ကတိသစ္စာတည်သောအခါဝယ်

 ကတိသစ္စာ တည်သောခါဝယ်

=========================


"ကတိသစ္စာ၊ တည်သောခါ၌၊ 

သြဇာလေးနက်၊ ပေါ်စီတက်၍၊ 

နွယ်မြက်သစ်ပင်၊ 

ဆေးဘက်၀င်၏။" 

(ရှင်မဟာသီလဝံသ) 


ကတိတည်ခြင်း၊ သစ္စာရှိခြင်းဟူသော အကျင့်တရားများသည် လောကလူသားများအတွက် အလွန်အရေးကြီးပြီး တန်ဖိုးထားသင့်သည့် ဂုဏ်သိက္ခာများဖြစ်၏။ ကတိတည်ခြင်း၊ သစ္စာရှိခြင်းများသည် ကိုယ်ကျင့်သိက္ခာ အပိုင်းနှင့်လည်း ဆက်စပ်နေသကဲ့သို့ ကတိတည်သူ၊ သစ္စာရှိသူများသည်လည်း အကျင့်သီလမြဲသူများအဖြစ် ဂုဏ်တင့်နိုင်ကြမည် ဖြစ်၏။


ကတိသစ္စာ တည်နေသမျှ အခက်အခဲမှန်သမျှကိုလည်း ထိုအကျင့်တရားများဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ကြမည်သာ ဖြစ်၏။ အထူးသဖြင့် သစ္စာတရားသည် မေတ္တာအားဖြင့် ပေါင်းစပ်နိုင်လျှင် မဖြစ်နိုင်သည်များပင် ဖြစ်လာနိုင်ပြီး သက်ရှိသက်မဲ့အားလုံးတို့၏ အပြောင်းအလဲဖြင့် အကောင်းများပင် တွဲလာနိုင်မည်ဖြစ်၏။ ထို့ကြောင့် သူတော်ကောင်းများက ကတိသစ္စာတည်လာပါက သက်မဲ့ဖြစ်သည့် နွယ်မြက်သစ်ပင် စသည်များပင် ဆေးဘက်ဝင်လာတတ်ကြောင်း ဆိုခြင်းဖြစ်၏။ 


မှန်၏။ ကတိသစ္စာသည် တည်တံ့လျှင် တည်တံ့နိုင်သည်နှင့်အမျှ အကျိုးသက်ရောက်မှု ကောင်းများကို ဖြစ်စေနိုင်ပေ၏။ မိမိ၏ ကတိသစ္စာ တည်တံ့မှုကို အကြောင်းပြု၍ မိမိလည်း အကောင်းများ စုနိုင်သကဲ့သို့ သူတပါးကိုလည်း ကောင်းမှုအစုများ ပြုပေးနိုင်ပေ၏။ သစ္စာစကားဖြင့် အပြစ်အနာအဆာများကိုပင် ပျောက်ပေးစေနိုင်၏။ 


ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင် အမျိုးမျိုးသော သစ္စာစကားများကို တိုင်တည်မှုပြုကာ သတ္တဝါအများ၏ ဒုက္ခအပေါင်းကို ကယ်တင်ပေးဖူး၏။ သတ္တဝါအများ၏ ဘေးအန္တရာယ်များကို အရံအတားပြုကာ အကာအကွယ်ပြုပေးထားသည့် ဘုရားရှင်၏ ပရိတ်ဒေသနာများတွင် ထိုသို့သော သစ္စာပြုချက်များကို အများအပြား တွေ့ရမည်ဖြစ်၏။ 


ဗုဒ္ဓ၏ ပရိတ်ဒေသနာတော်များတွင် “ဧတေန သစ္စဝစ္စေန သောတ္ထိတေ ဟောတု သဗ္ဗဒါ” ဟူသော စကားများကို အများအပြား တွေ့ရမည်ဖြစ်၏။ ထိုစကား၏ အဓိပ္ပါယ်မှာ “ဤမှန်သော သစ္စာစကားကြောင့် သတ္တဝါများအား အခါခပ်သိမ်း ချမ်းသာခြင်းကို ဖြစ်ပါစေ”ဟူ၍ ဖြစ်၏။ 


