တံခါးပိတ်ထားရင် လှည့်ပြန်လိုက်ပါ

 " တံခါးပိတ်ထားရင် လှည့်ပြန်လိုက်ပါ ''


မိုင်ပေါင်း တစ်ထောင်ကျော် ခရီးကို၊ ကျွန်မ လေယာဥ်စီးပြီး သားကို သွားတွေ့ခဲ့ပါတယ်။


သားကို တွေ့ချင်စောနဲ့ အမြန်ဆုံး ရောက်အောင် ကြိုးစားခဲ့ပါတယ်။


အိမ်ရှေ့လူခေါ်ဘဲလ်ကို တီးလိုက်တဲ့အခါ ကျွန်မရဲ့သား '' မတ်ခ် '' _ Mark ထွက်လာပါတယ်။


" မတ်ခ် '' က သူ့လက်ပတ်နာရီကို ကြည့်ပြီး.....


 "အမေက ၁၃ မိနစ်တောင် စောပြီးရောက်နေတာပဲ။ '' လို့ ပြောခဲ့ပါတယ်။


အပြင်မှာက နှင်းတွေကျပြီး အရမ်းအေးနေပါတယ်။


ဆောင်းလေက ကျွန်မရဲ့ ကုတ်အင်္ကျီကို ဖောက်ထွင်းပြီး ဝင်ရောက်လာပေမယ့်၊ ကျွန်မကို အရိုးထဲအထိ အေးစက်သွားစေတာကတော့ 'မတ်ခ်'ရဲ့ စကားလုံးတွေနဲ့ သူ့ရဲ့ မျက်လုံးထဲက အကြည့်တွေပါပဲ။


ကျွန်မက ဝါရှင်တန်ဒီစီ ဆင်ခြေဖုံးမှာရှိတဲ့ ကျယ်ဝန်းလှတဲ့ ကိုလိုနီခေတ်စတိုင် အိမ်ကြီးရဲ့ ဆင်ဝင်အောက်မှာ ရပ်နေခဲ့တာပါ။ 


ခရီးဆောင်အိတ်ရဲ့လက်ကိုင်ကို၊ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိလို့ ကျွန်မရဲ့ လက်ဆစ်တွေတောင် နာကျင်နေပါတယ်။


အိမ်အတွင်းက သာယာလွမ်းမောဖွယ် ''ဂျက်ဇ်'' _ Jazz ဂီတသံနဲ့ ဖန်ခွက်ချင်း ထိခတ်သံတွေကို ခပ်သဲ့သဲ့ ကြားနေရပါတယ်။ 


အမဲသားကင် အနံ့နဲ့ ဈေးကြီးတဲ့ ထင်းရှူးမီးတိုင် အနံ့တွေလည်း ရနေပါတယ်။


"အမေ" လို့ မတ်ခ်က ခေါ်လိုက်ပါတယ်။ ဒါပေမယ့် ကျွန်မ အိမ်ထဲဝင်သွားဖို့ကိုတော့ နောက်ဆုတ်မပေးပါဘူး။ အိမ်ထဲက နွေးထွေးမှုတွေကို ပိတ်ဆို့ထားပြီး တံခါးအဝမှာ ရပ်နေပါတယ်။


 "ကျွန်တော်တို့ သုံးနာရီလို့ ပြောထားပြီးသားလေ..''


ကျွန်မ နာရီကို ကြည့်လိုက်ပါတယ်။ မွန်းလွဲ ၂ နာရီနဲ့ ၄၇ မိနစ် ရှိပါပြီ။


"သိပါတယ် သားရယ်" လို့ ကျွန်မ တုန်တုန်ယင်ယင်နဲ့ ပြန်ပြောမိပါတယ်။ 

ကျွန်မရဲ့ နှာခေါင်းကနေ ထုတ်လိုက်တဲ့ လေတွေက၊ ပြင်ပ ဆောင်းလေထဲမှာ မြူနှင်းတွေလို ဖြစ်နေပါတယ်။


 "လေဆိပ်ကနေ လာတဲ့ Uber အငှားယာဉ်က အချိန်သိပ်မကြာလိုက်လို့ပါ။ မေမေက... သားနဲ့ မြေးလေးတွေကို တွေ့ရဖို့ မစောင့်နိုင်တော့လို့ပါ။ ''


