နဖားကြိုး
----------
နွားပွဲဈေးတစ်ခုတွင်ဖြစ်သည်။
တစ်လမှတစ်ကြိမ် ကျင်းပသော နွားပွဲဈေးဖြစ်သဖြင့် လူလည်းစည်သည်။ နွားဈေးကိုအမှီပြုပြီး အခြား စားသောက်စရာများ၊ အဝတ်အထည်များ၊ အိမ်သုံးပစ္စည်းလေးများကိုလည်း လာရောင်းကြသဖြင့် ပွဲဈေးက ပိုပြီးစည်ကားနေသည်။
ဆရာတပည့်နှစ်ယောက်လည်း ထိုနွားပွဲဈေးကို ရောက်လာသည်။
“ဆရာ ... မုန့်ဟင်းခါးလေးစားချင်လိုက်တာ”
“စားပေါ့ကွယ် ... ဆရာလည်း ဆာနေတာ”
သူတို့နှစ်ယောက် ထိုင်ခုံတွင်ထိုင်ကာ မုန့်များကိုမှာပြီး စားကြသည်။ ထိုအချိန်တွင် နွားပွဲဈေးတွင် ရောင်းချမည့် နွားတွေကို ဆွဲလာကြသည်။ နွားဈေးကား အထွေအထူးမဟုတ်။ ခြံဝိုင်းကြီးတစ်ခုလို တိုင်တွေကိုစီကာ ထောင်ထားသည့် ကွင်းတစ်ခုသာဖြစ်သည်။ မိမိရောင်းချင်သော နွားတွေကို တိုင်တစ်တိုင်တွင် ချည်ပြထား လိုက်ရုံသာဖြစ်သည်။ နွားဝယ်ချင်သူတွေက လိုက်ကြည့်မည်။ ကြိုက်လျှင် ရောင်းသူနှင့် ဝယ်သူ ဈေးဆိုကြမည်။ ဈေးတည့်လျှင် ငွေချေကာ ဝယ်သူက နွားကို ဆွဲသွားရုံပင်။
စားသောက်ပြီး အမောပြေထိုင်နေကြသော ဆရာတပည့်နှစ်ယောက်က လူတစ်ယောက် နွားဆွဲလာသည်ကို ကြည့်နေသည်။
“ဆရာရယ် ချောလိုက်တဲ့နွားကြီး”
“အေးကွ ... ခုပွဲဈေးမှာ တွေးသမျှထဲမှာတော့ အချောဆုံးပဲကွယ်။ ဒါနဲ့ ငါ့တပည့်ကို မေးရဦးမယ်”
“ဟုတ်ကဲ့ပါခင်ဗျာ”
“နွားကို ဘာနဲ့ ဆွဲလာတာတွေ့သလဲ”
“ကြိုးနဲ့ဆွဲလာတာပါခင်ဗျာ”
“ဘယ်သူက ဘယ်သူ့ကို ချည်ပြီးဆွဲလာတာလဲကွ”
“ဆရာရယ် လူက နွားကို ချည်ပြီးတော့ ဆွဲလာတာပေါ့”
“မှန်သကွယ့် ... လူက နွားကို ကြိုးနဲ့ ချည်ပြီး ဆွဲလာတာ။ လူက နွားသခင်ဆိုတော့ နွားက နဖားကြိုးအထိုးခံပေါ့ နော်။ နဖားကြိုးထိုးပြီးတော့ လူခေါ်ရာကို နွားက လိုက်ခဲ့ရသပေါ့။ မကြာခင်မှာပဲ အဲဒီနွားလည်း သခင် ပြောင်းကောင်း ပြောင်းတော့မယ်။ ဘယ်လိုပဲ သခင်ပြောင်းသည်ဖြစ်စေ နွားကတော့ နဖားကြိုး တန်းလန်းနဲ့ပဲ သခင်နောက်ကို လိုက်သွားရမှာ။ ဘာကြောင့်လဲ ဆိုတော့ကာ နွားဖြစ်နေတာကိုး”
“ဟုတ်ကဲ့ပါဆရာ ... အဲဒါတွေကို တပည့်လည်း သိပါတယ်ခင်ဗျာ ... ဆရာ ပြောချင်တာ ဘာများပါလိမ့်”
“ဆိုလိုချင်တာက နွားဖြစ်တော့ ကျွန်ပေါ့ ... လူခေါ်ရာလိုက်ရာတော့တာပေါ့။ ကိုင်း တပည့်ရာ ဘယ်သူက ကျွန် ... ဘယ်သူက သခင်ဆိုတာ ကြည့်ရအောင် ... မင်းဒီမှာထိုင်ခဲ့”