ဤသည်မှာ မှန်ကန်သည့်သစ္စာ၊ တည်တံ့သည့် ကတိစကားများသည် သတ္တဝါများအား အားအသစ်ကိုဖြစ်စေပြီး ထိုအားများကပင် သတ္တဝါများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုသည့် သဘောမျိုးဖြစ်၏။ 


အားဟုဆိုသော်လည်း စင်စစ်ထိုအားများသည် မည့်သည့်တန်ခိုးရှင်၊ ဖန်တီးရှင်ကမျှ ဖြည့်ပေးနိုင်သည့် အားများမဟုတ်ဘဲ မိမိတို့ကိုယ်တိုင်သာလျှင် ကတိတည်ခြင်း၊ သစ္စာရှိခြင်းဟူသည့် အကျင့်သိက္ခာ တရားများဖြင့်သာ ပြည့်စေရမည့်အားများ ဖြစ်ပါ၏။ 


ကတိများများတည်လျှင်၊ သစ္စာများများရှိလျှင် မိမိသန္တန်တွင် ထိုကတိသစ္စာ တရားများ၏ စွမ်းအားများသည်လည်း ပိုမိုတိုးပွားကာ လိုအပ်သည့် အကျိုးတရားများကို ပြီးမြောက်စေနိုင်မည် ဖြစ်သဖြင့် သက်ရှိသက်မဲ့ အရာအားလုံးတို့၏ တန်ပြန်သက်ရောက်မှု အကျိုးကောင်းများကို ရယူလိုသူများသည် ကတိသစ္စာတရားများကို အခိုင်မာဆုံးဖြစ်အောင်သာ ကြိုးစားကြရမည် ဖြစ်ပါ၏။ 


အမှန်အားဖြင့် ကတိသစ္စာတည်ခြင်းဟူသည် အခြားမဟုတ်၊ ကိုယ်ကျင့်သိက္ခာလုံနေခြင်းပင် ဖြစ်၏။ သီလလုံနေသူ တစ်ယောက်သည် စကားကိုအလွယ်ပြော၊ ကတိကို အလွယ်ပေးပြီး စောင့်ထိန်းရမည့် သစ္စာတရားကို ချိုးဖောက်သူ အဖြစ်မှလည်း ရှောင်ကြဉ်ပြီးသား ဖြစ်နေပေ၏။ 


သာမန်လူများ အနေဖြင့် နေ့စဉ်စောင့်ထိန်းရသည့် ငါးပါးသီလကိုသာ မကျိုးမပေါက်အောင် စောင့်ထိန်းထားနိုင်လျှင် ကတိလည်း တည်နေမည်ဖြစ်ပြီး သစ္စာလည်းရှိနေမည်သာ ဖြစ်၏။ 


ဥပမာအားဖြင့် လူပုဂ္ဂိုလ်တစ်ယောက်သည် မိမိ၏ အိမ်ထောင်သည် အပေါ်မှာ သစ္စာရှိခြင်း၊ သူတပါးအကျိုး ယုတ်စေမည့် မဟုတ်မမှန်သည့် စကားများကို ပြောဆိုခြင်းမှ ရှောင်ကြဉ်နေခြင်းသည် ငါးပါးသီလထဲမှ ကာမေသုမိစ္ဆာစာရနှင့် မုသာဝါဒ သိက္ခာပုဒ်များကို စောင့်ထိန်းနေခြင်း ဖြစ်သဖြင့် အပြန်အနေဖြင့် ထိုသီလများကို စောင့်ထိန်းနေသမျှ ကတိသစ္စာများလည်း တည်နေကြပြီးသား ဖြစ်ပါ၏။


