‘’ တစ်နေ့ ‘’(စ/ဆုံး)

————–

အမည်ရင်းကခင်နွေဦး၊ခင်မင်သူများကမနွေဟုသာအဖျားဆွတ်ခေါ်ကြသည်။ မနွေကအလယ်တန်းပြ ကျောင်းဆရာမဖြစ်သည်။

မိဘတွေရှိကတည်းကမနွေဝါသနာပါရာကျောင်း ဆရာမလုပ်ခဲ့သည်။အဖေရောအမေရောနှစ်ယောက် စလုံးကမနွေကိုကျောင်းဆရာမလေးဖြစ်စေချင်ကြသည်။

မိဘနှစ်ပါးဖြစ်စေချင်သည့်အတိုင်းမနွေကျိုးစားခဲ့ သည်။
မနွေဆရာမစဖြစ်သည့်နေ့ကတစ်လောကလုံးအပျော်ရွှင်ဆုံးသူနှစ်ဦးမှာမနွေအဖေနှင့်အမေသာဖြစ်ပေလိမ့်မည်။

အမေကတော့ “ငါ့သမီးဆရာမ “ ဟု နှုတ်က တစ် တွတ်တွတ်ရွတ်ရင်းပျော်ရွှင်နေခဲ့သည်။
အဖေကတော့ အငြိမ်းစားကျောင်းဆရာကြီးပေမို့ သူ့မျိုးရိုး နှင့်အလုပ်ဂုဏ်ကိုဆက်ထိန်းပေးသူ ဟူသောသဘောဖြင့်မနွေကိုပြုံးပြုံးကြီးသာကြည့်နေရှာသည်။

တစ်ဦးတည်းသောသမီးလေးမို့မနွေကိုမိဘနှစ်ပါးလုံးကအချစ်ပိုကြသည်။ မနွေကိုကလေးတစ်ယောက်လို မျက်စိအောက်ကအပျောက်မခံ။

မနွေကလည်း ကျောင်းဆင်းလို့အိမ်ရှေ့ရောက်ခင်ကတည်းကအဖေနှင့်အမေကို တကျော်ကျော်အော်ခေါ်စမြဲ။
ဖေကြီးရေ ၊မေကြီးရေ …..
သမီးပြန်လာပြီ။

သမီးအသံကြားသည်နှင့်စာဖတ်နေရာကအဖေဖြစ်သူလည်းထွက်လာ။ဟင်းချက်နေသည့်အမေကလည်းယောက်မလေးကိုင်ရင်းအိမ်ရှေ့သို့ပြေးထွက်လာမြဲပင်။

မိဘနှစ်ပါးချစ်ခင်မည်ဆိုလျှင်လည်းချစ်ခင်လောက်သည်အထိမနွေကလိမ္မာသည်။

မနက်ကျောင်းမသွားခင်မိဘနှစ်ပါးအတွက်နံနက်စာ
ပြင်ပေး၊ ထမင်းဟင်းချက်ပေးပြီးကျောင်းသွားသည်။

ကျောင်းမသွားခင်ရေချိုးသနပ်ခါးလိမ်းတဲ့အချိန်မနွေရဲ့အမေက မနွေကျောင်းမှာစားဖို့ဖွယ်ဖွယ်ရာရာလေးတွေပြင်ဆင်ပေးပြီးထမင်းချိုင့်ထဲထည့်ပေးသည်။ ဇွန်းလေးတွေ၊ခက်ရင်းလေးတွေကိုလက်သုတ်ပုဝါနှင့်အကျအန ပတ်ပြီးထည့်ပေးသည်။

ယုတ်အစွဆုံး tissue လေးတွေပါမကျန်စေရ။ အိမ်မှထွက်ခွါနီး သနပ်ခါးလေးတွေဖွေးနေတဲ့အမေ့ပါးပြင်လေးကိုအားရပါးရနမ်းပြီးမှ ကျောင်းသို့သွားစမြဲဖြစ်သည်။

အမေ့ပါးပြင်နမ်းပြီးမလုံမလဲကြည့်လိုက်တော့ မျက်လုံးလေးဝေသီကာ ပြုံးပြီးကြည့်နေတဲ့အဖေ့ကိုတွေ့တော့မနွေအားနာသွားရသည်။

“ဖေကြီးကိုလည်းချစ်တယ်နော်”

