမီး
သမီးတို့ တီတီတို့အိမ်အတွက် ဘာတွေ လုပ်ပေးခဲ့ဖူးလဲ။ စဉ်းစားကြည့်စမ်း။ ပြောင်းပြန်တွေပြောနေတာလား
ညည်းတို့ အသက် ၂၅နှစ်‌ေကျာ် ရောက်နေတဲ့အရွယ်ထိ ဘယ်သူတွေက ထောက်ပံ့ပေးခဲ့တာလဲ။
အဲဒါ ညည်းတို့အဖေ အလုပ်လုပ်ခဲ့တဲ့ ကာလအနည်းငယ်အတွက် ရပိုင်ခွင့်ရယ်လို့ထောက်ပံ့ခဲ့တာမဟုတ်ဘုး။ ငါတို့သား ငါတို့အစ်ကိုဆိုတဲ့ သံယောဇဉ်စိတ်နဲ့။ မိဘနဲ့ အတူနေမိသားစု ငါတို‌ေတွအားလံုး အလုပ်လုပ်နိုင် တဲ့ တစ်ယောက်မကျန် အလုပ်လုပ်နေပြီး ကျန်းမာရေး လူမှုရေးတွေအတွက်ရုန်းကန်နေရင်း ညည်းတို့ ပညာရေး ကျန်းမာရေး လိုအပ်သလို လှမ်းပြီးထောက်ပံ‌့ပေးခဲ့တာပါ။ ငါတို့စိတ်အားရောလူအားရော တအားပင်ပန်းနွမ်းနယ်နေတဲ့ ဒီနှစ်အပိုင်းအခြားတွေမှာပဲ မ‌ေထာက်ပံ့ပေးနိုင်တာ။ အစ်ကိုကြီး ဆေးရုံ ၂ရုံ ပြောင်းရတယ်။ ငွေအားရော လူအားရော အို နောက်ဆုံး မြေကျပြီးချိန်ထိ ဒီမိသားစုကပဲ လုပ်ပေးခဲ့ရတာ မဟုတ်လား။ အဲဒါပြီးတော့ အဖေ နေမကောင်းဖြစ်တယ်။ အသက်အရွယ်အရ ဆေးရုံသွားဖို့အဆင်မပြေတာရော သမီးတွေကသာ အရာရာအလိုက်တသိလုပ်ပေးတတ်တာရောမို့ အိမ်မှာပဲ ဆရာဝန်ရက်ခြားခေါ်ပြပြီး ပြုစုပေးရတယ်။ ကုတင်ပေါ်မှာ အပေါ့ အလေးကအစ ပွေ့ချ ချီချ ရေချိုးပေးရတာကအစ ၁နှစ်နီးပါး ပြုစုခဲ့ရတယ်။ ပြုစုတဲ့သူကနေ့ရောညပါ ကျန်းမာရေးတွေချွတ်ယွင်းလာတဲ့အထိ ပြုစုရသလို ကုန်ကျတာတွေ ပေးနိုင်ဖို့ ကျန်တဲ့လူလွတ်က ကုန်းရုန်းအလုပ်လုပ်နေရတယ်။
အဲ့လိုအချိန်တွေမှာ မထောက်ပံ့ပေးနိုင်ပါဘူး။ ဒါတောင် ညည်းတို့ခဏခဏစော်ကား သွားရန်တွေ့တာခံရတတ်တဲ့ ငါတို့အစ်မကြီးက ပေးနေသေးလား မပေးနေသေးလား မသိပါဘူး။ ဘာလို့လဲဆိုတော့ ညည်းတို့ ‌မ‌ေမွးခင်ကတည်းက ညည်းတို့အပေါ် တာဝန်မကျေသလို ဖြစ်တဲ့ ငါတို့အစ်ကိုအစား ညည်းတို့ တက္ကသိုလ်တက်တဲ့အထိ ပညာရေးစရိတ် မုန့်ဖိုး ကျန်းမာရေးကအစ အဓိကကုန်ကျငွေတွေ ငါတို့ထောက်ပံ့ခဲ့တယ်။ သူဌေး‌ေတွ ချမ်းသာသူတွေ မဟုတ်နေပဲ ဒီလိုပဲ အားလုံးရုန်းကန်လုပ်‌ေနကြရရင်းကနေ ထောက်ပံ့ပေးခဲ့ကြတာ ဘာတွေ ဒရာမာချိုးနေကြတာလဲ။ ”
( သမီးငယ်ရဲ့ ဒီစကားတွေ ကြားထဲမှာ ချွေးမတို့သားအမိရဲ့ ပြန်ပြောတဲ့ ကျေးဇူးကန်းစကားတွေ အများကြီးပါပဲ)
“သားသမီး မသိတတ်ရင် မိဘက ပြောပြပေးရမှာ ..မိဘကိုက အမှန်အတိုင်းတွေမပြောပြဘဲ နစ်နာသူလို ဒရာမာခင်းနေတော့ သားသမီးလည်း ပညာတတ်ပြီး မအေရဲ့ brain washခံနေရတဲ့သူတွေဖြစ်နေပြီ။
သမီးတို့စဉ်းစား..
ငါတို့ လုပ်ပေးခဲ့သမျှမှာ နင်တို့ တစ်စုံတရာ တိုးတက်သွားပါစေ ဆိုတဲ့ စေတနာနဲ့ ကူညီခဲ့တာ။ ကျေးဇူးမတင်ခိုင်းဘူး‌ေနာ်။ ကျေးဇူးတရားမသိတာ နားမလည်တာ ရတယ်။ ဒါပေမဲ့ မစော်ကားနဲ့။ ”

