အနာဂတ်၏ သားကောင်များ

 အနာဂတ်၏ သားကောင်များ

-----------------------------

“မိုးမင်း ... ဧည့်သည်လာတယ်လေ မတွေ့ဘူးလား”


ထောင့်စွန်းနားခုံတွင် မုန့်ဟင်းခါး ထိုင်စားနေသော ကလေးက ကျွန်တော့်စားပွဲကိုထလာပြီး သူ့ပါးစပ်ကို လက်နှင့် ပွတ်လိုက်သည်။ ထို့နောက်


“ဘာစားမလဲ ... ဘာသောက်မလဲ” ဟု မေးရှာသည်။


“မုန့်ဟင်းခါးတစ်ပွဲ ... ဘူးသီးကြော်နဲ့ကလေး”


ကလေးက အော်သည်


“မုန့်ဘူးဝမ်း”


လမ်းလျှောက်ပြီးပြန်အလာ စောသေးသောကြောင့် ဆိုင်ထဲတွင် လူပါးသေးသည်။ ကျွန်တော်က မုန့်ဟင်းခါး လာချသဖြင့် ထိုင်စားနေစဉ် ကလေးက သူ့စားလက်စ မုန့်ဟင်းခါးကို သွားစားသည်။ ထိုအချိန်တွင် လူထပ်ဝင် လာသည်။ တစ်ယောက်ပြီးတစ်ယောက် သူကား မနားရတော့၊ မစားရတော့။ သူ့စားပွဲဝိုင်းကို လူဝင်ထိုင်သဖြင့် စားလက်စ ပန်းကန်လေးကို နောက်ဖေးယူပြေးကာ ထားခဲ့ရှာသည်။


မိုးမင်းကား အသက်ရှိလှမှ ၁၀ နှစ်စွန်းစွန်းရှိလိမ့်မည်။ ပိန်ပိန်ပါးပါး၊ ညစ်ပေသော စွပ်ကျယ်အင်္ကျီ လက်တို လေးနှင့်ဖြစ်သည်။ သူ့ဘောင်းဘီကလည်း အစွန်းအကွက်တွေနှင့် ညစ်ထေးထေးဖြစ်နေသည်။ 


ကျွန်တော့်ဘေးနားတွင် စားပွဲသုတ်သည့်အဝတ်လေးနှင့် လာရပ်နေသော မိုးမင်းကို စပ်စုမိသည်။


“မုန့်ကို ပြီးအောင် မစားတော့ဘူးလားကွ”


“ဆိုင်လူကျလို့စားရင် အရိုက်ခံရလိမ့်မယ်”


“ဟုတ်လား ... သားက ဒီရောက်တာ မကြာသေးဘူးလား”


“သုံးရက်ပဲရှိသေးတယ်”


“ကျောင်းနေလား”


“မနေတော့ဘူး”


“ဒီမှာတစ်လဘယ်လောက်ရလို့ လာလုပ်နေတာလဲ”


“သုံးသောင်း”


“တစ်လလုံးမှ သုံးသောင်းလား”


“အင်း ... ထမင်းကျွေးတယ်”


ကလေးတစ်ယောက်ကို မနက်မိုးလင်း ၆ နာရီလောက်မှသည် ညနေ ၆ နာရီလောက်အထိ မနားတမ်း ခိုင်းခက တစ်ရက်မှ ၁၀၀၀ ဈေးပေါလှသည်။ 


“ကျောင်းကို ဘယ်နှတန်းအထိနေဖူးသလဲကွ”


“လေးတန်း”


ထိုစဉ်လူဝင်လာသဖြင့် ကလေးကပြေးရပြန်သည်။ 


ကလေးတစ်ယောက်ကို လက်ဖက်ရည်ဆိုင်တွင် တစ်လသုံးသောင်းနှင့် လာထားသော မိဘများတွင်လည်း အကြောင်းအမျိုးမျိုးရှိပါလိမ့်မည်။ ကျွန်တော်က စိတ်မကောင်းဖြစ်စွာဖြင့် သနားရုံမှတစ်ပါး ဘာများ တတ်နိုင် ပါမည်နည်း။ 


ဆိုင်ကယ် ကယ်ရီဆွဲနေသည့် တူးခေါင်က ကျွန်တော့်စားပွဲတွင် လာထိုင်သည်။


“ဆရာကြီး ဒီနေ့စောတယ်နော်”


“အေး ... ဒီနေ့ သိပ်အဝေးကြီး မလျှောက်တော့ဘူး ... ဖိနပ်ကအသစ်ဆိုတော့ ဖိနပ်ပေါက်လို့”


“ဟေ့ ... စော်ကဲ ... ငါဒီမှာ”


သူက ဆိုင်ထဲဝင်လာသူတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။ ကျွန်တော်ကပဲ သူတို့ကို


“လက်ဖက်ရည်သောက်ကြလေကွာ ... ငါတိုက်ပါ့မယ်”


“ကျေးဇူးပဲဆရာကြီး ... နှစ်ခွက်မှာမယ်နော်”


“မှာပါကွယ် ... အီကြာကွေးလည်းစားကြ”


သူ့ကယ်ရီကို ကျွန်တော်စီးသည့်အခါတွင် တူးခေါင်က ပိုက်ဆံမယူပါ။ ထို့ကြောင့် ကြုံတုန်း လက်ဖက်ရည် တိုက်ခြင်းဖြစ်သည်။


