အရူးလက်မှတ်ပေးရန်

 အရူးလက်မှတ်ပေးရန်

-----------------------

စိတ္တဇဆေးရုံသို့ နိုင်ငံရေးသမားတစ်ယောက်ကို လာပို့သည်။ ထိုနိုင်ငံရေးသမားကို စိတ္တဇဆေးရုံ စစ်ဆေးရေး ဘုတ်အဖွဲ့က အတည်ပြုပေးရမည်ဖြစ်သည်။


သူ၏နှုတ်ဖွာ အာချောင်နေမှုများကြောင့်အပြင် နိုင်ငံ့ခေါင်းဆောင်များကို စော်ကားမှုများကြောင့် သူ့ကို ဖမ်းဆီး သည့်အခါတွင် ရူးနေကြောင်း သူ့ပါတီကလျှောက်လဲသည်။ ထို့ကြောင့် စိတ္တဇဆေးရုံကို ရူးမရူး စစ်ဆေးရန် ရောက်လာသည်။


စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် စိတ်ရောဂါ အထူးကုဆရာဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် အခြားအခန်း တစ်ခန်းမှ ရူးသည်ဆိုသော နိုင်ငံရေးသမားကို စောင့်ကြည့်နေကြသည်။ သူတို့ စောင့်ကြည့်သော အခန်းနှင့် ရူးနေသည်ဆိုသော နိုင်ငံရေးသမားကို စမ်းသပ်မည့်အခန်းကို တစ်ဖက်မြင်မှန်ဖြင့် ကာထားသည်။ ထို့ကြောင့် အရူးက သူတို့ကိုမမြင်၊ သူတို့က အရူးကို မြင်ကြရသည်။


အခန်းထဲတွင် ရေချိုးဇလုံကြီးတစ်လုံး ရှိသည်။ ခုံတစ်ခုံပေါ်တွင် ဇွန်းတစ်ချောင်း၊ ရေခွက်တစ်လုံး၊ ရေပုံးတစ်လုံး တင်ထားသည်။


ဆရာဝန်ကြီးက ရှင်းပြနေသည်


“တကယ်လို့ သူက ရေချိုးဇလုံကြီးထဲကို ရေဖြည့်ခိုင်းတဲ့အခါ ဇွန်းကို ရွေးမယ်ဆိုရင် ရူးနေတယ်လို့ သတ်မှတ် ရမှာပဲ ... ရေပုံးကို ရွေးရင်တော့ မရူးဘူးပေါ့ဗျာ”


နိုင်ငံရေးသမားကို အခန်းထဲခေါ်လာသည်။ တာဝန်ကျဆရာမက


“ရှင် ... ဒီရေချိုးဇလုံကြီးထဲကို ဟောဟို ကန်ကြီးထဲကနေ ရေဖြည့်ရမယ် သိလား ... ဟောဒီ စားပွဲပေါ်က ကြိုက်တာရွေး ...” ဟုပြောလိုက်သည်။


ရူးနေသည်ဆိုသော နိုင်ငံရေးသမားသည် ဟိုကြည့် သည်ကြည့်လုပ်သည်။ ဇွန်းကို ကိုင်ကြည့်သည်။ ရေခွက်ကို ကိုင်ကြည့်သည်။ ရေပုံးကိုကိုင်ကြည့်သည်။ ဆရာမကို ရယ်ပြသည်။ မျက်လုံး ပြူးပြသည်။ ထို့နောက် ရေကန်ထဲကို ခုန်ဆင်းသွားသည်။


သင်သည် စောင့်ကြည့်ရေးအဖွဲ့တွင် ပါဝင်သည်ဆိုလျှင် ထိုသူကို မည်သို့ဆုံးဖြတ်မည်နည်း။


(Hello Testing)


တင်ညွန့်


၂၁.၁၀.၂၀၁၉