ထာဝရရှင်သန်နေသူများ
-----------------------
ဆိုကရေးတီးကို အဆိပ်သောက်သေခိုင်းရန် ဆုံးဖြတ်ကြသည်။ အဘယ်ကြောင့်နည်း။ သူ့အတွေး အခေါ်ကြောင့် ဖြစ်သည်။
ထိုခေတ်က ဂရိလူ့အဖွဲ့အစည်း၏ ဘာသာတရားတွင် ကိုးကွယ်စရာ နတ်ဘုရားအများရှိသည်ဟု ယူဆကြ သည်။ သို့သော် ဆိုကရေးတီးက ကိုးကွယ်ရာ နတ်ဘုရားဆိုသည်မှာ တစ်ဆူတည်းသာရှိသည်။ နတ်ဘုရား အများရှိခြင်းမှာ မဖြစ်နိုင်ကြောင်း လူငယ်တွေကို မျက်စိနားပွင့်စေရန် ဆွေးနွေးဖော်ထုတ်ပေးသည်။
ထို့ပြင် ဆိုကရေးတီးသည် ဂရိရှေးဟောင်းအစဉ်အလာ ဒဏ္ဍာရီတွေကိုလည်း မယုံကြည်သဖြင့် ပြင်းထန်စွာ ဝေဖန်ခဲ့သူဖြစ်သည်။ သူဆွေးနွေးတင်ပြချက်များသည် လူတိုင်းလက်ခံနိုင်သော ရှင်းလင်း ချက်များဖြစ်နေသဖြင့် သူ့ကို ယုံကြည်လေးစားသူတွေ များလာသည်။
နေ့စဉ် လူစည်ကားရာ နေရာတွင် လှေကားခြေရင်း၌ထိုင်ပြီး လူငယ်တွေကို အတွေးအမြင်ဖွင့်ပေးနေသော လူတစ်ယောက်အား အုပ်ချုပ်သူ အာဏာပိုင်တွေကလည်း မျက်စိစပါးမွှေးစူးလာသည်။ အထူးသဖြင့် လူငယ်ထု၏ အတွေးအမြင်ကို လမ်းဖွင့်ပေးသူဖြစ်နေခြင်းကြောင့်လည်း တပည့်လူငယ်အများ သူ့အပါးတွင် ဝန်းရံနေကြခြင်းအပေါ် သံသယဖြစ်လာကြသည်။ ဤအချက်ကပင် ငါတို့ကို တော်လှန် ပုန်ကန်တော့မည်လောဆိုသည့် စိတ်ဓာတ်များ အာဏာပိုင်တို့စိတ်အတွေးထဲသို့ ဝင်လာစေသည်။
အချို့သော လူကြီးတွေကလည်း သူတို့၏ ရှေးရိုးစဉ်လာ ယုံကြည်မှုများအပေါ် ဆိုကရေးတီး၏ ဝေဖန်ထောက်ပြနေချက်များသည် မှန်သော်လည်း သူတို့ရိုးရာ ယုံကြည်မှုများ ပျောက်ကွယ်သွားမည်ကိုပါ စိုးရိမ်နေကြသည်။ နှစ်ပေါင်းများစွာ လက်ခံ ယုံကြည် ကိုးကွယ်နေမှုများသည် ဆိုကရေးတီးဆိုသူ ပညာရှင်၏ ဆန်းစစ်မှုအောက်တွင် ပြားပြားမှောက်ဖြစ်နေရသည်ကိုလည်း မကျေမနပ်ဖြစ်နေကြသည်။
ထို့ကြောင့် ဂရိတရားရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ ရှေးရိုးစွဲအဖွဲ့တွေက ဆိုကရေးတီးကို ခုံဖွဲ့ကာ စစ်ဆေး သည်။ သူတို့အများစု ဆုံးဖြတ်ချက်ဖြင့်ပင် ဆိုကရေးတီးသည် သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ ဆိုကရေးတီးသည် သူ့ကို သေဒဏ်ချသော်လည်း အယူခံမဝင်။ အသနားမခံ။ မတောင်းပန်ပါ။ ထိုသို့ စိတ်ဓာတ်ခိုင်မာသူဖြစ်သောကြောင့်ပင် ပိုပြီး စိတ်ဆိုးကာ သေဒဏ်ကို အတည်ပြုကြသည်။
ဆိုကရေးတီးကို သေဒဏ်မစီရင်မီ ထောင်သွင်း အကျဉ်းချထားသည်။ တပည့်ဖြစ်သူ ပလေတိုက သူ့ကို ထောင်ထဲက ခိုးထုတ်ပြီး လွတ်မြောက်စေရန် ကြံဆောင်ခဲ့သည်။ ပလေတိုက သူ့အဖော် သုံးလေး ယောက်နှင့် အကျဉ်းထောင်ထဲကို ဝင်လာပြီး ဆိုကရေးတီးအား ထွက်ပြေးကြမည်ဟု ဆိုသည်။
ဆိုကရေးတီး မည်သို့ ပြန်ပြောသနည်း
“အချင်း ပလေတို … ငါသည် ထွက်ပြေးသွားလျှင် ခန္ဓာသည် ရှင်ကောင်း ရှင်မည်။ သို့သော် ငါ့အတွေး တွေက သေသွားလိမ့်မည်။ အကယ်၍ ငါထွက်မပြေးလျှင် ငါ့ခန္ဓာသည် သေမည်ဖြစ်သော်လည်း ငါ့အတွေး တွေက ဆက်လက်ရှင်သန်နေလိမ့်မည်”
ဆိုကရေးတီးကာ ခန္ဓာထက် ဉာဏ်ကို ဦးစားပေးသူဖြစ်သည်။
အသက်ထက် ယုံကြည်မှုကို ဦးစားပေးသူဖြစ်သည်။
လူသေချင်သေပါစေ ဘဝမသေရ
လူသေချင် သေပါစေ အတွေးအခေါ်မသေစေရဟု ပြတ်သားစွာ သဘောထားသူဖြစ်သည်။
ပလေတိုနှင့် အဖော်များသည် အကျဉ်းထောင်ထဲမှာ လက်ဗလာ ပြန်ထွက်သွားရသည်။ မျက်ရည် စက်လက် ဖြစ်ကြရသည်။
သူတို့ဆရာကား အဆိပ်ခွက်ကို ရဲဝံ့စွာယူကာ ပျော်ရွှင်စွာ သောက်သုံးသွားသူဖြစ်သည်။
ထို့ကြောင့် ဆိုကရေးတီး ယနေ့တိုင် ရှင်သန်နေရသည်။
(Ref: Why did Socrates drink a cup of poison?)
(ယုံကြည်ချက်ဖြင့် ဘဝကိုပေးကာ တိုက်ပွဲဝင်ခဲ့ကြသော သူရဲကောင်းအပေါင်းအား ဤစာစုဖြင့် ဂုဏ်ပြုပါ၏)
တင်ညွန့်
၁၆.၁၁.၂၀၂၁