အာမချောင်နှင့်
--------------
“စကား စကား ပြောပါများ စကားထဲက ဇာတိပြ” ဟုဆိုကြသည်။
ပညာရှိသူနှင့် ပညာမဲ့သူ စကားအရာကွာသည်။ ပညာမဲ့သူက ပြောခွင့်ရသောကြောင့် ပြောလေ၊ မှားလေ ဖြစ်သည်။ ပညာရှိသူက ပြောသင့် မပြောသင့်ချင့်ချိန်ကြသဖြင့် မလိုအပ်လျှင်မပြော၊ လိုအပ်မှပြောသည်။
နှုတ်ကိုစောင့်ထိန်းသင့်ပါသည်။ လူတစ်ယောက်တွင် နားကနှစ်ခု၊ ပါးစပ်ပေါက်က တစ်ခုသာပါသည်။ ထို့ကြောင့် များများနားထောင်ကာ နည်းနည်းပြောရမည် ဆိုသည့် သဘောသက်ရောက်သည်။
အာချောင်သူ အမှားများ သေလမ်းသွားရသည်ဆိုသော ရုရှားနိုင်ငံမှ အဖြစ်အပျက်လေးတစ်ခုရှိခဲ့သည်။
၁၈၂၅ ခုနှစ်ကဖြစ်သည်
ဇာဘုရင်အသစ် ပထမမြောက် နစ်ခိုးလပ်စ်သည် ရုရှားထီးနန်းကို ဆက်ခံခဲ့သည်။
ဘုရင်အသစ်ကို မကျေနပ်၊ မနှစ်သက်ကြသောကြောင့် တော်လှန်ပုန်ကန်သူတွေများလှသည်။ တိုင်းပြည်ကို စက်မှုနိုင်ငံအဖြစ် တည်ဆောက်ချင်သူတွေ၊ ခေတ်မီစေချင်သူတွေ၊ ဘုရင်စနစ်ကို မကြိုက် သူတွေ၊ အခြား ဥရောပနိုင်ငံများနည်းတူ ခေတ်မီဖွံ့ဖြိုးစေချင်သူတွေက ဇာဘုရင်အသစ်ကို ဆန့်ကျင် တော်လှန်ကြတော့သည်။
ဒီဇင်ဘာလှုပ်ရှားမှုတွင် ပုန်ကန်သူများမှာ ရက်စက်စွာ နှိမ်နင်း သတ်ဖြတ်ခြင်းခံခဲ့ရသည်။ သူပုန်များ ထဲတွင် ထင်ရှားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သူ ကွန်ဒရေတီ ရီလီယက်ဆိုသူကိုဖမ်းမိပြီး ဇာဘုရင်က သေဒဏ်ပေးရန် အမိန့်ချလိုက်သည်။
ရီလီယက်ကို ကြိုးမိန့်ပေးသည့်နေ့တွင် ကြိုးစင်သို့ ခေါ်လာကြသည်။ ထိုခေတ်က ကြိုးပေးခြင်းကို လူစုဝေးစေပြီးမှ ကျင်းပသည်။ ရီလီယတ်အား ကြိုးကွင်းကိုလည်ပင်းတွင်စွပ်ပြီးနောက် ဒေါက်ဖြုတ် လိုက်ကြသည်။ တံခါးပွင့်သွားပြီး တန်းလန်းဖြစ်သွားသော်လည်း ကြိုးကပြတ်ပြီး ရီလီယက်သည် အောက်ကို ပြုတ်ကျသွားလေသည်။
ထုံးစံအတိုင်းဆိုလျှင် ထိုသို့ ဖြစ်တောင့်ဖြစ်ခဲ အမှုအတွက် ကောင်းကင်ဘုံက ရှင်သန်ခွင့် ပေးသနားတော် မူသည်ဆိုကာ ထို ရာဇဝတ်သားကို သတ်လေ့မရှိ လွှတ်ပေးကြရသည်။ သို့သော် ရီလီယက်က မတ်တတ် ထလိုက်ပြီး လူအုပ်ကြီးဘက်လှည့်ကာ အော်လိုက်သည်။
“တွေ့ကြလားဟေ့ … ရုရှားတွေ ကြိုးကိုတောင် ဘယ်လိုခိုင်အောင် ကျစ်ရမယ်ဆိုတာ မသိကြဘူး”