ထိုသို့ အကျင့်သိက္ခာလုံသဖြင့် ကတိသစ္စာတည်နေသူများသည် လောကဓံ အလှည့်အပြောင်းများကြောင့် ဘဝအတက်အကျများနှင့် ကြုံနိုင်ငြားသော်လည်း အရေးကြီးသည့်အခါ မိမိတို့၏ သီလတရားကို သက်သေထားကာ သစ္စာပြုမည်ဆိုပါက ထိုသစ္စာတရား၏ အားများဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မည်မှာ အမှန်ပင် ဖြစ်ပါ၏။ 


မိမိက အကျင့်သိက္ခာ မြင့်မားစွာဖြင့် ကတိသစ္စာ တည်ထားလျှင် မိမိသာလျှင်မဟုတ် မိမိနှင့် ပတ်သက်သူများကိုပင် သစ္စာစကားဖြင့် ဒုက္ခအစုကို ကျော်လွှားနိုင်မည်မှာ အသေအချာပင် ဖြစ်ပါ၏။

 

ဗုဒ္ဓဘာသာ မြန်မာအများ ရင်းနှီးပြီးသားဖြစ်သည့် အင်္ဂုလိမာလ ပရိတ်တော်ကို ကြည့်ပါက အင်္ဂုလိမာလ မထေရ်ကြီးသည် မိမိ၏ ကတိသစ္စာစကားဖြင့် မီးမဖွားနိုင်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား အလွယ်တကူ မီးဖွားနိုင်စေရန် သစ္စာပြုကာ ဘေးရန်ကာပေးနိုင်ခဲ့သည်ကို အထင်အရှား တွေ့ကြရမည်ဖြစ်၏။ 


အင်္ဂုလိမာလ ပရိတ်တော်၏ အဓိကအပိုင်းတွင် အင်္ဂုလိမာလ မထေရ်ကြီး သစ္စာပြုသည့် စကားတော်မှာ “နှမ ငါသည် မြတ်စွာဘုရားရှင်၏ သာဝက အရိယာ ဖြစ်တော်မူပြီးချိန်မှစ၍ သေစေလိုသော စေတနာဖြင့် သူတပါးအသက်ကို သတ်ဖြတ်ခြင်းကို ပြုလည်းမပြု၊ သိလည်းမသိတော့ပေ၊ ဤမှန်သော သစ္စာစကားကြောင့် မီးဖွားရန် အခက်အခဲဖြစ်နေသော ချစ်နှမအား ချမ်းသာမှုဖြစ်ပါစေ”ဟူ၍ ဖြစ်၏။ 


အင်္ဂုလိမာလ မထေရ်ကြီး၏ ထိုသစ္စာစကားမှာ မိမိကိုယ်တိုင် အကျင့်သီလပိုင်းကို အကောင်းဆုံးဖြစ်အောင် စောင့်ထိန်းပြီး ထိုအကျင့်သီလ ကောင်းကိုသက်သေပြု့ကာ အများတကာ ချမ်းသာရေး သစ္စာဆိုပေးထားသည့် စကားဖြစ်သဖြင့် ထိုအကျင့်သစ္စာ အစွမ်းအားများသည်လည်း လက်တွေ့တွင် သတ္တဝါများအား ချမ်းသာမှုကို ဖြစ်စေခဲ့ခြင်း ဖြစ်၏။ 


အရင်းစစ်သော် အကျင့်သိက္ခာကောင်းသည် သစ္စာအားအဖြစ် ကောင်းမြတ်သည့် သြဇာကို သက်ရောက်ပေးခြင်းပင် ဖြစ်၏။ ထို့ကြောင့် မိမိသူတပါး ချမ်းသာရေးအတွက် အကောင်းဆုံး သက်ရောက်မှုကို ပေးလိုသူများသည် ကိုယ်ကျင့်သီလကို လုံခြုံအောင်စောင့်ထိမ်းခြင်းဟူသည့် ကတိသစ္စာကို တည်တံ့အောင်သာ ကြိုးစားကြရန်လိုကြောင်း ဆိုခြင်းဖြစ်ပါ၏။ 


