ခွေးသတိပြု
------------
အိမ်တစ်အိမ်ခြံဝတွင် စာကပ်ထားသည်
“ခွေးသတိပြု"
လူတွေက ခွေးတော့ ကြောက်သည်။ ခွေးဆိုသည်မှာ မထင်လျှင် မထင်သလို ထွက်ကိုက်တတ်သည် မဟုတ်ပါလား။ လူတွေကြောက်သည်က ခွေးရူးရာသီရောက်လာသဖြင့် ခွေးကိုက်လျှင် ဆေးရုံသွား၊ ဆေးထိုးနှင့် အလုပ်ပျက်မည်ကို စိုးရိမ်ဖြင့် ခွေးကိုကြောက်ကြခြင်းက ပိုပါသည်။
သို့သော် ခွေးမာန်တက်အောင် အိမ်ဝတွင် ဆိုင်းဘုတ်ကပ်သူတွေက ကပ်ကြသည်။
ခွေးမရှိလည်း လူရှိန်အောင်ဆိုကာ
“ခွေးသတိပြု” ခိုင်းကြသည်။
ပဲပြုတ်သည် မအေးက ဆွဲဆွဲငင်ငင်အော်သည်
“ပဲ .... အဲ ... အဲ ... ပြုတ်”
သူက ပဲပြုတ်ကို အက်ခိုးသံနှင့် အော်တတ်သည်။
“ပဲပြုတ် ... လာဦီး”
ခေါ်သည့်အိမ်ဝတွင် စာကပ်ထားသဖြင့် မအေးက
“ခွေးကိုက်ရင် ကြိုးချည်ထားပါတော့ ... ဒါမှမဟုတ် လူလာပါတော့” ဟုအော်၏
“ဝုတ် ... ဝုတ် ... ဝုတ်”
ခွေးတစ်ကောင်ပြေးထွက်လာသည်။
“အလိုလေး သောက်ပလုတ်တုတ် ... လုပ်ကြပါဦး ... ဟာ”
မအေးက လန့်သွားပြီးမှ “ဟာ” လိုက်သည်။
အိမ်ရှင်က ပန်းကန်လေးကိုင်ပြီးထွက်လာသည်။
“အစ်ကိုရယ် ခွေးသတိပြုဆိုလို့ အဟုတ်မှတ်လို့”
“ဘာဖြစ်လို့လဲ”
“အစ်ကို့ခွေးက ခွေးပုလေး ... အသံတော့ သိပ်စွာတာပဲ”
“အေးလေ … တယ်ရီယာမျိုးဟ”
“အစ်ကိုရယ် ခွေးသေးသေးလေးကို မွေးထားပြီးတော့ ... ခြံဝမှာ စာထုတ်ထားရတယ်လို့”
“အဲဒါဘာဖြစ်သလဲ”
“ကျွန်မက လန့်သွားတာပဲ ... တကယ်မှတ်လို့ ... ဘာဖြစ်လို့ ခွေးပုလေးကို သတိပြုခိုင်းရတာလဲရှင့်”
“ဟ ... ငါ့ဆိုင်းဘုတ် ခွေးသတိပြုဆိုတာ ခြံထဲကို ဝင်လာရင် သူ့ကို တက်နင်းမိမှာစိုးရိမ်လို့ သတိပြုခိုင်းတာ ... နင်တို့ကို မဟုတ်ဘူး”
တင်ညွန့်
၄.၁၁.၂၀၂၀