မိန်းမပျက်ဟင်းချက်(စ/ဆုံး)
————————-
“အမေ ၊ မိန်းမပျက်ဟင်းလေးမချက်တာတောင် တော်တော်ကြာနေပြီနော် ”
မနက်ပိုင်း မီးလာနေချိန်လေးအတောအတွင်း မီးဖိုချောင်မှာ အလုပ်ရှုပ်နေတဲ့ကျွန်မဟာ သားငယ်ရဲ့စကားသံကို ရုတ်တရက်နားမလည်နိုင် ဖြစ်သွားရပါတယ်၊ အိပ်ချင်မူးတူးနဲ့ ဘာတွေ ပြောနေပါလိမ့်မလဲပေါ့၊
” သားပြောတာ အမေနားမလည်လိုက်ဘူး၊ ဘာပြောလိုက်တာလဲ သားလေး ”
” အမေ့ရဲ့ မိန်းမပျက်ဟင်းဆိုတာလေ၊ မစားရတာ တော်တော်ကြာနေပြီ၊ မိန်းမပျက်ဟင်းလေးချက်ကျွေးပါဦးလား ”
” ဪ ဒါလား၊ ဘာပါလိမ့်လို့၊ ဟား ဟား ”
အမေရေးတဲ့စာကို ဖတ်ဖော်တော့အရသားလို့ စိတ်ထဲမှာ ကျေနပ်မိသလို အမေ့ဟင်းကို မိန်းမပျက်ဟင်း ရယ်လို့ တခါတည်း အမည်တပ်ပြောပုံကိုလည်း သဘောကျလွန်းလို့ အသံထွက်တဲ့အထိ ရယ်မောလိုက်မိပါတယ်၊ ကြက်ဥဟင်းချက်တိုင်း အဖေက မိန်းမပျက်ဟင်းချက်လို့ ပြောတဲ့အကြောင်း စာရေးထားဖူးတာကိုး၊
” ကြက်ဥကို ဘယ်လိုချက်ပေးရမလဲ ပြောလေ ”
“ကြက်ဥကို မပြုတ်ပဲ ခရမ်းချဉ်သီးချက်ထဲ အလုံးလိုက်ချက်တာလေးလုပ်လေ အမေ၊ မမွှေနဲ့နော်”
” အေး အေး ၊ သိပြီ သိပြီ၊ ချက်ကျွေးမယ်နော် ”
ကျွန်မဟာ သားကြီးငါးကြီးမစားပေမယ့် ကြက်ဥကိုတော့ အင်မတန် နှစ်နှစ်သက်သက်စားပါတယ်၊ သူများချက်တာကိုလည်း အတုခိုးပြီး ချက်သလို ကိုယ်တိုင်လည်း အမျိုးမျိုးချက်ပြီး စားတတ်ပါတယ်၊
မှတ်မှတ်ရရ၊ ခြောက်တန်းနှစ်တုန်းကပေါ့၊ နမ်းခမ်းမြို့က ရှမ်းမလေးတယောက် ကျွန်မတို့အတန်းထဲသို့ ကျောင်းပြောင်းရွှေ့ရင်း ရောက်လာပါတယ်၊ နန်းဟွမ်နွမ်း တဲ့၊ အသားလေးက ဖြူဥနေပြီး မန္တလေးရဲ့အပူရှိန်ကြောင့် ပါးလေးနှစ်ဖက်က အမြဲတမ်း ရဲရဲတွတ်လို့ပေါ့၊
နန်းဟွမ်နွမ်းတို့နေတဲ့အိမ်ဟာ မန္တလေးပြည်သူ့ဆေးရုံကြီးရဲ့မြောက်ဘက်မှာဆိုတော့ အားကစားရုံသွားတဲ့လမ်းနဲ့ လမ်းကြုံပါတယ်၊အဖော်မင်တဲ့ကျွန်မဟာ ညနေကျောင်းဆင်းလို့ ကျွမ်းဘားအားကစားရုံသွားရင်းနဲ့ နန်းဟွမ်နွမ်းတို့အိမ်သို့ အလည်ဝင်လေ့ ရှိပါတယ်၊
ခြောက်တန်းပေမယ့် နန်းဟွမ်နွမ်းဟာ မီးဖိုချောင်ဝင်ပြီး ချက်ရေးပြုတ်ရေး လုပ်နိုင်စွမ်းရှိသူလေးပါ၊ သူမ ဟင်းချက်နေချိန်နဲ့အမြဲတိုက်ဆိုင်နေတော့ မီးဖိုချောင်ဟာ ကျွန်မတို့ စကားပြောဖြစ်ကြတဲ့နေရာပေါ့၊
