ပြန်လမ်းမဲ့သူ

 ပြန်လမ်းမဲ့သူ

-------------

လောကတွင် အရာရာကို စွန့်လွှတ်ထားသူနှင့် အရာရာကို လိုက်သိမ်းပိုက်နေသူနှစ်ဦး မည်သူက ပိုပြီး တန်ဖိုးရှိသနည်း။


စွန့်လွှတ်ခြင်းဖြင့် ရရှိသော ချစ်ခြင်းမေတ္တာ


သိမ်းပိုက်ခြင်းကြောင့် ရရှိသော အမုန်းတရားများ နှိုင်းယှဉ်၍ပင် မထိုက်တန်လောက်အောင်ဖြစ်သည်။


သိမ်းပိုက်သူက သူ့ကိုယ်သူ ရပြီ။၊ ပိုင်ဆိုင်ပြီဟု ထင်နေသည်။ သို့သော် သူ့တွင်အရာရာ ဆုံးရှုံးနေမှန်းမသိ။ စွန့်လွှတ်သူက တစ်ခုမျှမရှိ၊ ချမ်းသာသုခကို ရပြီးရင်း ရနေတော့သည်။


ဂရိခေတ် တွေးခေါ်ပညာရှင်ကြီး ဒိုင်ဩဂျီးနိစ်သည် မဟာ အလက်ဇန္ဒားဘုရင်နှင့် ခေတ်ပြိုင်ပေါ်ထွန်း ခဲ့သူဖြစ်ပြီး ဘုရင်က ပညာရှင်ကို အားကျကာ မနာလိုလောက်အောင် ဖြစ်ခဲ့ရသူအဖြစ် နာမည်ကျော် သည်။


ဒိုင်ဩဂျီးနိစ် ဘဝကား ရိုးရှင်းလှ၏။ မည်မျှ ရိုးရှင်းသနည်းဆိုသော် ပိုင်ဆိုင်မှုမှန်သမျှ စွန့်ပယ်ထားသူ ဖြစ်သောကြောင့်ပင်။ သူ့တွင် ဘာဆို ဘာမျှမရှိအောင်နေသည်။ နောက်ဆုံး မည်မျှ ရှင်းသနည်းဆိုသော် အဝတ်အစားကိုပင် မဝတ်။ ပိုင်ဆိုင်မှုဆိုသည်မှာ လူကိုရှုပ်ထွေးစေသည်ဆိုကာ၊ အရှုပ်ထဲတွင် ရှင်းအောင် နေမည်ဆိုပြီး သဘာဝအတိုင်းသာနေသည်။ 


စွန့်လွှတ်စိတ်မည်မျှ ပြင်းထန်သနည်းဆိုသော် သူတောင်းစားနေသည့်ခွက်ကိုပင် စွန့်လွှတ်လိုက်၏။


တစ်နေ့တွင် သူသည် မြစ်ဆိပ်သို့ရောက်လာသည်။ ခွေးတစ်ကောင် ရေသောက်နေသည်ကိုမြင်သည်။ သူက သူတောင်းစားနေသည့် ခွက်ကို လွှင့်ပစ်လိုက်သည်။


“ခွေးတောင် ဘာခွက်မျှမလို ရေသောက်နိုင်သည်ဆိုလျှင် ငါ့၌ရှိသော ခွက်သည် လိုအပ်ပါဦးမည်လော” ဆိုကာ ခွက်ကို လွှင့်ပစ်လိုက်သည်။ 


သူ့တွင် ဘာဆိုဘာမျှ ပိုင်ဆိုင်မှုမထား။ လွတ်လပ်စွာ လျှောက်သွား သည်။ စဉ်းစားသည်။ ဝတ်လစ်စားလစ်နေသည်။ သူ့အတွက် မရှိခြင်းကား ချမ်းသာခြင်းဖြစ်၏။


မဟာ အလက်ဇန္ဒားသည် ဒိုင်ဩဂျီးနိစ်ကို အလွန်လေးစားအားကျသူဖြစ်သောကြောင့် မကြာခဏ လာရောက်တွေ့ဆုံလေ့ရှိသည်။ 


