မီးတားလမ်း

 မီးတားလမ်း

-----------

“ဦးဘဌေး ... လာလေဗျာ လမ်းလျှောက်မယ်”


“နေဦး ဆရာရေ ပြီးတော့မယ် … ခဏလေး”


ကျွန်တော်က ဦးဘဌေးကို လမ်းလျှောက်ရန် ဝင်ခေါ်ခြင်းဖြစ်သည်။ သူ့အသံက သူ့အိမ်ထဲကမဟုတ်။ တစ်ဖက် ခြံကဖြစ်နေသဖြင့် ကျွန်တော်က အသံကြားရာဆီကို လျှောက်သွားမိသည်။


သူ့ခြံနှင့် တစ်ဖက်ခြံကို သံဆူးရိုးခြံတိုင်လေးတွေဖြင့် ခြားထားသည်။ သူက တစ်ဖက်ခြံမှ ပေါင်းမြက်တွေကို သူ့ခြံဘက်နှင့် တစ်ပေကွာ ပြောင်အောင်ရှင်းနေခြင်းဖြစ်သည်။


“ဦးဘဌေး ... ဒီခြံကို ဝယ်လိုက်တာလား”


“မဟုတ်ဘူးဆရာ ... သူများခြံပါ”


“ဒါနဲ့များဗျာ ... ဘာဖြစ်လို့ သူများခြံထဲ ဝင်ရှင်းပေးနေရတာလဲ။


“ခဏလေးဆရာ ကျွန်တော် လာခဲ့မယ် ... ဟိုကွပ်ပျစ်ပေါ်မှာ ထိုင်ပြီး ရေနွေးသောက်ပါဦး”


ကျွန်တော်က သူ့ခြံထဲရှိ မရန်းပင်ကြီးအောက်မှ ကွပ်ပျစ်ပေါ်သွားထိုင်ကာ သူ့ကို စောင့်နေလိုက်သည်။


ဦးဘဌေးခြံကား စိတ်ချမ်းသာစရာကောင်းလှသည်။ အလွန်အသန့်ကြိုက်သူဖြစ်သည့်အပြင် စနစ်နှင့် နေထိုင် တတ်သူဖြစ်သောကြောင့် ခြံထဲတွင် သီးနှံအစုံစိုက်ထားသည်။ သက်သတ်လွတ်သမားဖြစ်ပြီး ဈေးကိုသွားကာ ဝယ်ယူမှုနည်းသည်။ ဇနီးဖြစ်သူနှင့်အတူနေထိုင်ပြီး အငြိမ်းစားဝန်ထမ်းတစ်ဦးလည်းဖြစ်သည်။


သူက ရေတုံကင်မှ ရေကိုဆွဲပြီး ကိုယ်လက်တွေကို သန့်ရှင်းရေး လုပ်လိုက်သည်။


“ကဲ ဆရာရေ စောင့်ခိုင်းထားရတာ အားနာလိုက်တာ ... လာ သွားကြမယ်လေ”


ကျွန်တော်တို့ လမ်းလျှောက်ထွက်လာကြသည်။


“ခင်ဗျားဗျာ ဟိုဘက်ခြံကို ဝယ်လိုက်တာ ဘယ်ဆိုးလို့လဲ”


“အဲဒီခြံကို ဝယ်နိုင်လောက်တဲ့ ပိုက်ဆံ မရှိပါဘူးဗျာ ... ခုနေတဲ့ ခြံနဲ့အိမ်တောင် လုပ်သက်များတဲ့ဝန်ထမ်းဆိုပြီး ဌာနက ပေးထားလို့ နေရတာပါ ... ဒါတောင် အဲဒီခေတ်က နှစ်သောင်းသွင်းရတာ”


“ဘာဖြစ်လို့ သူများခြံကို သွားရှင်းပေးနေရတာလဲဗျာ”