နန်းဟွမ်နွမ်းတို့မီးဖိုချောင်ဟာ မန္တလေးသူကျွန်မအတွက် အံ့ဩအားကျမိတဲ့ ပထမဆုံးသော ရှမ်းမျိုးနွယ်ရဲ့ မီးဖိုချောင်ပါပဲ၊ လူတရပ်ကျော်မြင့်တဲ့အဆင့်တွေထက်မှာ သန့်ရှင်းပြောင်လက်နေတဲ့ လေးထောင့်ဖန်ပုလင်းတွေကို အစီအရီ တင်ထားပါတယ်၊ ဖန်ပုလင်းကြီးတွေထဲမှာ မှတ်မိသလောက်ပြောရရင် မျှစ်ချဉ်၊ စွန်တန်၊ ဆီတိုဟူး၊ ငရုတ်၊ ဟင်းခတ်အမွှေးအကြိုင်အစရှိတာတွေ ထည့်ထားပြီး မုန်ညင်းချဉ်ကိုတော့ စဉ့်အိုးငယ်ကလေးနဲ့ထည့်သိမ်းထားပါတယ်။
တရက်မတော့ နန်းဟွမ်နွမ်းဟာ ကြက်သွန်ဖြူ၊ ကြက်သွန်နီဆီသတ်ပြီး အိုးထဲသို့ ရေတွေအများကြီးထည့်လိုက်ပါတယ်၊ ရေဆူလာတဲ့အခါ ကြက်ဥတွေ ဖောက်ပြီး ထည့်လိုက်ပါတယ်၊ အံ့အားသင့်သွားတဲ့ ကျွန်မက သူ့ကို မေးတော့တာပေါ့၊
” အဲဒါ ဘာဟင်းလဲဟယ်”
” ကြက်ဥ ဟင်းချိုချက်တာလေ ”
ပွက်ပွက်ဆူနေတဲ့ ဟင်းရည်ထဲမှာ အဖြူရောင် အလုံးတွေဟာ အပေါ်တက်လာလိုက် အောက်မြုပ်သွားလိုက်နဲ့၊ လည်နေတာပဲ၊ ကြက်ဥကို ဒီလို လုပ်စားတာ စားလို့ ကောင်းမှ ကောင်းပါ့မလားလို့ အကြာကြီးတွေးနေမိစေတဲ့ ဟင်းပါပဲ၊
အခုတော့ ကြက်ဥဟင်းချိုကို မွှေးပျံ့ပြီး အရသာရှိအောင် ကောင်းကောင်း ချက်တတ်နေပါပြီ၊ အံမယ် အလုံးလိုက်တင် ဘယ်ကပါ့မလဲ၊ တရုတ်စားဖိုမှုးကြီး ယန်ချက်ပြတဲ့ ပန်းပွင့်နဲ့တူတဲ့ ကြက်ဥမွှေဟင်းရည်လ ည်း ကောင်းကောင်းချက်တတ်နေပါပြီ၊
ပြောရရင်တော့ ကြက်ဥနှစ်သက်တဲ့ကျွန်မဟာ ကိုယ်တိုင်လည်း နှစ်နှစ်သက်သက်စားသလို အဖေ့ကိုလည်း ချက်ကျွေးပါတယ်၊
” ကြက်ဥဟင်းဆိုတာ မိန်းမပျက်ဟင်းပဲ ”
အဖေ့ရဲ့ မှတ်ချက်စကားဟာ ကျွန်မကို အတော် မခံချင်စိတ် ဖြစ်သွားစေခဲ့ပါတယ်၊
နေရာမျိုးစုံကနေ လေ့လာသင်ယူထားတဲ့ ချက်နည်းပေါင်းစုံနဲ့ ကြက်ဥချက် ချက်ပြီး အဖေ့ကို ကျွေးသော်ငြားလည်းပဲ တခုတည်းသော မှတ်ချက်သာ ကျွန်မ ရရှိခဲ့ပါတယ်၊
” မိန်းမပျက် ဟင်းချက် တဲ့ ”
ပဲခူးတိုင်း သာယာဝတီခရိုင်မှာ လူလားမြောက်ကြီးပြင်းခဲ့တဲ့အဖေဟာ ကျောက်ဆည်ဇာတိ အညာသူအမေ့ရဲ့ ဟင်းချက်လက်ရာအပေါ် ဘယ်သောအခါမှ စိတ်ကျေနပ်မှု မရခဲ့ပါဘူး၊ ငါးဟင်းချက်တဲ့အခါ ချက်တဲ့ငါးဟင်းကိုအနှစ်လုပ်ပြီး ငါးပိရည်ဖျော်ကို အတို့အမြှုပ်အစုံနဲ့ စားချင်တဲ့အဖေ့ရဲ့အာသီသဟာ ကြက်သွန်နီဆီသတ်ပြီးပုဇွန်ခြောက်နိုင်နိုင်နဲ့ဖျော်ထားတဲ့ အမေ့လက်ရာ ငံပြာရည်ဖျော်ကို လက်မခံနိုင်ခဲ့ပါဘူး၊ ကျွန်မမိဘနှစ်ပါးရဲ့ နေ့စဉ်ထမင်းပွဲဟာ နေ့စဉ် ငရဲကဲ့သို့ပါ၊