ဆရာက တပည့်ဖြစ်သူကို ထားခဲ့ပြီး တိုင်တွင် ချည်ထားသော နွားအနီးကို ကပ်သွားသည်။ နွားကို ပွတ်သပ် ကြည့်ရင်းက ပိုင်ရှင်အလစ်တွင် နဖားကြိုးအား ချည်ထားသော ကြိုးကို ဖြေလိုက်ပြီး တင်ပါးကို ပုတ်လိုက်ရာ နွားက ပြေးလေတော့သည်။
“ဟ ... နွားလွတ်သွားပြီဟ ... လိုက်ပါဟ ... ဖမ်းပါဟ”
နွားပြေးရာနောက်ကို နွားပိုင်ရှင်ကလိုက်သည်။ နွားကလည်း မိမိကို ချည်နှောင်ထားသည့် ကြိုးမရှိမှန်း သိသည့်အခါတွင် သူပြေးချင်ရာကို ပြေးတော့သည်။
ဆရာက တပည့်ထံပြန်လာပြီး
“ကိုင်း ငါ့တပည့်ရေ ... ကြည့်လိုက်စမ်း ... ခုတော့ ဘယ်သူက သခင် ... ဘယ်သူက ကျွန်လည်း ဆိုတာ ... သခင်ဆိုတဲ့ လူက ကျွန်ဆိုတဲ့နွားနောက်ကို ပြေးလိုက်နေရပြီလေ”
ဆရာက ဆက်ပြောသည်
“တွေ့ပြီလားတပည့် ... အချည်ခံထားရလို့ နွားဖြစ်နေပေမယ့် ... နွားလည်း ချည်ထားတာ မရှိဘူးဆိုရင် သူပြေးချင်ရာကို ပြေးမှာပဲ။ နဖားကြိုး အထိုးခံလိုက်ရပြီ ဆိုကတည်းက နွားဘဝက မလွတ်လပ်တော့ဘူး”
“ဒါပေမဲ့ ဆရာ ... ဟိုမှာ နွားကို သူ့သခင်က ပြန်မိပြီး နဖားကြိုးကပဲ ဆွဲလာပြီ”
နွားက သခင်ဆွဲရာကို ပြန်ပါလာသည်။ ထို့နောက် တိုင်တွင် ကြိုးရှည်ဖြင့် ပြန်ချည်ထားခြင်း ခံလိုက်ရပြန်သည်။
“ဆရာ ဆိုလိုချင်တာက နွားဖြစ်ရတဲ့ဘဝ နဖားကြိုး အထိုးခံလိုက်ရပြီ ဆိုကတည်းက ဘဝမှာတစ်ပန်းရှုံးနေပြီ။ ကဲ တပည့်အနေနဲ့ လက်တွေ့ စမ်းသပ်ကြည့်ပါလား”
တပည့်ဖြစ်သူကလည်း သူ့ဆရာနည်းအတိုင်း နွားတစ်ကောင်အနီးကို ချဉ်းကပ်ပြီး ကြိုးကို ဖြုတ်ကာ တင်ပါးကို ပုတ်လိုက်သည်။
သို့သော် နွားက မပြေး။ ချည်တိုင်ကာ ပတ်ကာနေသည်။ တပည့်ဖြစ်သူက ဆရာ့ထံပြန်လာသည်
“ဆရာ ... ဆရာ့နည်းအတိုင်း ကြိုးကို ဖြုတ်ပေးလိုက်ပြီး ... တင်ပါးကို ပုတ်လိုက်တာပဲဆရာ ... ဒါပေမဲ့ အဲဒီနွားက မပြေးဘူးဆရာ”
“အေးကွ ... သူ့ရှေ့မှာ နဖားကြိုး အထိုးခံထားရတာချင်းအတူတူ ပြေးလို့ မလွတ်ပါဘူးဆိုတဲ့ သင်ခန်းစာက ရှိနေလေတော့ မပြေးတာလဲ ဖြစ်နိုင်တာပဲ။ ဘာပြောပြောကွယ် ... နဖားကြိုး အထိုးခံလိုက်ရပြီ ဆိုကတည်းက တစ်ပန်းက အလိုလိုရှုံးနေပြီးသား။ တပည့်ရေ ... ဘဝမှာ လွတ်လပ်ချင်တယ်ဆိုရင် ဘယ်တော့မှ နဖားကြိုး အထိုးမခံနဲ့ သိလား။ နဖားကြိုး အထိုးခံလိုက်ရပြီဆိုတာနဲ့ ဘယ်လိုပြေးပြေး မလွတ်တော့ဘူးဆိုတာ အလိုလိုသိပြီး စိတ်ဓာတ်ကျနေတော့တာ”
(The Cow with the Owner ဆိုသည့် အိန္ဒိယပုံပြင်လေးတစ်ပုဒ်ကို မှီငြမ်းပါသည်)
တင်ညွန့်
၃၀.၈.၂၀၂၂