ဖယောင်းတိုင်အစွမ်း
-----------------------
၁၉၇၄ ခုနစ်ခန့်ကဖြစ်သည်။
ထိုအချိန်က လွတ်လပ်ရေးနေ့ရောက်တိုင်း အားကစားကွင်းထဲတွင် ဌာနဆိုင်ရာ အသီးသီး၏ ပြခန်းတွေကို ခင်းကျင်းပြသကြရပါသည်။ ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ သစ်တောစသည့် ဌာနဆိုင်ရာ အသီးသီး၏ ပြခန်းတွေကိုဘောလုံးကွင်း ပတ်လမ်းတစ်လျှောက် ဆောက်လုပ်ကာ မိမိတို့ ဌာနအလိုက် တီထွင်မှုများ၊ လုပ်ဆောင်မှုများကို ဂုဏ်ယူစွာပြသကြရသည်။
ဆရာလေးကိုကျော်အေးသည် ပညာရေးပြခန်းတွင် တာဝန်ကျဆရာအဖြစ် တိုင်းပညာဝန်ကခေါ်ယူထားသော ကြောင့် ရောက်လာသည်။
“မောင်ကျော်အေး”
“ခင်ဗျာ ဆရာကြီး”
“တို့ပညာရေးဌာနက တစ်ခါလာလည်း မီးတောင်နဲ့ချော်ရည်ပြကွက်တွေပဲ ရိုးနေပြီကွယ် ... ဒီနှစ်တော့ လူကြီးတွေကို ထူးဆန်းတာလေးများ တင်ဆက်ပြသဖို့ ဘာတွေ စိတ်ကူးမိသလဲကွယ်”
“ဆရာကြီးခင်ဗျား ... ကျွန်တော့်တပည့်အထဲမှာ သွပ်ပြားရိုက်ပုံဖော်ကျွမ်းကျင်တဲ့ ကလေးတစ်ယောက် ရှိပါတယ်”
“အလိုကွယ် သွပ်ပြားရိုက်တာ ဘာများထူးဆန်းလို့လဲ”
“ဒီလိုရှိပါတယ် ... အဲဒီကလေးက သွပ်ပြားတွေနဲ့ သံသေတ္တာတွေ၊ ရေပုံးတွေ၊ မီးခိုးခေါင်းတိုင်တွေလုပ်တာ ကျွမ်းကျင်ပါတယ်”
“ဘယ်နှတန်းရောက်နေပြီလဲ အဲဒီကလေးက”
“ရှစ်တန်းမှာပါ”
“ဒီပညာတွေက တံတားထိပ် သံဖြူတန်းကိုသွားကြည့်ရင် ရိုးနေပါပြီကွယ် ... တခြား ထူးဆန်းတာလေးများ စဉ်းစားစမ်းပါဦး”
“အဲဒီကလေးက သင်္ဘောလုပ်တဲ့နေရာမှာ အတော်လေးတော်ပါတယ်ဆရာကြီး”
“ဘာသင်္ဘောလဲကွယ်"
“သံဖြူနဲ့ နှစ်ထပ်သင်္ဘောတွေချိုးတဲ့နေရာမှာ တကယ့်ကိုတော်တယ်ဆရာကြီး။ တိုးအေးသင်္ဘောလို နှစ်ထပ်သင်္ဘောကို တကယ့်သဘာဝကျကျ တူအောင်ကို လုပ်နိုင်တာပါခင်ဗျာ”
ထိုအချိန်က တိုးအေးသင်္ဘောနစ်မြုပ်ပြီးသည်မှာ မကြာသေးသဖြင့် လူတိုင်းစိတ်ဝင်စားနေသည့် ခေါင်းစဉ်ဖြစ် နေသည်။
“ဟုတ်လား နမူနာပြဖို့ ပါလာသလား”
“ကျွန်တော်လိုရမည်ရ ယူလာပါတယ်”
ဆရာကိုကျော်အေးက သူ့လွယ်အိတ်ထဲမှ တိုးအေးသင်္ဘောပုံစံ၊ သံဖြူဖြင့်လုပ်ထားပြီး ဆေးချယ်ထားသည့် နှစ်ထပ်သင်္ဘောလေးကို ထုတ်ပြလိုက်သည်။
ပညာဝန်ကကြည့်ပြီးနောက်
“အိုကွယ် တကယ့်ကို တူလှပါလား ... ကောင်းလှပြီ။ တို့ကျောင်းသားကိုယ်တိုင်က လူကြီးတွေ လာကြည့် နေချိန်မှာ သင်္ဘောလုပ်ပြနေတာကို ပြခန်းမှာ ပြလိုက်ရရင်တော့ ငါတို့ ပညာရေးဌာန နာမည်ရပြီကွယ့်။ ကောင်းလှတယ်။ ကဲ ... ဆရာ့ကိုပဲ အဲဒီတာဝန်ပေးရတော့မှာပဲ။ အဲဒီကျောင်းသားကို ဆရာကိုယ်တိုင် ကြီးကြပ်ပြီး လွတ်လပ်ရေးနေ့ ပြခန်းမှာ လူကြီးလာတာနဲ့ သင်္ဘောလုပ်ပြနေတဲ့ အစီအစဉ်ကို လုပ်ကွယ်။ နေဦး အခြား သင်္ဘောလေးတွေကိုလည်း ပုံစံပြပြီး လုပ်ခိုင်းထား။ မေယုသင်္ဘောပုံတွေဘာတွေ လုပ်ပြနိုင်ရင် ပိုကောင်းတယ်”