ကျွန်မ ပြုံးပြလိုက်မိပါတယ်။ ဒါဟာ အသက် ၆၈ နှစ်အတွင်းမှာ ကျွန်မ ကျွမ်းကျင်နေပြီဖြစ်တဲ့ အမူအယာတစ်ခုပေါ့။ 


ကျွန်မတို့လို မိဘတွေအတွက် ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ စိတ်ညစ်ပါစေ သားသမီးရှေ့ရောက်ရင် ပြုံးပြတတ်တာမျိုးကို ကျင့်သားရနေပါပြီ။


ကျွန်မကိုယ်ပေါ်မှာ "မြစိမ်းရောင် ဝတ်စုံ" ဝတ်ထားပါတယ်။ ဒါဟာ ကျွန်မမှာ ရှိသမျှထဲမှာ အလှဆုံးနဲ့ အကောင်းဆုံး အဝတ်အစားပါ။


ကုန်တိုက်တစ်ခုရဲ့ လျှော့စျေးအရောင်းပွဲတော်မှာ သီးသန့်ဝယ်ထားခဲ့တာပါ။


သားက အခုဆိုရင် အထက်တန်းလွှာ လူကုံထံ ဖြစ်နေပါပြီ။ ကျွန်မက သားကို ဂုဏ် မငယ်စေချင်ပါဘူး။


 သားရဲ့ ပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ အမေတစ်ယောက် ဖြစ်ချင်လို့ အတတ်နိုင်ဆုံး ပြင်ဆင်ပြီးလာခဲ့ပါတယ်။


"မတ်ခ်''ကတော့ ပြန်မပြုံးပြပါဘူး။ သူက အနောက်ဘက်ကို လှည့်ကြည့်ပါတယ်။ 

သပ်ရပ်လှပနေတဲ့ စင်္ကြံလမ်းတစ်ခုပါ။ အဲ့ဒီမှာ သူ့ဇနီး ''ဂျက်ဆီကာ' _ Jessica က စားပွဲတွေ အတွက် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။


"ဂျက်ဆီကာက စားပွဲပြင်လို့ မပြီးသေးဘူး" လို့ သူက လေသံကို နှိမ့်ပြီး ခပ်တိုးတိုးနဲ့ ခပ်ပြတ်ပြတ် ပြောပါတယ်။ 


"အိမ်ထဲမှာ အဆင်သင့်မဖြစ်သေးဘူး။ သူက ဧည့်ဝတ်ပြုတဲ့အခါ အစီအစဥ်တကျနဲ့ အမြင်လှဖို့ ဘယ်လောက် အလေးထားလဲ ဆိုတာ အမေ သိသားပဲ။" လို့ စကားတွေ မရပ်မနားပြောပါတယ်။


သူ ကျွန်မကို ကြည့်တဲ့ပုံစံက အမေ တစ်ယောက်ကို ကြည့်သလိုမဟုတ်ပါဘူး။ သတ်မှတ်ချိန်ထက် စောပြီးရောက်လာတဲ့ ပစ္စည်းပို့သမားတစ်ယောက်ကို ကြည့်သလိုပါပဲ။


"ကျွန်တော်တို့ကို ၁၀ မိနစ်လောက် အချိန်ပေးပါဦး၊ ဟုတ်ပြီလား?"


သူ အိမ်ရှေ့ တံခါးကို စပိတ်ပါတယ်။


ပထမတော့ ဒါဟာ နောက်ပြောင်မှုတစ်ခုလို့ ကျွန်မ ထင်နေခဲ့တာပါ။ ဒါပေမဲ့ ခိုင်ခံ့လေးလံတဲ့ ဝက်သစ်ချ တံခါးကြီးက တစ်ကယ်ပိတ်သွားခဲ့ပါတယ်။ ''ဂျောက်'' ဆိုတဲ့ တံခါးဂျက်လက်ထိုးသံပါ ကြားလိုက်ရပါတယ်။


သူ့အိမ်ရှေ့က '' ကြိုဆိုပါ၏ '' လို့ စာတန်းထိုးထားတဲ့ ခြေသုတ်ခုံပေါ်မှာ ကျွန်မကို ထားခဲ့ပါတယ်။


အသက်အရွယ်ကြောင့် အစက်အပြောက်နဲ့ အရေပြားတွေတွန့်ပြီး၊ တုန်ရီနေတဲ့ ကျွန်မရဲ့ လက်တွေဟာ အားအင်မရှိစွာနဲ့ ဘေးတစ်ဘက်စီကို တွဲလောင်း ကျဆင်းသွားပါတယ်။


