ဒေါင်းယောင်ဆောင်သောကျီး

 ဒေါင်းယောင်ဆောင်သောကျီး

-------------------------------

ငယ်စဉ်ကတည်းက နှစ်သက်ခဲ့သည့် ပုံပြင်လေးတစ်ပုဒ်ရှိသည်။ “The Vain Jackdaw & his Borrowed Feathers” ဆိုသည့် ပုံပြင်လေးဖြစ်သည်။ ကျောင်းဆရာဖြစ်သည့်အခါတွင်လည်း ထိုပုံပြင်လေးကို သင်ပြပေးခဲ့ ရပါသည်။ “ဒေါင်းယောင်ဆောင်သောကျီး” အမည်နှင့်ဖြစ်သည်။


တစ်နေ့တွင် ကျီးတစ်ကောင်သည် ဘုရင့်နန်းတော်ကိုဖြတ်သန်းကာ ပျံသန်းစဉ် လှပသောအမြီးတွေကို စက်ဝိုင်းသဏ္ဌန်လုပ်က၍ ကနေသော ဥဒေါင်းငှက်တို့ကို တွေ့သွားလေသည်။ ကျီးငှက်သည် သစ်ပင်တွင် နားရင်း သူ့အသွေးအမွှေးတွေကို ပြန်ကြည့်ကာ စိတ်ပျက်သွားသည်။


မည်းနက်နေသည့် မပြောင်မယောင်အဆင်းနှင့် ဒေါင်းကိုပြိုင်၍မနိုင်သည်ကို သဘောပေါက်သွားသည်။ သို့သော် ကျီးသည် သူ့ကိုယ်တွင် ဒေါင်းတောင်တွေကို ဆင်လိုက်လျှင် ဒေါင်းကဲ့သို့ လှပလာမည်ဟု ထင်နေ သည်။


ထို့ကြောင့်ကျီးသည် ဒေါင်းတွေစွန့်ပစ်ထားသည့် ဒေါင်းတောင်များကို လိုက်စုပြီး သူ့ကိုယ်တွင် ဒေါင်းမွှေးတွေ၊ ဒေါင်းအမြီးတွေကို တပ်ဆင်ကာ ဒေါင်းအသွင်ယူလိုက်သည်နှင့် သူ့ကိုယ်သူ ဒေါင်းဖြစ်ပြီဟု ထင်သွားသည်။


ဒေါင်းယောင်ဆောင်သောကျီးသည် ဒေါင်းတွေကြားထဲကို ရောက်လာသည်။ သူ့ကိုယ်သူ ဒေါင်းဟုထင်ကာ ဒေါင်းတွေနှင့်ရောပြီး ကတော့သည်။


ဒေါင်းမဟုတ်သော အသွင်ယူကျီး၏ သွင်ပြင်မှာ ထင်ရှားလှပေတော့သည်။ မိမိတို့အသွင်ယူထားသော်လည်း ကျီးကကျီး၊ ဒေါင်းကဒေါင်း ကွဲပြားစွာ ဖြစ်နေသောကြောင့် ဒေါင်းတွေစိတ်ဆိုးကာ ကျီးကို ဝိုင်းပြီး ထိုးဆိတ် ကြကုန်သည်။


ကျီးလည်း မိမိတွင် အတုတပ်ဆင်ထားသည့် ဒေါင်းမွှေးတွေသာမက မိမိကျီးမွှေးတွေပါကျွတ်ကုန်ပြီး ထွက်ပြေး ရတော့သည်။


ထိုပုံပြင်နှင့်ပတ်သက်ပြီး စိတ်ထဲစွဲနေသည့် စာလေးမှာ


“Borrowed feathers do not make fine birds.” ဆိုသည့်စာဖြစ်သည်။


“အငှားအမွှေးနှင့် ငှက်မွှေးငှက်တောင် မပြောင်နိုင်” ဆိုသည့် သဘောဖြစ်သည်။ အခန့်မသင့်လျှင် မိမိမှာ ရှိပြီးသား အမွှေးပင်ပြောင်သွားပေလိမ့်မည်။