“ကျွန်တော့်တပည့်ကတော့ လူတော်လေးပါခင်ဗျာ။ ပုံကိုသာပြလိုက်။ လိုက်လုပ်နိုင်ပါတယ်”
“ကောင်းပြီလေ ... ဆရာဦးစီးပါ။ ကုန်ကျငွေကို စာရေးကြီးနဲ့ ညှိနှိုင်းပြီးထုတ်ပါ။ ရက်က သိပ်မလိုတော့ တာကြောင့် နေ့ရောညပါ ကြိုးစားပြီး ပြင်ဆင်ထားဖို့ လိုမယ်ထင်တယ်”
“စိတ်ချပါဆရာကြီး ... ပြပွဲဖွင့်တဲ့နေ့မှာ အားလုံး အသင့်ဖြစ်နေရပါစေ့မယ်”
လွတ်လပ်ရေးနေ့တွင် နံနက်စောစော အလံတင်အခမ်းအနားနှင့် အလေးပြုပွဲတွေ ကျင်းပကြသည်။ ထို့နောက် အားကစားခမ်းမကြီးထဲတွင် ဘုန်းကြီးများကိုပင့်ပြီး ဆွမ်းကျွေးတရားနာကြသည်။
အားလုံးအစီစဉ်တွေ ပြီးဆုံးသည့် အခါတွင် လူကြီးမင်းက ကားများ အစောင့်အရှောက်များနှင့် ရောက်လာ သည်။ ဖုန်အလွန်ထူသော ကစားကွင်းကြီးထဲကို မီးသတ်ပိုက်တွေနှင့် ရေဖြန်းထားသဖြင့် ဖုန်မထ။
“လူကြီးမင်းများ ကြွလာပါပြီခင်ဗျား”
ဆိုင်းဝိုင်းကြီးကလည်း ဆိုင်းတွေထတီးသည်။ ကြိုဆိုရေးကလည်း အိုးစည် ဒိုးပတ်တွေနှင့် ကြိုသည်။ ကျောင်းသူလေးတွေက ပန်းစည်းတွေကမ်းသည်။ လူကြီးမင်းတွေက ပြခန်းတွေကို တစ်ခန်းပြီး တစ်ခန်းလိုက်ကြည့် သည်။
နောက်ဆုံးတွင် ပညာရေးပြခန်းကို ရောက်လာသည်။
လူကြီးမင်းက မေယုသင်္ဘောပုံစံတူလေးကို ကိုင်ကြည့်ပြီး
“ဟ ကောင်းလှချည်လား ဒါဘယ်သူ လုပ်ထားတာလဲ”
“ဒီကျောင်းသားလေးပါခင်ဗျာ”
ဆရာကိုကျော်အေးက ဂုဏ်ယူစွာ ရှင်းပြသည်။ လူကြီးမင်းက ကျောင်းသားလေးအနားတိုးလိုက်ပြီး
“ဒါကို သားလုပ်ထားတာလား”
“ဟုတ်ကဲ့ ... ဒီက သင်္ဘောတွေ လေယာဉ်ပျံတွေ အားလုံး သားပဲလုပ်ထားတာ”
“တော်လိုက်တာ ... ဘယ်အင်ဂျင်နီယာကျောင်းကပြီးသလဲ"
ဆရာကိုကျော်အေးက ဝင်ပြောသည်
“သူက ခုမှ ရှစ်တန်းပဲရှိပါသေးတယ်ခင်ဗျာ”
“ဟုတ်လား ... ဒါတွေကို ဘယ်ကတတ်သလဲ”
“သားအဖေက သံဖြူပုံးရိုက်တာခင်ဗျ ... သားအဖေဆီကတတ်တာ”
“ဟုတ်လား ... အင်း ... မင်းတို့ တီထွင်ပုံစံထုတ်ပြထားတာတော့ ကောင်းပါတယ် ... ဒါပေမဲ့ သင်္ဘောဆိုတာ မောင်းနိုင်မှ အသက်ဝင်တော့မပေါ့။ ခုဟာက အရုပ်ကြီးတီထွင်ပြနေတာ သိပ်တော့ စိတ်ဝင်စားစရာ မကောင်း ပါဘူး”
ကျောင်းသားလေးက
“သား မောင်းနိုင်တဲ့ မော်တော်ဘုတ်တီထွင်ထားတယ်ခင်ဗျ” ဟု ဝင်ပြောသည်။
တိုင်းပညာဝန်က မပြောရန် တားသော်လည်း မရတော့။