ဒီလက်တွေဟာ တစ်ခါတုန်းကတော့ ခိုင်မာခဲ့ဖူးပါတယ်။


နှစ်ပေါင်း ၃၀ လုံးလုံး ဒီလက်တွေနဲ့ပဲ ဆေးရုံမှာ အချိန်ပို အလုပ်တွေ လုပ်ခဲ့ရပါတယ်။ ''မတ်ခ်''ကို သင်တန်းကြေးတွေပေးနိုင်ဖို့ သူစိမ်းတွေရဲ့ အညစ်အကြေးတွေကို၊ ဆေးကြောပေးခဲ့ရပါတယ်။ သေခါနီး လူနာတွေရဲ့ လက်တွေကို ဆုပ်ကိုင်ပြီးအားပေးခဲ့ရပါတယ်။


ပိုက်ဆံကုန်မှာစိုးလို့ ရေယိုနေတဲ့ ပိုက်တွေကို၊ ဒီလက်တွေနဲ့ပဲ ကိုယ်တိုင်ပြန်ပြင်ခဲ့ပါတယ်။ 


သူ ကျောင်းမှာ အနှိမ်မခံရအောင် တံဆိပ်အကောင်းစား ဖိနပ်တွေ ဝယ်ပေးနိုင်ဖို့ ဒီလက်တွေနဲ့ပဲ လျှော့ဈေးကူပွန်တွေကို စုဆောင်းခဲ့ရတာပါ။


သူ့အဖေ ဆုံးတုန်းကလည်း 'အရာရာ အဆင်ပြေသွားမှာပါ'၊ 'သားရဲ့ အနာဂတ်အတွက် အမေ အားလုံး လုပ်ပေးမှာပါ'လို့ ကတိပေးရင်း၊ ဒီလက်တွေနဲ့ပဲ သူ့ကို ဖက်ထားပြီး အားပေးခဲ့ရတာပါ။


ကျွန်မ သူ့ကို ပေးထားတဲ့ ကတိအတိုင်း၊ အဆင့်မြင့်တက္ကသိုလ်တွေကို သူ တက်နိုင်အောင်၊ ဒီလက်တွေနဲ့ပဲ တွေ့သမျှအလုပ်တွေကို ကြိုးစားလုပ်ခဲ့ပါတယ်။


ကျောင်းပြီးတဲ့အချိန် စာရင်းအင်းနဲ့ သက်ဆိုင်တဲ့ အလုပ်ကောင်း တစ်ခုကို သူ ရခဲ့ပါတယ်။ ကြမ်းပြင်မှာ အပူပေးစနစ်ပါတဲ့ အိမ်ကောင်းကောင်း တစ်လုံးကို သူ ဝယ်နိုင်ခဲ့ပါတယ်။


သူ့ဘဝကို မရပ်မနား ပံ့ပိုးပေးခဲ့တဲ့၊ ဒီလက်တွေက...

 အခုတော့ တုန်ရင်နေပါပြီ။ ကျောက်ခင်းလမ်းအတိုင်း ခရီးဆောင်အိတ်ကို ဆွဲပြီး လှည့်ထွက်လာတဲ့အခါ ကျွန်မ လက်တွေက တုန်နေဆဲပါပဲ။


သူပြောတဲ့ ၁၀ မိနစ်ကို ကျွန်မ မစောင့်ခဲ့ပါဘူး။


ဖုန်းလိုင်းမိတဲ့နေရာအထိ လမ်းလျှောက်ခဲ့ပြီး၊ အငှားယာဉ်တစ်စီးကို ခေါ်လိုက်ပါတယ်။


"ဘယ်ကို ပို့ပေးရမလဲ'' လို့ ယာဉ်မောင်းက၊ မျက်ရည်တွေ စိုရွှဲနေတဲ့ ကျွန်မရဲ့ မျက်နှာကို ကြည့်ပြီး မေးပါတယ်။


"အနီးဆုံး '' မိုတယ်''Motel တစ်ခုခုကိုသာ ပို့ပေးပါ။ ဘယ်နေရာဖြစ်ဖြစ်၊ ဈေးပေါတဲ့နေရာဆို ရပါပြီ" လို့ ကျွန်မ တိုးတိုးလေး ပြောလိုက်ပါတယ်။