သမီးငယ်က ပြောပြီး အိမ်ထဲ ဝင်သွားတော့သည်။

“ညည်းတို့အတွေူးကို ငါသိပြီ။
အလိုလောဘတွေက များလာတဲ့အခါ ဘယ်ဟာက မှားတယ် မှန်တယ် ဆိုတာ မသိကြတော့ဘူးပဲ။
ညည်းတို့အိမ်ထောင်စကျတော့ ညည်းကိုရွှေထည်ဆင်တယ်။ ကိုင်းလုပ်ချင်ပါတယ်ဆိုလို့ ကိုင်းဝယ်ပေးတယ်။ ရေတင်စက်‌ေပးတယ်။ခု မရှိတော့ဘူး။အခု အတူနေမိသားစုတွေ နေတဲ့အိမ်လေးဟာ ညည်းတို့အိမ်ထောင်ကျပြီး ငါ့သားပျက်စီးစပြုချိန် သူအရမ်းချစ်တဲ့မောင်ကို အစ်မကြီးဖြစ်သူက အန္တရာယ်ဖြစ်မှာစိုးလို့လိုက်ထိန်းရင်း စီးပွားရေးကိုလှည့်မကြည့်နိုင်။ စီးပွားရေး‌ေတွယိုယွင်းပြီး ပေါင်နှံလိုက်ရတဲ့အထိ ဖြစ်ခဲ့တာ ညည်းလည်းအသိပါ။ ဒီလူလွတ်အတူနေတွေပဲ နှစ်ပေါင်းများစွာ ရုန်းကန် ကြိုးစားလုပ်ပြီး ပြန်ရွေးခဲ့ရတယ်။ ရှိသမျှအထည်လေးတွေကုန်တဲ့အပြင် ငါ့သမီးတွေ မျက်နှာအောက်ချ နိမ့်ကျတောင်းပန်ခဲ့ရတာတွေ ညည်းတို့ ဘာပူပေးခဲ့ရဖူးလဲ။ တစ်ကျပ်တစ်ပြား ရှာဖွေပေးခဲ့ရဖူးလားအေ။ ညည်းတို့နေနေတဲ့အိမ်မှာ နေနေရင်း ညည်းတို့ ဘာသိက္ခာထိခိုက်ခဲ့ရသလဲ။
ကဲ ဟုတ်ပြီ။
ညည်းတို့ပြန်‌ေတာ့။ ငါ မိဘ သက်ရှိထင်ရှားရှိချိန် လုပ်သင့်လုပ်ထိုက်တာ လုပ်ပေးမယ်။ ဒါမှသာ တခြားသူတွေရော အကုန်မျှတမှာပေါ့ကွယ်။”