တစ်နေ့တွင် သူသည် ဒိုင်ဩဂျီးနိစ်ထံရောက်လာသည်။ ထိုအချိန်တွင် ဒိုင်ဩဂျီးနိစ်က သဲသောင်ပြင်တွင် လဲလျောင်းနေသည်။ ဆောင်းတွင်း နံနက်ခင်းဖြစ်သောကြောင့် နေပူစာလှုံနေခြင်းဖြစ်သည်။ မြစ်ဆိပ်တွင် စောစောစီးစီး ရေချိုးပြီး နေပူခံနေခြင်းဖြစ်သည်။ အလက်ဇန္ဒားက


“ဆရာအရှင် … ကျွန်ုပ် သင့်အတွက် တစ်ခုခု ဆောင်ရွက်ပေးချင်ပါသည်” ဟု ဆိုလိုက်သည်။


ဒိုင်ဩဂျီးနိစ်က နှုတ်ဆိတ်နေသည်။ သူက ဆက်ပြောသည်


“ဆရာသာ အလိုရှိမည်ဆိုလျှင် ကျွန်ုပ် ဘာမဆို လုပ်ပေးရန်အသင့်ရှိပါသည်” ဟု ဆိုပြန်သည်။


ဒိုင်ဩဂျီးနိစ်က မျက်စိဖွင့်ကြည့်လိုက်ပြီး


“ဟေ့ကောင် ခုမင်းလုပ်ပေးရမှာက ဘေးကို ဖယ်လိုက်စမ်း … ငါနေပူဆာ လှုံနေတာ။ မင်းအရိပ်က ငါ့ကို လာကွယ်နေတယ်။ နေနဲ့ ငါ့ကြားမှာ မင်းကလာကွယ်တော့ ငါချမ်းတယ်။ မြန်မြန်ဖယ်” ဟုဆိုလိုက်သည်။


အလက်ဇန္ဒားက သဘောကျသွားသည်။ လောကတွင် သူ့စိတ်ထဲအရှိကို အရှိအတိုင်းပြောတတ်သူ အဖြစ်လည်း ပိုပြီး လေးစားသွားသည်။ သူသည် ဟန်ဆောင်ခြင်းမရှိ။ ကြောက်ရွံခြင်းမရှိ။ သူ့လို ဘုရင်ထံတွင် လိုရာတောင်းတိုင်းရမည်ဟု ခွင့်ပြုထားသော်လည်း ဘာမျှမတောင်း။ သူ့ကို မောင်း၍ပင် ထုတ်နေသေးသည်။


အလက်ဇန္ဒားက ဦးညွတ်လိုက်ပြီး


“လေးစားပါသည်ဆရာသခင်။ အကယ်၍ နောင်ဘဝတွင် လူပြန်ဖြစ်ရမည်ဆိုလျှင် ဘုရားသခင်ထံ ဆုတောင်းပါမည်။ ကျွန်ုပ်ကို အလက်ဇန္ဒားအဖြစ် မွေးဖွားစေမည့်အစား ဒိုင်ဩဂျီးနိစ်အဖြစ်သာ လူပြန်ဖြစ် ပါစေ ဟူ၍ဖြစ်သည်”


ဒိုင်ဩဂျီးနိစ် ကရယ်လိုက်ပြီး


“မင်းကွယ် နောင်ဘဝထိတောင် အကြာကြီး စောင့်နေရသလား။ ငါ့လိုဖြစ်ချင်တာများ တကယ်ဖြစ်ချင်ရင် ခုဖြစ်လို့ ရပါတယ်ကွ။ မင်းဘာကြောင့် လူတွေကို သတ်နေရသလဲ။ မင်းဘာကြောင့် လူတွေကိုဒုက္ခလိုက် ပေးနေရသလဲ။ မင်းဘာကြောင့် စစ်လိုက်တိုက်နေရသလဲ။ ဘာကြောင့် မင်းအဲဒီလို လူမဆန်တဲ့ အလုပ်တွေကို လုပ်နေရသလဲ”


အလက်ဇန္ဒားကဆို၏


“ဆရာသခင် … ကျွန်ုပ်သည် ပထမ အရှေ့အလယ်ပိုင်းကို အောင်နိုင်ခဲ့သည်။ ထို့နောက် အိန္ဒိယတိုင်အောင် တိုက်ခိုက်နိုင်ခဲ့သည်။ မကြာမီ အရှေ့ဖျားနိုင်ငံများအထိ အောင်ပွဲခံဦးမည်”


ဒိုင်ဩဂျီးနိစ်က


“ဆက်ပြောပါဦးကွ”


“တစ်ကမ္ဘာလုံးကို သိမ်းပိုက်ဦးမည်ဆရာသခင်”