ခရစ္စမတ်အကြိုညကို စီးကရက်နံ့နဲ့ အိမ်သာသုံး ပိုးသတ်ဆေးနံတွေ နံစော်နေတဲ့ အခန်းကျဉ်းလေးထဲမှာပဲ ကျွန်မ ဖြတ်သန်းခဲ့ရပါတယ်။ 


ခရစ်စမတ်ညဆိုတော့ ဆိုင်တွေအကုန်ပိတ်ပါတယ်။ ကျွန်မညစာအတွက် အကြွေစေ့ထည့်ပြီး ဝယ်ရတဲ့ မုန့်ထုပ်လေးတစ်ထုပ်ပဲ စားခဲ့ရပါတယ်။


ကျွန်မ ဖုန်းကို ပိတ်ထားလိုက်ပါတယ်။ ဆင်ခြေတွေကို ကျွန်မ မကြားချင်တော့ပါဘူး။

 'အမေကလည်း စိတ်ကြီးလိုက်တာ' တို့၊ 'မိနစ်ပိုင်းလေးစောင့်ရတာကို'' ဆိုတဲ့ ဆင်ခြေတွေကို ကျွန်မ မကြားချင်တော့လို့ပါ။


အလယ်မှာ ခွက်ဝင်နေတဲ့ ကုတင်ပေါ်မှာ ကျွန်မ ထိုင်နေမိပါတယ်။ မြစိမ်းရောင်ဝတ်စုံကြီးကို ဝတ်ထားတုန်းပါပဲ။ ပိတ်ထားတဲ့ တီဗွီဖန်သားပြင်ကြီးကို ငေးကြည့်နေမိပါတယ်။


ကျွန်မရင်ထဲမှာ ဝမ်းနည်းမှုတွေက ဆို့တက်လာပါတယ်။

ပတ်ဝန်းကျင်မှာ ဘာသံမှမရှိဘဲ တိတ်ဆိတ်လွန်းတဲ့အခါ၊ စိတ်ခံစားမှုတွေက ပိုဆိုးလာပါတယ်။


တကယ်တော့ ကျွန်မဟာ သားသမီးတွေဘဝထဲမှာ၊ အမေတစ်ယောက်ထက်.... ထမ်းဆောင်ရမယ့် ဝတ္တရားတစ်ခု၊ ဒါမှမဟုတ် သူတို့ လုပ်ဆောင်ရမယ့် အလုပ်စာရင်းတစ်ခုလို ဖြစ်နေခဲ့တာ နှစ်အတော်ကြာပြီ ထင်ပါတယ်။


တနင်္ဂနွေနေ့တွေမှာ ၁၅ မိနစ်လောက် ကျွန်မဖုန်းဆက်တဲ့အခါ၊ သူတို့က ကွန်ပျူတာမှာ စာရိုက်နေရင်း ဟန်ပြနားထောင်ပေးခဲ့ကြပါတယ်။


ဒါပေမဲ့ ဒီနေ့ သူတို့အိမ်ရှေ့တံခါးဝမှာ၊ ရပ်နေခဲ့ရတဲ့အချိန်မှာတော့ အမှန်တရားကို လက်ခံလိုက်ရပါပြီ။ 


ကျွန်မဟာ သူတို့အတွက် အရေးကြီးတဲ့သူ မဟုတ်ဘူး၊ သတ်မှတ်ထားတဲ့ "ချိန်းဆိုမှု" တစ်ခုသာ ဖြစ်နေခဲ့တာ။


ပြီးတော့ အဲ့ဒီချိန်းဆိုမှုမှာ ကျွန်မက စောရောက်နေခဲ့မိတာပါ။


နောက်နေ့မနက် ဖုန်းကို ပြန်ဖွင့်လိုက်တဲ့အခါ...