“ဒီလိုရှိတယ်ဆရာ ... လာမယ့်တစ်ပတ်ဆိုရင် ကျွန်တော်က ရွာကို ခဏပြန်မှာ တစ်လလောက်ကြာမယ် ထင်တယ်။ အဲဒီဘက်ခြံက အဘတစ်ယောက်ခြံတဲ့။ ပေါင်းပင်တွေ ... မြက်ပင်တွေ ထူချင်တိုင်း ထူနေတော့ တာပဲ။ ကျွန်တော်တို့ တစ်လလောက် မရှိချိန်မှာ အဲဒီ ပေါင်းတွေ မြက်တွေက ကျွန်တော်တို့ ခြံဘက်ကို ကူးလာနိုင်တယ်လေဆရာ။ ဒါကြောင့် အရံအတားလုပ်သွားရတာ”


“ဦးဘဌေးရယ် ကြိုတွေးတတ်လိုက်တာ”


“ကျွန်တော့်ခြံက ကိုယ်တိုင်ပြုစု စောင့်ရှောက် ထိန်းသိမ်းထားရတာဗျ။ ချွေးနဲ့ သွေးနဲ့ ရင်းထားရတာလို့တောင် ပြောနိုင်တယ်။ ဒီခြံအတွက် ကျခဲ့ရတဲ့ ချွေးတွေ နည်းမှ မနည်းတာ။ ခြံရှင်းတိုင်း ဓားထိလို့ ထွက်ခဲ့တဲ့ သွေးတွေ လည်း မနည်းပါဘူး။ ကျွန်တော့်ခြံလေးကိုတော့ မြတ်နိုးတယ်ဗျာ ... ဝန်ထမ်းဘဝ နှစ်ပေါင်း ၃၀ မှာ ကိုယ့် စုဆောင်းငွေလေးနဲ့ ဒါလေးပဲ ပိုင်ဆိုင်နိုင်ခဲ့တာ”


“ဒါနဲ့ အဲဒီခြံက လူမနေဘဲ ဒီအတိုင်းကြီးထားတာ ကြာပြီနော်”


“အဲဒီခြံက ပိုင်ရှင်တောင် သူ့ခြံရှိလို့ ရှိမှန်း သိချင်မှ သိမယ်ထင်တယ်”


“ဗျာ ... ခင်ဗျားစကားက ထူးဆန်းလှချည်လား”


“ဟုတ်တယ် ... အဘတစ်ယောက်ကို သူ့လက်အောက်က လက်ဆောင်ပေးထားတာ ... အလကား ရထားတာ ဆိုတော့ ဘယ်အလေးထားမှာလဲနော်”


“အဲဒါကိုများ ခင်ဗျားက သွားပြီးဝင်ရှင်းပေးနေရသလားဗျာ”


“မေတ္တာရှိလွန်းလို့တော့ မဟုတ်ဘူးပေါ့ ... သူ့ပေါင်းမြက်တွေက ဘယ်သူ့ကိုမှ အကျိုးမပြုဘူး ... မိုးတွင်းဆို တစ်ဖက်ခြံတွေကို ကူးပြီး ကျူးကျော်ဖို့ ခြေလှမ်းပြင်မယ် ... နွေဆိုရင် ခြောက်သွေ့ပြီး ဆေးလိပ်မီး ပစ်ထည့် လိုက်ရင် မီးလောင်မယ် ... ဒါကြောင့် ကျွန်တော့်မှာ မီးတားလမ်းအနေနဲ့ သူ့ခြံဘက်ကိုလည်း ဝင်ဝင်ပြီး ရှင်းပေး နေရတာ”


“အင်း ... တစ်တိုင်းပြည်လုံးလည်း အဲဒီလိုမြေတွေ ဘယ်လောက်ရှိနေသလဲ မသိဘူးနော်”


“ဆရာ ... နိုင်ငံရေးတွေ မပါနဲ့ ... ကျွန်တော်က အေးအေးဆေးဆေးသမား”


တင်ညွန့်


၁.၈.၂၀၂၀