“ ရပါတယ်သမီးရယ်
အဖေကြီးကဘာမှမဖြစ်ပါဘူး
အမေဆိုတာကဝမ်းနဲ့လွယ်မွေးထားရတာလေ
အဲ့ဒါကြောင့် မိနဲ့ဘမှာ အမေကိုအရင်ဦးထိပ်ထားရ မယ်လေ။

သဘောပြည့်လွန်းတဲ့အဖေကြီးမို့မနွေသက်သာရာရခဲ့သည်။

မနွေကျောင်းကပြန်လာလျှင်တော့ ခနနားပြီးတာနဲ့မေကြီးကိုဟင်းချက်ကူဖို့ပြင်ဆင်ရင်းသားအမိနှစ်ယောက်တစ်နေ့တာလေးကိုတွတ်ထိုးစကားဖောင်ဖွဲ့ကြတော့ သည်။

ဖေကြီးကအငြိမ်းစားကျောင်းအုပ်ကြီးမို့စာဖတ်ဝါသနာပါသလိုစာဖတ်အားလည်းကောင်းသည်။ မနွေကို လည်းသုတ၊ရသ စာအုပ်များနှင့်အင်္ဂလိပ်စာများကို ဖတ်စေလိုသည်။

မနွေလည်းစာဖတ်ဝါသနာပါပေမဲ့အလုပ်တစ်ဖက်နှင့်မို့ အကြာကြီးအချိန်မပေးနိုင်။ အဖေကြီးကသူဖတ်ခိုင်းသည့်စာအုပ်များဖတ်မဖတ်တိုက်ရိုက်မမေး။

သမီးရေ ….
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းကိုဆရာကြီးDrနိုင်ပန်းလှပြုစုထားတာသိပ်ကောင်းတယ်ကွဲ့။

မွန်သူရဲကောင်းတွေထဲမှာသမီးဘယ်သူ့ကိုသဘောကျလဲ။
သူတို့ရဲ့စိတ်ဓာတ်နဲ့ခံယူချက်ကိုသမီးဘယ်လိုမြင်လဲ။

မနွေရဲ့အမြင်နဲ့ခံယူချက်ကိုပြောပြလိုက်တော့ အဖေ စိတ်ကျေနပ်သွားလေသည်။

စားသောက်ပြီးလို့အိုးခွက်ပန်းကန်တွေဆေး၊ မီးဖို ချောင်ရှင်းလင်းရေးလုပ်၊အဝတ်တွေလျှော်၊ ပြီးတာနဲ့မီးပူတိုက် ဇယ်စက်သလိုမနွေအပြေးအလွှားလုပ်လိုက်သည်။

မလုပ်လို့ကလည်းမရ။အဝတ်တွေပုံနေတာတွေ့ရင်မေကြီးကမနေတတ်။ မနွေကျောင်းသွားတာနဲ့ ခိုးပြီးသွားလျှော်လေသည်။
မေကြီးကလည်းမနွေပင်ပန်းမှာစိုး၊မနွေကလည်း မေကြီးအအေးမိမှာ၊ချော်လဲမှာကြောက်လို့ရေချိုးခန်းပေးမဝင်ဘဲတားမြစ်ထားသည်။

မနွေရဲ့မပျက်မကွက်ဝတ္တရားတစ်ခုက ဖေကြီးနဲ့မေကြီးကို ညမအိပ်ခင်ဆေးလိမ်းပြီးနင်းနှိပ်ပေးတာပါပဲ ။

“ငါ့သမီးလေးကျန်းမာပါစေ။ချမ်းသာပါစေ။
ဘေးပေါင်းရန်အပေါင်းကကင်းစင်ပါစေ။
လာမဲ့ဘေးဝေးပါစေ။ထိမဲ့ခလုတ်ဆုတ်ပါစေ။
လိုရာဆန္ဒပြည့်ဝပြီးသာသနာပြုနိုင်တဲ့သမီးကောင်း။ သမီးမြတ်ဖြစ်ပါစေ။ “