စင်စစ် ကတိသစ္စာတရားသည် အကျင့်သိက္ခာ အားကောင်းနေသမျှ အစွမ်းအာနိသင်များလည်း တိုးပွားနေမည်သာ ဖြစ်ပါ၏။ ထိုအချက်ကို ဘုရားလက်ထက်မှစ၍ ရှေးရှေးသူတော်ကောင်းများ၏ အဖြစ်အပျက်များကို ကြည့်ပါက လက်တွေ့အားဖြင့် သိနိုင်မည်သာ ဖြစ်၏။ 


အကျင့်သီလ အားကောင်းစွာဖြင့် ဆိုခဲ့ကြသည့် သစ္စာစကားများသည် သူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များ၏ အထံသို့ပင် ပြန့်နှံ့ကာ ထိုထိုသူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များ၏ စောင့်ရှောက်မှုဖြင့် သတ္တဝါများအား ချမ်းသာမှုကို ဖြစ်စေခဲ့ကြသည်မှာ အထင်အရှားပင် ဖြစ်ပါ၏။ 


ကတိသစ္စာတည်ခြင်းဟူသော အကျင့်သီလကောင်းသည် သက်ရှိသက်မဲ့များအပေါ်တွင် သက်ရောက်မှုဖြစ်ကာ ယုတ်စွာအဆုံး နွယ်မြက်သစ်ပင်များသည်ပင် အစွမ်းထက်သည်အထိ အကျိုးရှိစေခဲ့သည်မှာ အမှန်ပင် ဖြစ်ပါ၏။ 


သို့သော် သဒ္ဓါတရား၊ သီလတရား၊ ဝီရိယတရား၊ ပညာတရား၊ သတိတရားများ ယုတ်လျော့လာသည့် ယနေ့ခေတ်ကာလတွင်ကား လူအတော်များများသည် ကတိတရားများ ဖောက်ဖျက်နေကြသကဲ့သို့ သစ္စာတရားများလည်း ပျောက်ပျက်နေကြသဖြင့် ထိုကတိသစ္စာတရား၏ စွမ်းပကားများမှာ ထင်သလောက် အစွမ်းမရောက်ဘဲ ဖြစ်နေကြသည်ကို တွေ့နေရ၏။ 


လူအတော်များများသည် ကတိကို အလွယ်ပေးကာ အလွယ်ဖျက်နေတတ်ကြသကဲ့သို့ စောင့်ထိန်းရမည့် သစ္စာတရားများကိုလည်း မစောင့်ထိန်းဘဲ အလွယ်တကူပင် ဖောက်ဖျက်နေတတ်ကြ၏။ 


တဒင်္ဂအခိုက်အတန့် အရေးကိုသာ ဦးစားပေးနေပြီး ထိုအခိုက်အတန့် အဆင်ပြေရေးအတွက်ဆိုလျှင် လိမ်ပြောရမှာလည်း ဝန်မလေး၊ မသိမသာတစ်မျိုး၊ သိသိသာသာတစ်ဖုံ ခိုးဝှက်ရမည်ကိုလည်း မကြောက်လန့်၊ အိမ်ထောင်ရှိနေသူရော၊ မရှိသူများပါမကျန် အိမ်ထောင်ရေး ဖောက်ပြန်ကာ သစ္စာဖျက်ရမည်ကိုလည်း အလေးမထား၊ သောက်သောက်စားစား လုပ်ရမှာလည်း ပေါ့ပေါ့ပါးပါးပင် ဖြစ်နေတတ်ကြ၏။