ကျွန်တော်ကျောင်းဆရာဘဝကလည်း ကလေးတွေကို ထိုပုံပြင်လေးပြောပြရင်း မိမိမူရင်းစရိုက်သည် ဘယ်သောအခါမျှ ဖုံးကွယ်၍မရနိုင်ကြောင်း သွန်သင်ပါသည်။ မူလပင်ကိုယ် အရည်အချင်းသည် အရေးကြီး သည်။ အရည်အချင်း “အနှစ်” မရှိလျှင် အချိန်တန်လျှင် ကျွတ်ထွက်ကုန်တတ်ကြောင်း သူတို့ကို ပြောပြသည်။


ဖရီးဒရစ် နီချ (Friedrich Nietzsche) ၏ ဒဿနတွေကိုလည်း တက္ကသိုလ်ကျောင်းသားဘဝက အလွန်ပင် နှစ်သက်ခဲ့သည်။


Nietzsche က


“စစ်မှန်မှုကို တုပ၍မရနိုင်ပါ။ ခိုးယူထားသော ဂုဏ်သိက္ခာမျက်နှာဖုံးသည် နောက်ဆုံးတွင် အရှက်တကွဲ ပျက်စီး သွားလိမ့်မည်”


"Authenticity cannot be mimicked; the mask of stolen prestige will eventually crumble into humiliation."


Nietzsche ပြောလိုသည့်စကားတွင် “Crumble” ဟူ၍ သုံးသွားသည်ကို သတိထားမိသည်။ အတင်းယူ ထားသော ဂုဏ်သိက္ခာဆိုသည်မှာ အခိုင်အမာတည်ဆောက်ထားခြင်းမဟုတ်ဘဲ အပေါ်ယံအလွှာသဘောမျိုး ဖြစ်နေသောကြောင့် အမှန်တရား၏ ဖိအားအောက်တွင် ဖြည်းဖြည်းချင်း အပိုင်းပိုင်းအစစ ကြေမွသွားမည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း နားလည်လိုက်ပါသည်။


ပုံပြင်ထဲကလို ကျီးကန်းသည် သူ့ကိုယ်သူ ဒေါင်းဟူ၍ မည်မျှထင်နေပါစေ သူ၏ခိုးယူထားသည့်ဂုဏ် (Stolen Prestige) သည် အရှက်တကွဲဖြစ်ရန် အချိန်တစ်ခုကို စောင့်နေသလို ဖြစ်နေကြောင်း ထင်ရှားပါသည်။


Nietzsche ၏ မျက်နှာဖုံး (The Mask) ဒဿနတွင်


“လူတိုင်းသည် မျက်နှာဖုံးတစ်ခုစီ တပ်ထားကြသည်” ဆိုသည့် စကားသည် စဉ်းစားစရာပင်။


အချို့လူတို့သည် ကိုယ်တပ်ထားသည့် မျက်နှာဖုံးကို အစစ်အမှန်ဟုထင်ပြီး မျက်နှာဖုံးအောက်က ပကတိ ရုပ်သွင်ကို ဖုံးကွယ်ရန်ကြိုးစားကြသည်။ Nietzsche က ထိုသူမျိုးတွေကို "Slave Morality" ဟူ၍ သတ်မှတ် သည်။ တစ်နည်းအားဖြင့် ဂုဏ်၏ကျေးကျွန်ဟူ၍ သူကခေါ်ဆိုခြင်းဖြစ်သည်။ ကိုယ့်ထံတွင် မရှိသည့်ဂုဏ်ကို အတင်းအဓမ္မဖန်တီးရယူခြင်းမျိုးကို ဆိုလိုပါသည်။


