စူးစူးရဲရဲ ကျိန်ဆဲသူများ
----------------------
ဘုရားရှင်လက်ထက်တွင်လည်း မင်းဆိုး မင်းညစ် အုပ်ချုပ်သူများ ရှိခဲ့ပါသည်။ အုပ်ချုပ်သူကိုယ်တိုင်က ဆိုးညစ်သည့်အခါတွင် သူ့အောက်တွင်ခစား အခွင့်အရေးသမားတို့မှာ လက်စောင်းပိုထက်ကြတော့သည်။ လက်အောက် ငယ်သားဆိုးသွမ်းဖောက်ပြန်ခြင်းမှာ အုပ်စိုးသူမကောင်းသောကြောင့်သာဖြစ်သည်။
အောက်က အထက်ကိုကြည့်နေသည်။ အထက်ဖောက်လျှင် အောက်လည်းပေါက်သည်။ အထက်က ခိုးလျှင် အောက်ကပိုဆိုးသည်။ အောက်နှင့်အောက်ချင်းညှိသည်။ အောက်တွင်ဖောက်ပြန်သမျှ အထက်ကို မသိအောင် ဖုံးသည်။ မြှောက်ပင့်ခြင်းဖြင့်ဖုံးသည်။ ရှိခိုးဦးခိုက်ခြင်းဖြင့် ဖုံးသည်။ ကြီးမြတ်သည် ထင်အောင် နှိမ့်ချကာ လူဆိုးကို လူကောင်းလုပ်ပြီး ထမ်းတင်ကြသည်။ ခေါင်ကစပြီး မိုးမလုံသဖြင့် တစ်အိမ်လုံး ပျက်သလို တိုင်းပြည်ပျက်သည်။
တိုင်းပြည်ပျက်သောအခါတွင် ပြည်သူတွေက ခါးစည်းခံရသည်။ အုပ်ချုပ်သူက လက်နက်နှင့် အာဏာ တို့ကို ကိုင်စွဲကာ စိုးမိုးခြိမ်းခြောက်လျှင် ပြည်သူမှာ ကျိန်ဆဲရုံကလွဲ၍ ဘာများတတ်နိုင်ပါမည်နည်း။
သက်ဦးဆံပိုင် ဘုရင်ခေတ်တွင် ဆိုးယုတ်သူတို့အား ပြည်သူတွေ ကျိန်ဆဲကြသည်။ ကျိန်စာတိုက်ကြသည်။ ရက်ရက်စက်စက် ကျိန်ဆဲကြသည်။ ငါးရာ့ငါးဆယ် နိပါတ်တော်၊ ဂန္ဓတိန္ဒုကဇာတ်တွင် အထင်အရှား တွေ့နိုင်သည်။
ကပိလတိုင်း၊ ဥတ္တရပဉ္စာလပြည်ရှိ ပဉ္စာလမင်းကို ပြည်သူတို့ မည်သို့ ကျိန်ဆဲကြသနည်း။
ပဉ္စာလမင်းသည် ရုပ်ဖျက်ပြီး ပရောဟိတ်ပုဏ္ဏားနှင့်အတူ တိုင်းပြည်အတွင်းလှည့်သည်။ လှည့်ချင်သော ကြောင့်မဟုတ် နတ်၏ တိုက်တွန်းနှိုးဆော်ချက်ကြောင့်ဖြစ်သည်။
လူအိုကျိန်စာ
ရွာငယ်တစ်ခုသို့အရောက်တွင် လူအိုတစ်ယောက်သည် ဆူးစူးသောကြောင့် ဆူးကို ထိုင်နုတ်ရင်း ကျိန်ဆဲလိုက်သည်မှာ
“ငါသည် ဤဆူးစူးကာ ဆင်းရဲခြင်းဝေဒနာကို ခံစားရသကဲ့သို့ စစ်မြေပြင်၌ မင်းယုတ်သည် မြားစူးကာ ဆင်းရဲ ဝေဒနာကို ခံစားရပါစေ”
ပဉ္စာလမင်းက ပုဏ္ဏားကြီးကို အဘယ်ကြောင့် သူ့ကို ကျိန်ဆဲရသနည်း ဆိုခြင်းကို သွားမေးခိုင်းသည်။
“လူအိုကြီး … ကိုယ့်ဘာသာကိုယ် အမြင်အားနည်းသဖြင့် ဆူးစူးတာ အဘယ်ကြောင့် မင်းကြီးကို ကျိန်ဆဲရသနည်း။ မင်းကြီးမှာ ဘာအပြစ်ရှိသနည်း”