ဆိုပြီးဆုတွေကိုအရှည်ကြီးပေးတော့တာပဲ။

မနွေကြည်နူးရပါသည်။ အဖေနဲ့အမေပေးတဲ့ဆုကဘာနဲ့မှမလဲနိုင် ။

လက်အုပ်လေးချီရင်းပေးတဲ့ဆုနဲ့ပြည့်ရပါစေဖေကြီးနဲ့မေကြီးရေ ဟုရေရွတ်လိုက်မိတော့သည်။

~~~~~~~~~~~~~~~~~

သည်လိုနှင့် ချစ်ချစ်ခင်ခင်၊စည်းစည်းလုံးလုံး၊ပျော်ပျော်ရွှင်ရွှင်ရှိနေသည့်မနွေတို့ဘဝလေးစတင်ကံဆိုးမိုးမှောင်ကျခဲ့သည်။

မွေးရပ်ဇာတိမွန်ပြည်နယ်၊မုဒုံမြေသို့ပြန်ချင်သောအမေ့ဆန္ဒကို လိုက်လျောမိတာမနွေအမှားဖြစ်သွားသည်။

နှလုံးရောဂါအခံရှိသောအမေသည်လမ်းခရီး၏ပင်ပန်းမှုကိုမခံနိုင်။ ပိုးမွေးသလိုအရိပ်တကြည့်ကြည့်နှင့်ထားခဲ့ရသည့်အမေ့ကို မျက်စိတစ်မှိတ်လျပ်တစ်ပျက်အတွင်းမနွေလက်လွတ်ဆုံးရှုံးခဲ့ရသည်။

အမေ့စျာပနမှာအံတင်းတင်းကြိတ်ရင်းမနွေလိပ်ပြာတောင်းရွက်ကာလိုက်ရသည်။ အမေနဲ့လိပ်ပြာကြိုး ဖြတ်ရတော့မနွေဝမ်းနည်းမဆုံး။ ငိုရှိုက်လို့မရ။

မေကြီးကိုဂူ သွင်းသဂြိုလ်တော့မနွေနှလုံးသားတွေကျေကွဲမတတ်ခံစားရသည်။ မနွေနှလုံးသားပါမြှုပ်နှံပြီးဖြစ်သွားခဲ့ သည်။

ပိတောက်ပင်လေးအောက်မှာကျန်ရှိနေခဲ့သည့်မေကြီးအုတ်ဂူလေးကိုငေးမောရင်းမနွေတီးတိုးလေးရေရွတ်မိသည်။

“သွားနှင့်တော့မေကြီးရေ”

ပုခုံးတစ်ဖက်ကိုအသာအယာဆုပ်ကိုင်ထားသည့်ဖေကြီးကိုကြည့်ပြီးမနွေအားပြန်တင်းထားရသည်။

ငါလဲကျလို့မဖြစ်ဘူး။
ငါ့မှာ ဖေကြီးရှိသေးတယ်။

~~~~~~~~~~~~~~~~~

မေကြီးဆုံးပြီးနောက်ပိုင်းဖေကြီးသိသိသာသာစကားနည်းလာသည်။ ဖေကြီးကတရားရှိသူပေမို့တရားဘာဝနာနှင့်မွေ့လျော်ချိန်ပိုများလာသည်။ စာဖတ်ချိန်ပိုများလာသည်။

နွေဦးမေကြီးကိုသတိရတိုင်းကောင်းမှုကုသိုလ်ပို လုပ်ဖြစ်သည်။ တရားထိုင်နည်းတွေပြရင်းနွေဦးအားသူ နှင့်အတူတရားထိုင်ခိုင်းခဲ့သောအကျိုးက နွေဦးစိတ်ကို ရင့်ကျက်တည်ငြိမ်စေခဲ့သည်။

ဖေကြီးကိုပိုဂရုစိုက်ရင်းသားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်မျက်စိအောက်ကအပျောက်မခံနိုင်ကြတော့။ ဖေကြီးကိုပိုဂရုစိုက်လာမိသည်။

အစပိုင်းတော့ဖေကြီးရောနွေဦးပါအသားမကျနိုင်ခဲ့။မေကြီးချက်ကျွေးတာနှစ်ပေါင်းများစွာအသားကျလာပြီမို့ နွေဦးလက်ရာကို ဖေကြီးအကြိုက်မတွေ့။