“ဟုတ်လား ... ဘယ်မှာလဲ ပြစမ်းပါဦး”
ကျောင်းသားလေးက မော်တော်ဘုတ်လေးတစ်ခုကို ကောက်ယူလိုက်ပြီး
“ဒီမော်တော်ဘုတ်က မောင်းနိုင်ပါတယ်”
“ဟုတ်လား ... လက်တွေ့ပြစမ်းကွယ်”
အားလုံး အလုပ်တွေရှုပ်ကုန်ပြီ။ ကျောင်းသားလေးက ရေပန်းအလှလုပ်ထားသည့် ကွင်းအတွင်း ရေကန်ကို သူ့မော်တော်ဘုတ်လေးယူပြီး ဦးဆောင်ကာသွားနေသည်။ နောက်က တစ်တန်းကြီး လိုက်လာကြသည်။ လူကြီးမင်းက စိတ်ဝင်စား အတက်ကြွဆုံးဖြစ်နေသည်။
ကျောင်းသားလေးက သူ့မော်တော်ဘုတ်လေးကို ရေထဲနှစ်ပြီး မော်တော်ဘုတ်နောက်ကို ထုတ်ထားသည့် ပိုက်လိုင်းလေးတွေထဲ ရေဖြည့်လိုက်သည်။ ထို့နောက် မော်တော်ဘုတ်ဝမ်းအတွင်းရှိ သံဖြူလှောင်ကန်အဝိုင်း အောက်တွင် ဖယောင်းတိုင်ကိုထွန်းပြီး မီးညှိလိုက်သည်။
ဖယောင်းတိုင်က သံဖြူရေလှောင်ကန်အဝိုင်းအောက်တွင် တောက်လောင်ပြီး သံဖြူဝိုင်းထဲဝင်နေသည့် ရေကို ပူစေသည်။ ထိုမှရေဆူပြီး ပိုက်လိုင်းလေးများက ရေကိုမှုတ်ထုတ်ကာ မော်တော်အသေးလေးကို ရေကန်ထဲတွင် ခုတ်မောင်းစေသည်။
လူကြီးမင်းက ဝမ်းသာအားရ လက်ခုပ်တီးသည်။ သူ့နောက်တော်ပါတွေကလည်း ဘုမသိဘမသိ လက်ခုပ်လိုက် တီးကြသည်။
“တော်တယ် ... တော်တယ် ... ဒါမှ ဒို့ကျောင်းသားတွေကွ ... ငါတို့ ပညာရေးမှာ ဖယောင်းတိုင်နဲ့ စွမ်းအင် ထုတ်နိုင်တဲ့ပညာကို တတ်နေကြပြီ။ မြန်မာကွ ... မြန်မာ ... ဒီနည်းကို အတုယူရမယ်။ ငါတို့ ဘာလောင်စာမှ မလိုဘဲ ဖယောင်းတိုင်နဲ့ သင်္ဘောတွေ မောင်းနိုင်အောင် တီထွင်ကြရမယ်။ မှတ်ထား ... မင်းတို့ ဒီနည်းကို မှတ်ထား”
သူက နောက်ကလိုက်လာသူမျာကိုလှည့်ပြီး ပြောနေသည်။ နောက်ကလူကြီးတွေကလည်း စာအုပ်တွေထဲကို ဘော့ပင်တွေနှင့်လိုက်မှတ်နေသည်။
ဈေးကြီးအတွင်း သံဖြူတန်းတွင် ဖယောင်းတိုင်ဖြင့်ထွန်းပြီး ရေဆူအားဖြင့်မောင်းနိုင်သော မော်တော်ဘုတ် လေးများဝယ်ကာ မိုးတွင်းကာလ မြောင်းတွေထဲ ကလေးတွေကစားနေ ကြသည်မှာ ရိုးလို့ပင်နေပြီ။
လူကြီးမင်းက အခြားပြခန်းတွေကို လိုက်ကြည့်ပြီး ပြန်သွားသည်။ ကျောင်းသားလေးက သူ့မော်တော်ဘုတ် လေးကို လူကြီးတစ်ယောက်က ယူသွားသဖြင့် သူ့ဆရာကိုကျော်အေးကို တိုင်နေသည်။
“ဆရာ”
“ဟေ”
“သား မော်တော်ဘုတ်လေးကို လူကြီးတစ်ယောက်ကလာယူသွားတယ်”
“အေးပါကွာ ... ပေးလိုက်ပါ”
“ဆရာ”
“ဟေ”
“ထမင်းဆာတယ်ခင်ဗျ ... မနက်ကတည်းက ဘာမှမစားရသေးဘူး”
“အေးကွာ ဆရာလည်း ဘာမှမစားရသေးပါဘူး ... ကဲ မုန့်သွားစားကွာ”
“ပိုက်ဆံ မရှိဘူးဆရာ”
“ဟေ ... ငါ့မှာလည်း တစ်ပြားမှ မရှိဘူးကွယ်”
တင်ညွန့်
၅.၁.၂၀၂၅