“အိုပုဏ္ဏား … သင်တို့ဘုရင်ကား တိုင်းပြည်ကို မစောင့်ရှောက်။ မတရား အခွန်အတုတ်ဖြင့် နှိပ်စက်သည်။ သူခိုး ဓားပြတို့ကလည်း လုယက်ကြသည်။ မတရားအုပ်စိုးနေသော မင်းနိုင်ငံတွင် မတရားအနိုင်ကျင့်နေသူ တွေ များပြားလှသည်။ ဘေးရန်ကြောက်သဖြင့် လူတွေ တောတွင်းသွားကာ ပုန်းအောင်းနေကြရသည်။ အိမ်ကို အတားအဆီးအဖြစ် ဆူးတွေချကာ ပိတ်ထားခဲ့ရသည်။ ထိုဆူးများကြောင့် ငါ့ကိုစူးပြီ။ သင်တို့ မင်းသာ ကောင်းနေလျှင် ပုန်းစရာမလို၊ ဆူးကာစရာအကြောင်းမရှိ။ မတရားမင်းကြောင့် ငါ့ကို ဆူးစူးရ သဖြင့် သင်တို့မင်းတွင် အပြစ်ရှိသည်” ဟု ဆိုလေသည်။
အမယ်အိုကျိန်စာ
အမယ်အိုတစ်ယောက်ကလည်း သစ်ပင်ပေါ်မှ ပြုတ်ကျသောကြောင့်
“မင်းဆိုးဘုရင် သေနိုင်ခဲလှသည်။ မြန်မြန်သေပါစေတော်” ဟု ကျိန်ဆဲသည်။
အဘယ်ကြောင့် ကျိန်ဆဲရသနည်း။ အိုကြီးအိုမ ရှာဖွေကျွေးမည့်သူမရှိ။ သမီးတွေကလည်း ပြေးနေ လွှားနေရသောကြောင့် လင်ကောင်းသားကောင်းမရနိုင်။ အခွန်အတုတ်ကြီးကာ သူခိုးဓားပြသောင်းကျန်း သည်ကို အပြစ်တင်ပြီး ကျိန်ဆဲသည်။
လယ်သမားကျိန်စာ
လယ်သမားတစ်ယောက်ကလည်း သူ့နွားထွန်သွားစူးသဖြင့်
“ငါ၏နွား ထွန်းသွားစူးကာ လဲသကဲ့သို့ ပဉ္စာလမင်းသည် စစ်မြေပြင်၌ လှံတံထိုးမိကာ လဲပါစေ” ကျိန်ဆဲ သည်။
အဘယ်ကြောင့် ကျိန်ဆဲရသနည်း မယားကိုစိတ်မချ၊ ယုတ်မာသူတွေများ ထမင်းလာအပို့တွင် ဖျက်ဆီး ပြီလော စိတ်မဖြောင့်။ မယားလာရာလမ်းကို လှမ်းကြည့်နေရသဖြင့် နွားကိုဂရုမစိုက်နိုင်။ ထွန်စူးရသည်။
နို့သမားကျိန်စာ
နွားကို နို့ညှစ်သူကလည်း နွားနို့အိုးမှောက်သဖြင့်
“ငါ၏ နွားနို့အိုးလိမ့်သကဲ့သို့ ပဉ္စာလမင်းသည် သန်လျက်ဖြင့် အခုတ်ခံရပြီး လူးလိမ့်သေပါစေ” ဟု ကျိန်ဆဲသည်။
အဘယ်ကြောင့် ကျိန်ဆဲရသနည်း။ မင်းချင်းတွေက နွားထံမကြာခဏလာကာ နို့တွေကို အနိုင်အထက် ညှစ်ကြသည်။ မင်းချင်းတွေကြောင့် နွားမသည် ရိုင်းလာပြီး ကန်ကြောက်သဖြင့် နို့အိုးမှောက်ရသည်။
သူငယ်ကျိန်စာ
နွားငယ်ကို သတ်ကာ အရေခွံကို ယူကြသူများကြောင့် နွားမကြီးတစ်ကောင်မှာ မစားနိုင် မသောက်နိုင် ဖြစ်ကာ လွမ်းဆွတ်နေလေသည်။ ရွာနေ လူငယ်တို့က နွားမကြီးအဖြစ်ကို ကြည့်ကာ ကျိန်ဆဲပြန်သည်
“နွားမကြီးသည် သားနှင့်ကင်းကွာ ငိုရသကဲ့သို့ ပဉ္စာလမင်းသည် သားသမီးများနှင့် ကင်းကွာ ငိုမြည်တမ်း ရပါစေ။ ပိန်ချုံးခြောက်ကပ်ပါစေ” ဟု ကျိန်ဆဲကြသည်။