နောက်ပိုင်းကျိုးစားချက်ရင်းဖေကြီးအကြိုက်တွေ့လာသည်။ တစ်ခုတော့ရှိသည်။စားပြီးတိုင်းဖေကြီးကသမီးအမေလက်ရာမမီပေမဲ့သမီးချက်တာလည်းစားကောင်းပါတယ်တဲ့။ မိနွေဦးကျေနပ်ရပြီလေ။

~~~~~~~~~~~~~~~~

သားအဖနှစ်ယောက်တည်းရှိတဲ့နွေဦးတို့မိသားစုလေးကိုကြမ္မာရိုင်းကဝင်လာခဲ့ပြန်တယ်။ မေကြီးပြီးတော့ဖေကြီး ။

လောကအလယ်မှာမျက်နှာငယ်စွာထားရစ်ပြန်တယ်။

ဖေကြီးနေမကောင်းဖြစ်တဲ့အချိန်နဲ့ဆုံးသွားတဲ့အချိန်ဟာနှစ်လကျော်သုံးလနီးပါးလောက်ပဲရှိတယ်ဆိုပေမဲ့မဖြေသာသော်ငြားလည်းဖေကြီးကိုသေချာပြုစုပေးလိုက်ရသေးတယ်။ မဆုံးခင်နွေဦးတစ်ယောက်တည်းကျန်ခဲ့မှာသိနေလို့ ရင်းနှီးတဲ့မိတ်ဆွေတွေ၊အမျိုးတွေကို

“ကျွန်တော့်သမီးလေးကိုစောင့်ရှောက်ပေးကြပါ။”

ဆိုပြီးလိုက်အပ်နေတဲ့ဖေကြီးကိုနွေဦးရင်နာနာနဲ့ကြည့်နေခဲ့ရတယ်။

ဖေကြီးကမှတ်ဥာဏ်သတိအားကောင်းလေတော့ မဆုံးခင်နွေဦးပရိတ်ကြီး၁၁သုတ်ကိုရွတ်ပေးတယ်။ပရိတ်တစ်ပုဒ်ရွတ်ပြီးတိုင်းအမျှဝေတယ်၊သာဓုခေါ်တယ်။

ပရိတ်ကြီး(၁၁)သုတ်လည်းပြီးရော

“သမီးရေဖေကြီး ခနတရားမှတ်လိုက်ဦးမယ်” တဲ့။

အဲ့ဒီနောက်တော့ဖေကြီးညင်သာစွာ နဲ့ လူ့လောကကြီးတစ်ခုလုံး၊ သူချစ်တဲ့သမီးနဲ့အရာအားလုံးကိုစွန့်ခွါသွားခဲ့ပါပြီ။

နောက်ဆုံးဖေကြီးရော၊မေကြီးရောလူ့လောက ကနေ စွန့်ခွါသွားတယ်။ ပိုင်ဆိုင်တဲ့အရာ၊ချစ်ခင်တဲ့သားသမီးအကုန်ထားရစ်ခဲ့ရတာပါပဲ။

ဖေကြီးနဲ့မေကြီးမှာပါသွားခဲ့တာကသူတို့အားထုတ်ခဲ့တဲ့တရားဘာဝနာနဲ့ကောင်းမှုကုသိုလ်တွေပါပဲ။

သွားနှင့်တော့ဖေကြီးရေ။

ခုတော့လေ……..

နွေဦးတစ်ယောက်တည်းပဲကျန်တော့တယ်။

~~~~~~~~~~

လူတိုင်းသွားရမဲ့လမ်းပေမို့……

နောင်တစ်နေ့ နွေဦးလည်းလူ့လောကကြီးကထွက်ခွါသွားခဲ့ရရင်မာနတွေ၊အတ္တတွေ၊လောဘတွေ၊မနာလိုဝန်တိုမှုတွေကိုဘာမှယူမသွားချင်ဘူး။

သူများတွေမျက်ရည်ကျမှကိုယ်ထမင်းစားရတဲ့ အလုပ်တွေ၊ သူများတွေနေစရာမရှိမှကျေနပ်မဲ့သူတွေ၊သူများစီကလုယက်စားရမှဝမ်းဝမဲ့သူမျိုးတွေ ၊အမှားနဲ့အမှန်၊တရားမှုနဲ့မတရားမှုကို မခွဲခြားနိုင်တဲ့သူမျိုးမဖြစ်ချင်ဘူး။

လူတွေကိုကောင်းကျိုးပြုတဲ့သူသာဖြစ်ပါရစေ။

နွေဦးမရှိခဲ့ရင်လေ……..’။
နွေဦးရဲ့မြေပုံမို့မို့လေးမှာကမ္ဘာမြေကိုအကျိုးပြုမဲ့ သစ်ပင်လေးတော့စိုက်ခဲ့ပေးပါနော်။

လူသားတွေကိုအရိပ်ရစေချင်လို့ပါ။

နွယ်မာဝေ

(၂၆-၂-၂၀၂၃)

*(မိဘနှစ်ပါးဆုံးပါးသွားပြီးလောကအလယ်တွင်ကျန်ရစ်ခဲ့သည့်သားသမီးများ၏ခံစားချက်ကိုရေးဖွဲ့ခြင်းဖြစ်ပါသည်။)