စားရတဲ့အဖေကလည်း အာသီသမပြေ၊ ချက်ရတဲ့အမေ့ခမျာလည်း ချီးမွမ်းစကားမရနဲ့၊ နှစ်ယောက်စလုံး သနားစရာ ကောင်းလှပါဘိ၊
” သရက်ကင်းဆိုတာ ပါစွန်နဲ့မှ အကောင်းဆုံးပဲ ”
” အဖေ ပါစွန်ဆိုတာ ဘာလဲဟင် ”
” ငါးသေးသေးလေးတွေကို ဆားနဲ့ ပုလင်းထဲ ထည့်သိပ်ထားတာလေ ”
” ရေကျိုငပိလိုမျိုးလားအဖေ ”
” မဟုတ်ဘူး၊ ငါးသေးငါးမွှားလေးတွေနဲ့သိပ်ရတာ၊ တနှစ်လောက်နေတော့ အကောင်ပျောက်သွားတယ်လေ၊ အဲဒါဆိုရင် စားလို့ရပြီ ”
တခါမှ မစားဖူး မမြင်ဖူးခဲ့ပေမယ့်လည်း အဖေ့အတွက် ပါစွန်တဘူးတော့ သိပ်ပေးဖြစ်ခဲ့ပါလေရဲ့၊ အဖေက နှစ်နှစ်သက်သက်စားတော့လည်း လုပ်ပေးမိခဲ့တဲ့ ကိုယ့်ကိုယ်ကိုလည်း ကျေနပ်ခဲ့ရတာပေါ့၊
အခုဆိုရင် ကျွမ်းကျင်စာဖိုမှူးတွေရဲ့ ဟင်းချက်ပုံတွေကို မြင်ခွင့် ရနေကြပါပြီ၊ ဓားကိုင်တာကအစ စနစ်တကျ သင်ယူကြရပြီး ဟင်းမွှေတာကိုလည်း ကျွမ်းကျင်တဲ့အထိ လေ့ကျင့်ကြရသလို မီးကိုလည်း လိုအပ်သလို အချိန်အဆနဲ့ ပေးတတ်အောင် အသေးစိတ်သင်ယူရကြောင်းလည်း သိပါပြီ၊
ဟင်းကိုလည်း စားမယ့်ပန်းကန်ထဲရောက် ပြီးရောမဟုတ်ပဲ တယောက်စာ အလေအလွင့်မရှိအောင် ချိန်ဆပြီးထည့်ရမှန်းလည်း သိပါပြီ၊ စာဖိုမှူးကြီးတွေဟာ ဆော့ကို လှလှပပလေးထည့်ပြင်တတ်တာလည်း အပိုလုပ်တာမဟုတ်ပဲ စနစ်ကျမှု ကျွမ်းကျင်မှုကို ပြသတယ်ဆိုတာလည်း နားလည်ပါပြီ၊
ဒီနေ့တော့ ကျွန်မရဲ့ အကျွမ်းကျင်ဆုံးဖြစ်တဲ့ ကြက်ဥအလုံးလိုက်ဟင်းလေး ချက်ထားပါတယ်၊ ဟင်းအနှစ်ကျပြီး ခရမ်းချဉ်သီးလိပ်လို့ ဆီပြန်လာပြီဆိုရင် ရေန ည်းနည်းစွက်လိုက်ပါတယ်၊ ကြက်ဥတွေကို အနှစ်မကွဲအောင် ဂရုတစိုက်ဖောက်ထည့်ပြီးရင် အပေါ်ကနေ ငရုပ်ကောင်းနဲ့ ငရုပ်စိမ်းလေး အုပ်လိုက်ပါတယ်၊ အဲဒါပြီးရင် အဖုံးဖုံးပြီး မီးပိတ်လိုက်ပါတယ်၊ မီးဖိုက ကျန်နေတဲ့မီးအရှိန်က ဆက်ပြီးဟင်းကို ပြည့်စုံအောင် ချက်ပေးပါတယ်၊
ကြက်ဥဟင်းချက်တိုင်း အဖေ့ရဲ့ မိန်းမပျက်ဟင်းချက်ဆိုတဲ့ ရေရွတ်ခြင်းဟာ ကဲ့ရဲ့တာမဟုတ်ပဲ ဆိုရိုးစကားကို ညည်းတွားတယ်ဆိုတာ သမီး အခုတော့ သိပါပြီ၊ လွမ်းတယ်အဖေ၊ ကြက်ဥဟင်းချက်လေတိုင်း မျက်ရည်လည်လာတဲ့အထိ အဖေ့ကို လွမ်းတယ်အဖေ။
#ခင်မိမိ_နန်းတော်ရှေ့