ဖုန်းစခရင်ပေါ်မှာ အလင်းတွေက တဖျပ်ဖျပ်နဲ့ ဆက်တိုက် ဝင်ရောက်လာပါတယ်။


လွတ်သွားတဲ့ ဖုန်းခေါ်ဆိုမှုပေါင်း ၂၅ ခု ရှိပါတယ်။


"မတ်ခ်ဆီ''က ၁၀ ခါ၊ ''ဂျက်ဆီကာဆီ''က ၅ ခါ၊ ''စီယက်တဲလ်'' _Seattle မှာရှိတဲ့ သမီးဆီက ၆ ခါနဲ့ ကျွန်မညီမဆီက ၄ ခါပါ။


ပြီးတော့ ကျွန်မရဲ့ ဖုန်းထဲကို စာတိုတွေ ဆက်တိုက် ဝင်လာပါတယ်။


"အမေ ဘယ်မှာလဲ...?'' "ရူးကြောင်ကြောင်တွေ လုပ်မနေနဲ့ ပြန်လာခဲ့ပါ'' ''ကလေးတွေက ဘွားဘွား ဘယ်ရောက်နေလဲ မေးနေကြပြီ'' '' အမေဟာ ခရစ္စမတ်ပွဲကို ဖျက်ဆီးနေတာပဲ။''


ကျွန်မ စာ အားလုံးကို ဖတ်ကြည့်ပါတယ်။ ကျွန်မရဲ့ လက်မက "ပြန်ခေါ်ရန်" ဆိုတဲ့ ခလုတ်ပေါ်မှာ ဝဲနေမိတယ်။


ဒါပေမဲ့ မိုတယ်က မှန်ထဲမှာ၊ ကျွန်မရဲ့ ပုံရိပ်ကို ကြည့်လိုက်မိပါတယ်။ 


သူများ ဘဝတွေကို တည်ဆောက်ပေးဖို့ ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းအားလုံး ပေးဆပ်ခဲ့ပြီး၊ သူ့ အတွက်တော့ ဘာမှ မကျန်ရစ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။


သူတို့ ကျွန်မကို လွမ်းလို့ ခေါ်နေကြတာ မဟုတ်ပါဘူး။ သူတို့ ရေးဆွဲထားတဲ့ အစီအစဉ်တွေ ပျက်သွားစိုးလို့ ခေါ်နေကြတာပါ။ 


ကျွန်မက သူတို့ရဲ့ အချိန်ဇယားကို နှောင့်ယှက်လိုက်မိလို့ပါ။


ကျွန်မ ပျောက်သွားတဲ့အတွက် သူတို့မှာ 'စိတ်အနှောင့်အယှက်' ဖြစ်နေရလို့ပါ။ အဲဒီ စိတ်အနှောင့်အယှက်ကို ဖျောက်ဖျက်ဖို့အတွက် ကျွန်မကို ဖုန်းဆက်ပြီး ပြန်လာခိုင်းနေတာ ဖြစ်ပါတယ်"


ကျွန်မ သူတို့ကို ဖုန်း ပြန်မခေါ်ခဲ့ပါဘူး။


အဲ့ဒီအစား လေကြောင်းလိုင်းကို ဖုန်းဆက်လိုက်တယ်။ ခရီးစဥ်နဲ့ လက်မှတ်ရက်စွဲကို ပြောင်းလိုက်ပါတယ်။


ကျွန်မ စုထားတဲ့ ပိုက်ဆံလေးနဲ့ ပင်လယ်ကမ်းခြေကို ခရီးထွက်ပါတော့မယ်။ ကျွန်မ တစ်ယောက်တည်းပဲ။ ဘယ်အချိန်ဇယားမှ မရှိဘူး၊ ဘယ်ချိန်းဆိုမှုမှ မရှိပါဘူး။


ကျွန်မကိုယ်တိုင် တည်ဆောက်ပေးခဲ့တဲ့ သူတို့ရဲ့ဘဝတွေထဲမှာ "ကိုယ်က အပိုလူ" တစ်ယောက်လို ခံစားရတယ်ဆိုရင်၊ ကိုယ့်အတွက် သူတို့တံခါး ဖွင့်တာကို စောင့်မနေတော့ပါဘူး။


အချစ်ခံရဖို့အတွက်တောင် ချိန်းဆိုမှုတွေ လုပ်နေရပြီဆိုရင်၊ သင်ဟာ လိပ်စာအမှားတစ်ခုကို ရောက်နေတာပါ။


တစ်ခါတလေမှာ ကိုယ့်ကိုယ်ကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ကတော့... သင့်အတွက် ဖွင့်မပေးတဲ့ တံခါးတစ်ခုရှေ့ကနေ လှည့်ထွက်သွားလိုက်ဖို့ပါပဲ။


            Saya U Khin Zaw ( ဘာသာပြန် ) 


#SayaUKhinZaw