ထိုအချိန်တွင် အထောက်တော်က ချက်ချင်း နန်းတော်ထဲပြေးဝင်ကာ ဇာဘုရင်ကိုလျှောက်သည်။ လွတ်ငြိမ်းချမ်းသာခွင့်ကို ဘုရင်ကလက်မှတ်ထိုးပေးရမည်ဖြစ်သဖြင့် ဘုရင့်ထံသို့ လာရောက်ကာ အဖြစ်အပျက်ကို လျှောက်တင်ခြင်းလည်း ဖြစ်သည်။
ဇာဘုရင်က အထောက်တော်ကို မေးသည်
“အဲဒီကောင် နောက်ဆုံးဘာပြောသလဲ”
“ရုရှားတွေက ကြိုးတောင် ခိုင်အောင်မကျစ်နိုင်ဘူးလို့ လူထုကြီးကို အော်ပြောပါတယ်” ဟုလျှောက်သည်။
သတင်းကိုကြားလိုက်သည့်အခါတွင် ဇာဘုရင်က စိတ်ဆိုးသွားသည်။ သူစိတ်ဆိုးသည်မှာ ရီလီယက် မသေသောကြောင့် မဟုတ်။ ရုရှားတွေ ကြိုးတောင်ခိုင်အောင် မကျစ်တတ်ဘူးဆိုသည့် စကားကြောင့် ဖြစ်သည်။
ဇာဘုရင်က အမိန့်ရှိသည်
“ကိုင်း … ဒါဆိုလည်းကွယ် … ရုရှားတွေ ကြိုးကျစ်တတ်၊ မတတ်ဆိုတာ လက်တွေ့ စမ်းသပ်ကြည့်ရ တာပေါ့” ဆိုကာ ရီလီယက်ကို မလွှတ်ပေးသေးပဲ ဆက်ဖမ်းထားသည်။
နောက်တစ်နေ့တွင် နောက်တစ်ကြိမ် ထပ်ပြီး ကြိုးဒဏ်ချပြန်သည်။
ဤတစ်ကြိမ်တွင်တော့ ကြိုးကမပြတ်၊ ရီလီယတ်သေသည်။
အာဏာရှင်တို့ ပဒေသရာဇ်တို့ဆိုသည်မှာ ဥပဒေတွေဘာတွေကို ဂရုစိုက်နေသူများ မဟုတ်ကြပါ။ တိုင်းပြည်ကို အစိုးရချင်သော်လည်း ပြည်သူကလက်မခံလျှင် အစိုးမရနိုင်ပါ။ ထို့ကြောင့်အစိုးရဖြစ်စေရန် အဓမ္မအားထုတ်လေ့ရှိကြသည်။ “အစိုးရ” ဆိုသည်မှာ ပိုင်စိုးသည်ဆိုသောအဓိပ္ပာယ်လည်း သက်ရောက် သည်။ မိမိမည်မျှ ပိုင်စိုးနိုင်သည်ဆိုခြင်းကို ထုတ်ပြချင်ကြသည်မှာ လက်နက်နှင့် အာဏာကို ထိန်းချုပ်နိုင်သူတွေ၏ ထုံးစံဖြစ်သည်။
အာဏာရှင်များလက်ထက်တွင် သူတို့က အစိုးရဖြစ်စေရန် အားထုတ်တတ်သော်လည်း ပြည်သူများဘဝမှာ ဘာမျှအစိုးမရနိုင်ပါ။ “ဥပဒေက မည်သို့ပင်ဆိုစေကာမူ” ကြောင့် မသေသင့်သူတွေ သေဆုံးရသည်။ ငါရှင်ဘုရင် ဘယ်နှပတ်လှည့်လှည့် စိတ်ဓာတ်ရှိသော ဇာဘုရင်လို အဓမ္မမင်းတွေလက်ထက်တွင် ပြည်သူတွေ၏ အသက်မှာ အစိုးမရ၊ အာမခံချက်မရှိ။ ထို့ကြောင့် ကောင်းကင်ဘုံက ချမ်းသာပေးသော် လည်း အာဏာရှင်က ရီလီယတ်ကို မသေမချင်း ကြိုးပေးသတ်ခဲ့သည်။
(Ref: The 48 Laws of Power, Robert Greene)
တင်ညွန့်
၁၅.၉.၂၀၂၁