“ဆရာကြီး သူက ကျွန်တော့်သူငယ်ချင်း စော်ကဲတဲ့”


“နာမည်က ဆန်းပါလား”


“နာမည်အရင်းကတော့ စံကြည်ပဲဆရာကြီး ... ဒါပေမဲ့ တကယ်စော်တဲ့ကောင်မို့လို့ ကျွန်တော်တို့က စော်ကဲလို့ ခေါ်ကြတာ”


“ဘာကိုစော်တာလဲကွယ်”


“ဟား ... ဟား ... ဆရာကြီးနှယ် ဒီကောင်စော်တာမှ ၁၂ ယောက်တောင်”


“လူမိုက်လား”


“မဟုတ်ဘူး ... သူမွေးထားတဲ့ကလေးကို ပြောတာ ၁၂ ယောက်တောင်”


“ဟာ”


သူ့ကြည့်တော့လည်း ပြောင်ပြောင်ယောင်ယောင်၊ ချမ်းချမ်းသာသာပုံမပေါက်။ ကလေးက ၁၂ ယောက် ဆိုသဖြင့် အံ့အားသင့်နေသည်။


“မောင်စော်ကဲရယ် ... ကလေး ၁၂ ယောက်တောင်မှ မွေးသတဲ့လား”


“ဟီး ... ဟီး ... နောက်တစ်ဗိုက်ထပ်ရနေပြန်ပြီဗျ”


“ဟာ ... မင်းကတော့ ... နေပါဦး မေးဦးမယ် ... ၁၂ ယောက်စလုံးကို မင်းက ဘာတွေများ လုပ်ကိုင်ကျွေး သလဲကွာ”


တူးခေါင်ကဝင်ပြောသည်


“ဆရာကြီးရယ် ... ဒီကောင်က ကျွန်တော်တို့ထက် ချမ်းသာတယ်”


“ဘာများလုပ်လို့လဲ”


“ဘာမှ မလုပ်ဘူး”


“ဘာမှ မလုပ်ဘဲ ဘယ်လိုများ ချမ်းသာတာလဲကွာ”


“ကလေး ချမ်းသာတာလေဆရာကြီး ... သူ့ကလေး ၁၂ ယောက်မှာ ၈ ယောက်ကို ခိုင်းစားထားပြီး သူတို့ လင်မယားက အေးအေးဆေးဆေးကို ချဲလေးထိုးလိုက်၊ ကာရာအိုကေလေးဆိုလိုက်နဲ့ကို နေတာ”


“ကလေးတွေက ဘာလုပ်သလဲ”


“စုံနေတာပဲ ... ပန်းရံ၊ စက်ချုပ်၊ ဈေးရောင်း၊ စားပွဲထိုး၊ ဘူးကောက်၊ ပုလင်းကောက်”


“ဒီဆိုင်က မိုးမင်းက သူ့သားလေ”


“ဟင်း”


ယခုတစ်ကြိမ် သက်ပြင်းကြီးချလိုက်မိသူက ကျွန်တော်ဖြစ်နေသည်။


“ဒီကောင်က ကလေးတွေကို စီမံကိန်းနဲ့ မွေးနေတာ ... သူ့သားသမီးတွေကလည်း လိမ္မာတယ်လေ သေအောင်ကို လုပ်ကျွေးတာ”


“ဘာလဲကွ သေအောင်လုပ်ကျွေးတယ်ဆိုတာ”


“အကြီးဆုံးသားက ကားနောက်လိုက်တာလေ ... ကားပေါ်က ကျသေတော့ လျော်ကြေး ငါးသိန်းရတယ်။ ခုနေတဲ့ အိမ်က အကြီးကောင် ရှာပေးသွားတာ”


“ဟာ”


ကျွန်တော် ဆက်ပြီး နားထောင်နိုင်စွမ်းမရှိတော့။ ဆိုင်ရှင်ကို ကျသင့်ငွေရှင်းပေးပြီး ပြန်ထွက်လာခဲ့သည်။ စိတ်ထဲတွင် လေးလံနေသည်။


ဤရပ်ကွက်တွင် ကလေးတွေကို အားတိုင်းမွေးတွေဟု ကျွန်တော်ကထင်ထားသည်။ သားဆက်ခြားရေး အစီအစဉ်တွေ ပညာပေးတွေ မရှိရော့သလားဟုလည်း ထင်မိသည်။ တစ်ယောက်ကို ခါးထစ်ခွင်ထားပြီး ကျန်တစ်ယောက်ကို ဗိုက်ထဲထည့်ထားသော ငယ်ငယ်ရွယ်ရွယ်လေးတွေကိုလည်း အများကြီးတွေ့ရသည်။


ကျွန်တော်ကတော့ ဆုတောင်းပါသည်


စော်ကဲလို စီမံချက်ဖြင့် မွေးနေသူတွေ မဖြစ်ပါစေနှင့်။


သိပ္ပံမောင်ဝ စာတွေထဲကလိုလည်း မခန့်မှန်းချင်


နောင်တွင် စော်ကဲသားတွေထဲက သမ္မတ မဖြစ်ဟု မည်သူပြောနိုင်အံ့နည်း။


တင်ညွန့်


၁၆.၁.၂၀၂၂