Nietzsche က “သဘာဝတရားသည် ဟန်ဆောင်မှုကို ရွံရှာသည်” ဟုဆိုခဲ့သည်။ အနှစ်သာရမရှိသော အပေါ်ယံ Titles များနှင့် ကိုယ့်ကိုယ်ကိုယ် တန်ဆာဆင်ခြင်းသည် မိမိကိုယ်မိမိလိမ်ညာခြင်း (Self-deception) သာ ဖြစ်ပြီး အချိန်တန်လျှင် မျက်နှာဖုံးအောက်က အမှန်တရားသည် ရုပ်ဆိုးစွာပေါ်ထွက်လာတတ်သည်ဟုဆိုသည်။


ကမ္ဘာကျော်အတွေးအခေါ် ပညာရှင်များတွင်လည်း ထိုသဘောတရားကို ထောက်ခံသည့် အယူအဆများကို တွေ့ရပါသည်။


အရစ္စတိုတယ် (Aristotle) က


“ဂုဏ်သိက္ခာဆိုတာ ဘွဲ့ထူး ဂုဏ်ထူးတွေ ပိုင်ဆိုင်ရရှိခြင်းမှာ မရှိပေ။ ထိုဂုဏ်ထူးများနှင့် ထိုက်တန်ကြောင်း သိမြင်နားလည်ခြင်းမှာသာရှိသည်” ဟူ၍ ဆိုခဲ့သည်။


သူဆိုလိုသည်မှာ ဂုဏ်ထူးရှိပြီး မထိုက်တန်လျှင် ပိုပြီး ရှက်စရာကောင်းသည်ဟု ပြောလိုခြင်းဖြစ်သည်။


ဆတ် (Jean-Paul Sartre) ကလည်း


“လူတစ်ယောက်သည် ကိုယ်မဟုတ်တာကို အတင်းဟန်ဆောင်နေခြင်းသည် ကိုယ့်လွတ်လပ်မှုကို ကိုယ်တိုင် သတ်ပစ်ခြင်းဖြစ်ပြီး၊ ထိုဟန်ဆောင်မှုသည် ကြည့်ရသူအတွက် အလွန်ရွံရှာဖွယ်ကောင်းသော အနှစ်မဲ့ခြင်း ဖြစ်သည်” ဟုဆိုခဲ့ပါသေးသည်။


Nietzsche က ဟန်ဆောင်သူများ၏ နိဂုံးကို ထောက်ပြထားသည်။


ဟန်ဆောင်သူတစ်ယောက်၏ နိဂုံးသည်


“သူမည်သူဆိုတာကို သူကိုယ်တိုင် မသိတော့ခြင်းဖြစ်သည်” ဟုဆိုထားသည်။


နီချဆိုလိုသည်မှာ မျက်နှာဖုံးကို အကြာကြီး တပ်ထားသည့်အခါတွင် မျက်နှာဖုံးနှင့်အရေပြား တစ်သားတည်း ဖြစ်သွားသည်ဟုဆိုလိုခြင်းဖြစ်သည်။


“ထိုအချိန်တွင် သူသည် ငါအမှန်တကယ် မည်သူနည်းဆိုခြင်းကို မေ့သွားပြီး သူများတွေ ကဲ့ရဲ့မည်ကို ကြောက်သည့် စိတ်နှင့်ဟန်ဆောင်ရင်း စိတ်ပင်ပန်းစွာဖြင့် နိဂုံးချုပ်ရသည်” ဟုဆိုပါသည်။


“အမှန်တရားသည် နေမင်းကြီးနှင့် တူပါသည်။ ခဏတာပိတ်ဆို့ထား၍ ရနိုင်သော်လည်း ပျောက်ကွယ်သွားရန် မလုပ်နိုင်ပေ”


"Truth is like the sun. You can shut it out for a time, but it ain't goin' away."


(Ref: Beyond Good and Evil, Friedrich Nietzsche)


တင်ညွန့်


၈.၂.၂၀၂၆