ထိုသို့အကျင့်တရားကို အခြေခံထားသည့် ကတိသစ္စာတရားများ မတည်ဘဲ သွားနေကြသဖြင့် သတ္တဝါများအား ဒုက္ခတရားများ ဖြစ်ပေါ်လာသည့်အခါတွင်လည်း သစ္စာတရား၏ အစွမ်းအာနိသင် အကျိုးသက်ရောက်မှုမှာလည်း ထင်သလောက် အစွမ်းမထက်ဘဲ ဖြစ်နေကြခြင်း ဖြစ်၏။ 


အရင်းစစ်သော် သစ္စာတရားက အစွမ်းမထက်ခြင်းမဟုတ်၊ မိမိတို့၏ အကျင့်တရားများက အစွမ်းထက်အောင် မထောက်ပံ့နိုင်ခြင်းသာ ဖြစ်၏။ အကယ်၍သာ အကျင့်တရားကို ကောင်းအောင်နေထိုင်ကြမည်ဆိုလျှင် အကျင့်ကောင်းသဖြင့် ကတိလည်းကောင်းမည်ဖြစ်ပြီး သစ္စာလည်းကောင်းနေမည်ဖြစ်ကာ ကတိသစ္စာ ကောင်းလာလျှင် ထိုအကောင်းများ၏ အကျိုးသက်ရောက်မှုသည်လည်း သြဇာကောင်းများအဖြစ် အပြောင်းအလဲဖြစ်ကာ သက်ရှိသက်မဲ့များအထိ သက်ရောက်မှုဖြစ်စေလျက် အကျိုးကောင်းများကို ဖြစ်လာစေမည်မှာ မလွဲဧကန်ပင် ဖြစ်ပါ၏။

 

ဆိုလိုသည်မှာ ယနေ့ခေတ်တွင် လူအတော်များများသည် ကိုယ်ကျင့်သိက္ခာအပိုင်းတွင် တဖြည်းဖြည်း ဆုတ်ယုတ်လာနေသည်နှင့်အမျှ ကတိမတည်ခြင်း၊ သစ္စာမရှိခြင်းများသည်လည်း ပိုမိုများပြားလာကာ ထိုကတိသစ္စာ ဖောက်ဖျက်မှုများကို အကြောင်းပြု၍ သက်ရှိသက်မဲ့များ၏ အစွမ်းသတ္တိများသည်လည်း တဖြည်းဖြည်း ဆုတ်ယုတ်လာနေကြခြင်း ဖြစ်သဖြင့် ထိုအချက်ကို သတိပြုဆင်ခြင်ကာ လောကသားများ အနေဖြင့် မိမိတို့၏ သန္တာန်တွင် ကတိသစ္စာတည်တံ့စေလျက် သက်ရှိသက်မဲ့များအထိ သြဇာသက်ရောက်မှု ဖြစ်စေကာ အကျိုးသက်ရောက်မှုကောင်းများ ရရှိနိုင်ကြစေရန် မိမိတို့၏ အကျင့်သိက္ခာကိုသာ ကောင်းမွန်အောင် စောင့်ထိန်းကြရမှာဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ 


ထို့ကြောင့် လောကဘုံသား လူအများအနေဖြင့် အပျက်တရားများ များများလာသည့် ယနေ့ခေတ်တွင် မည်သူ တရားပျက်ပျက် မိမိတို့မပျက်အောင်၊ မည်သူ ကတိသစ္စာပျက်ပျက် မိမိတို့မပျက်အောင် ကတိသစ္စာတည်တံ့ခြင်း၏ အခြေခံအကြောင်းဖြစ်သည့် အကျင့်သိက္ခာပိုင်းကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ရင်း မိမိတို့ကိုယ်တိုင်သာ သဒ္ဓါ၊ သီလ၊ သတိ၊ ပညာ၊ ဝိရီယတရားများဖြင့် မိမိတို့၏အစွမ်းကို ထုတ်နိုင်အောင် လေ့ကျင့်ကြဖို့ သတိပေးတိုက်တွန်းလိုက်ရပါသည်။ 

💖💕👍💞


Credit #အရှင်ဝိစိတ္တ (မနာပ ဒါယီ)