ဒိုင်ဩဂျီးနိစ်က ရယ်လိုက်သည်


“မင်းလိုကောင်ကများ ငါ့လိုဖြစ်ချင်သေး ဟုတ်စ။ ငါ့ကိုကြည့်စမ်း။ မင်းကတော့ အရူးလို့ ထင်မှာပဲ။ ငါမရူးဘူးကွ။ ဘာကြောင့်လဲသိလား။ ငါက ဘာကိုမှတိုက်ခိုက် သိမ်းပိုက်ဖို့ စိတ်ကူးထဲတောင်မထည့်ဘူး။ ဟေ့ကောင် ငါ့ဘေးကို လာရပ်စမ်း။ ငါနေတဲ့ ဟောဒီ မြစ်ကမ်းပါးကြီးကို ကြည့်လိုက်စမ်း။ အကျယ်ကြီး။ မင်းလည်း လာနေလို့ရတယ်။ နေချင်တဲ့ကောင် လာနေလို့ရတယ်။ ငါ့နေရာကို လာသိမ်းပိုက်မှာပဲ ဆိုပြီး ငါဘယ်တော့မှ သောကမရောက်ဘူး။ ဒီနေရာကို သူများလာပြီး နေမှာပဲဆိုပြီးတော့လည်း ငါ့စိတ်ထဲမှာ ဖြစ်မနေဘူး။ ငါ့နေရာအတွက် ငါ့ဒီကျောတစ်နေရာစာအတွက် ငါဘယ်သူ့ကိုမှလည်း တိုက်ခိုက်ပြီး ရန်ဖြစ် နေစရာမလိုဘူး။ လူတိုင်း ငါ့ဘေးမှာ လာနေလည်း ပြဿနာမရှိဘူး။ ဟောဒီလောကမှာ ငါ့လောက် စိတ်ချမ်းသာတဲ့ကောင် ရှိမယ်တောင် မထင်ဘူး” ဟုဆိုလိုက်သည်။


အလက်ဇန္ဒားမှာ ဒိုင်ဩဂျီးနိစ်စကားကို ကြားလိုက်ရပြီး အလိုလိုသိမ်ငယ်စိတ်တွေ ဝင်လာ၏။ သူ့ထံတွင် အနိုင်ယူလိုစိတ်၊ သိမ်းပိုက်အောင်ပွဲခံလိုစိတ်တွေ များနေသောကြောင့် ဤနေရာကိုပင် တစ်ယောက် တည်း မလာဝံ့။ ဒိုင်ဩဂျီးနိစ်ကား သူသွားချင်သလိုသွား၊ စားချင်သလိုစား၊ နေချင်သလိုနေနိုင်၏။ မည်မျှ လွတ်လပ်ပါသနည်းဟု တွေးက သိမ်ငယ်သွားမိသည်။


“မှန်ပါသည် ဆရာအရှင်။ အမှန်အတိုင်းဆိုရလျှင် ကျွန်ုပ်သည်သာ ရူးနေသူဖြစ်ပါသည်။ ဆရာ့လို စွန့်လွတ် နိုင်မည်ဆိုလျှင် ဆရာ့ထံတစ်နေ့ ပြန်လာခဲ့ပါမည်”


အလက်ဇန္ဒားက ထွက်သွားသည်။ ဒိုင်ဩဂျီးနိစ်က လှမ်းပြောလိုက်သည်


“အသိတရား မရှိဘဲ ငါ့ထံပြန်လာလည်း အလကားပါပဲ။ သင်အသိတရားရှိလိုက်ချိန်မှာလည်း သင်၏ ခရီး ပြီးဆုံးပြီ” 


အလက်ဇန္ဒားက ဒိုင်ဩဂျီးနိစ်၏ နောက်ဆုံးစကားကို နားထောင်ပြီးထွက်သွား၏။ သူဘယ်သောအခါမျှ ဒိုင်ဩဂျီးနိစ်ထံပြန်မရောက်လာတော့ပါ။ သူတို့နှစ်ဦး တွေ့ဆုံခြင်းမှာ နောက်ဆုံးဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် အလက်ဇန္ဒားသည် သေဆုံးသွားခဲ့သောကြောင့်ဖြစ်သည်။ 


(Osho ၏ All That To Rest In The End? ကို မြန်မာမှုပြုပါသည်)


တင်ညွန့်


၄.၇.၂၀၂၁