အဘယ်ကြောင့်နည်း။ မင်းချင်းတွေက သန်လျက်အိမ်၊ ဓားအိမ်လုပ်ရန်ဆိုကာ နွားငယ်ကိုသတ်ပြီး သားရေကို ယူဆောင်သွားကြသောကြောင့်ဖြစ်သည်။
ဖားကျိန်စာ
မင်းဆိုးမင်းညစ်ကို လူတွေသာမက ဖားတွေကပါ ကျိန်ဆဲကြသည်။ ကန်တစ်ကန်တွင် ဖားတို့သည် ကျီး၊ လင်းတတို့၏ ထိုးဆိတ်စားသောက်ခြင်းကို ခံရသဖြင့်
“ငါတို့အား ကျီး လင်းတတို့ ထိုးဆိတ်စားသကဲ့သို့ ပဉ္စာလမင်းနှင့် သားသမီးတို့သည် စစ်မြေပြင်တွင် ကျီး လင်းတတို့ ထိုးဆိတ်စားသောက်ခြင်း ခံရပါစေ”
အဘယ်ကြောင့် ဖားတွေက ကျိန်ဆဲရသနည်း။ တိုင်းပြည်တွင် ပူဇော် ကျွေးမွေးမည်သူတွေ မရှိဖြစ်လာ သည်။ အကယ်၍ ကျီးတွေ လင်းတတွေသည် ဘုရားကျောင်းကန်များတွင် ကျွေးမွေးသူတွေများလျှင် ရေကန်ထဲက ဖားတွေကို ရန်လာပြီး ရှာရန်အကြောင်းမရှိ။ မင်းညစ်ကြောင့် ဘုရားကျောင်းကန်လည်း လူသူခေါင်းပါးရကာ အစားအစာတွေရှားလာသည်။
အားလုံး၏ အပြစ်သည် ပဉ္စာလမင်းတွင် ရှိသည်။ အဘယ်ကြောင့်ဆိုသော သူတက်လာသောကြောင့် ဖြစ်သည်။ သူတက်လာပြီး မတရားစိုးမိုးအုပ်ချုပ်သောကြောင့်ဖြစ်သည်။
မင်းဆိုးမင်းညစ်ကြောင့် လူသာမက တိရစ္ဆာန်တွေပါ ဒုက္ခရောက်ကြရသည်။
အရင်းစစ်လိုက်လျှင် အမြစ်မြေကဆိုသကဲ့သို့ သူ့ကြောင့် အားလုံးသော ပြည်သူအပေါင်းမှာ ဆင်းရဲဒုက္ခ ရောက်ကြရသည်။ စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်း ဝေဒနာများ ခံစားနေကြရသည်။
ကျိန်ဆဲသမျှသော အကြောင်းအားလုံးသည် အုပ်ချုပ်သူ မင်းဆိုးမင်းညစ်နှင့် သူ့အဖော်အပေါင်းတို့ကြောင့် စိုးရိမ်ပူပန်မှုဖြစ်ကာ ဒုက္ခဝေဒနာများကို ခံစားရခြင်းတွင် အဖြေဖြစ်နေသည်။
အရင်းစစ်လိုက်သော်
မင်းကြောင့်
အမြစ်လှန်လိုက်သော်
ဒင်းကြောင့်
အကြောင်းရှာသော်
နင့်ကြောင့်
အပြစ်ရှာသော် … သူ့ကြောင့် …. သူ့ကြောင့်
အဖြေရှာလိုက်တိုင်း မည်သူ့ကြောင့်ဆိုသည်မှာ အရှင်းသားပေါ်နေသည်။
ဘုရားရှင်လက်ထက်ကလည်း ပဉ္စာလမင်းကြောင့် တိုင်းပြည်တွင်းရှိ ပြည်သူအပေါင်းသည် ကျိန်ဆဲ ကြဖူးကြောင်း ဟောကြားထားခဲ့သည့် တရားတော်ကို အကျယ်ဖတ်ကြည့်ကြစေလိုပါသည်။
(ရည်ညွှန်း - ငါးရာ့ငါးဆယ် နိပါတ်တော်၊ တိံသနိပါတ်၊ ဂန္ဓတိန္ဒုကဇာတ်)
တင်ညွန့်
၁.၁၁.၂၀၂၁