မကျေမနပ်ပုံစံနှင့် အပြောတွေရော အငိုရောနဲ့
သူတို့သားအမိ ပြန်သွားသော်လည်း ဒေါ်မာမာ တွေးစရာများဖြင့် ကျန်ခဲ့သည်။
အိမ်လေးတစ်လုံးထဲမှာ သူ့ဘာသူ အထီးကျန်နေနေရသော အရက်ကျေးကျွန်”သား”ကို မအေဖြစ်သူက မနက်ထမင်းချိုင့် ညထမင်းချိုင့် လုပ်ပေးရသည်။ ၁၀စုနှစ်တစ်ခုနီးပါး သားက အိမ်ကထမင်းဟင်းပဲ စားခဲ့သည်။ သားက သောက်လာပြီးလျှင် အိမ်မှာလာထိုင်နေတတ်သည်။ သူ့စိတ်ထဲက ပြောပြချင်‌ေနသည့်စကားများကို သားမြိုသိပ်ထားခဲ့ပုံရသည် ။ ကျန်းမာရေးမကောင်းဖြစ်နေလျှင် အစ်မကြီးဖြစ်သူ (သူ့အိမ်ထောင်နဲ့ သူပေမဲ့) ကသူ့မောင်ကို သွားကြည့်ပြီး အခြေအနေကြည့်၍ ဆေးခန်းပို့ပေးရသည်။ သူတို့(ချွေူမ)သားအမိတွေက အကြောင်းပြချက်မျိုးစုံဖြင့် သူ့မိဘ အိမ်မှာနေကြသည်။
နေထိုင်မကောင်းတာ ကြာလျှင် မိန်းမရှိတဲ့ဆီ သားကို သွားနေခိုင်းသည်။ ၁ရက်လောက်ကြာတာနှင့်ပြန်ရောက်လာသည်။ သားက သူ့အစ်မကြီးကိုပြောပြသည် တဲ့။

“သူက ငါနဲ့အတူတူမနေဘူးမမကြီး ..သူတို့သားအမိတွေက သက်သက်။ အဲ့အိမ်မှာ ငါက ငါ့ဘာသာငါနေ‌ေနရတာမို့ မနေချင်ဘူး “တဲ့။

ဒီမှာ အသက် ရှစ်ဆယ်ကျော်အရွယ်မို့ သားကို ကိုယ်တိုင်သွားမကြည့်ပေးနိုင်သဖြင့် သူစိမ်းကို လွှတ်ပြီး ကြည့်ခိုင်းရတာတွေလည်းရှိသည်။ သားနဲ့ပတ်သက်လို့ မိခင်တစ်ယောက်အနေနဲ့ နာကျင်ခံစားခဲ့ရတာတွေအားလုံး ထုတ်မပြခဲ့ဖူးပါ။ သမီးတွေကိုလည်း အားနာလှသည်။ မပြတ်သားနိုင်သည့် သံယောဇဉ်ကြောင့် အကြောင်းတရားအားလုံးကို လှိမ့်ပိန့်ခံနေကြရ၍ ဖြစ်သည်။
အသက် ၉၀အရွယ် ဘိုးအေဖြစ်သူ ကုတင်ပေါ်မှာ ၁နှစ်နီးပါး နေနေခဲ့ရချိန် ဧည့်သည်လာဧည့်သည်သွားမှလွဲ၍ ညအိပ်ညနေမပြောနှင့် နေ့တစ်ဝက်ပင်လာမပြုစုဖူးကြပေ။ ညဆက်အိပ်ရေးပျက် ပင်ပန်းလွန်းနေသော သူတို့အဒေါ်တွေအဖြစ်ကို သိဖို့မဆိုထားနှင့် နှုတ်ဖြင့်ပင် လာအိပ်ပေးရမလား တစ်ခွန်း မမေးခဲ့ဖူးပေ။
အော် ခုတော့ ဘာမှ မရှိနေသော ယောက္ခမဆီက ရပိုင်ခွင့် ရပိုင်ခွင့် တဲ့…
သူ့မိသားစုနဲ့ သူပဲလေ ဆိုပြီး မျက်နှာလွှဲမထားနိုင်ပဲ စောင့်ရှောက်ပေးခဲ့ကြသည့် ကျေးဇူးတရားကို သိတတ်ဖို့ မဆိုထားနှင့်၊
အိမ်ပေးသည်ကိုပင် နည်းသည်ထင်နေသော အလိုလောဘ …။
ကျူးလွန်သူက နစ်နာသူ ဟန်ဆောင်တဲ့အဖြစ်ပဲ မဟုတ်လား။

(အိမ်ထောင်ပြုခြင်းသည် နှစ်ဦးတည်းဘဝတည်ထောင်မှုမဟုတ်တာ သတိပြုဖွယ်ပါ။)

——+++——————-

စာရေးသူ- ယုကီကို