ကိုယ်ဖော်တဲ့ဆေး

 ကိုယ်ဖော်တဲ့ဆေး

-------------------

ရွာတစ်ရွာတွင် အရူးတစ်ယောက်ရှိသည်။ ရူးသာရူးသည် သောက်ကြီးသောက်ကျယ်တွေတော့ ပြောတတ် သည်။ ထို့ကြောင့်လည်း သူ့ကို "သောက်ရူး” ဟု တစ်ရွာလုံးက ခေါ်ကြသည်။ 


သောက်ရူးသည် စိတ်ညစ်နေသည်။ အဘယ်ကြောင့်နည်း။ သူဘာပြောပြော လူတွေက လှောင်ပြောင် ကဲ့ရဲ့နေကြသောကြောင့်ဖြစ်သည်။ သူဘာလုပ်လုပ် ဟာသဖြစ်နေသည်။ လူက ကျပ်လည်းမပြည့်။ လည်ပင်းတွင် တစ်မတ်စေ့တစ်စေ့ကလည်း ကြိုးဖြင့်ဖောက်သီကာ ဆွဲထားသေးသည်။ လူကြားထဲဝင်လာပြီး လူတွင်ကျယ်လုပ်ကာ သိသလိုလို တတ်သလိုလို ဝင်ပြောချင်သည်။ သူဝင်ပြောလျှင် ပွဲပျက်ပြီ။ ထို့ကြောင့်


“ဟေ့ သောက်ရူး ထွက်သွား ... ဒီမှာ လူတွေ စကားပြောနေတယ်” ဟု မောင်းထုတ်သည်။


သောက်ရူးက စဉ်းစားသည်။


“လူတွေ စကားပြောနေတယ်ဆိုတော့ ငါကဘာလဲ”


သောက်ရူးသည် မကျေနပ် ဘုန်းကြီးကျောင်းကိုလာပြီး ဆရာတော်ကိုလျှောက်သည်


“ဆရာတော်ဘုရား”


“ဘာလဲကွ”


“လူတွေက သူတို့စကားပြောရင် တပည့်တော်ကို လူတွေထဲဝင် ဝင်မပါနဲ့လို့ပြောပြီး ရယ်ကြတော့ တပည့်တော်က ဘာလဲဘုရား”


သောက်ရူးကို ဆရာတော်က သောက်ရူးဟု ပြောရခက်နေသည်။ 


“အင်း ဒကာ နင်က လူမဟုတ်ဘူး နတ်”


“တပည့်တော်က နတ်လားဘုရား”


“အေး ဟုတ်တယ်”


“ဒါပေမဲ့ တပည့်တော် စကားပြောရင် ဘာဖြစ်လို့ လူတွေက ရယ်တာလဲဘုရား”


“နတ်ဆိုတော့ အမှန်တွေပြောတာ ရယ်စရာလို ဖြစ်ပုံရတယ်”


“ဒါဆို တပည့်တော် အမှားတွေချည်း ပြောရမှာလားဘုရား”


ဆရာတော်ဘုရားကလည်း စိတ်ရှုပ်စွာဖြင့်


“အမှားတွေ မပြောနဲ့ ဆန့်ကျင်ဘက်တွေပြော”


“ဆန့်ကျင်ဘက်တွေ ဘယ်လိုပြောရမှာလဲဘုရား”


“လွယ်ပါတယ် ... လူတွေက နေ အရှေ့ကထွက်တယ်ပြောရင် ... နင်က မဟုတ်ဘူး အနောက်ထွက်တာလို့ပြော။ ဗျိုင်းကို ဖြူတယ်လို့ပြောရင် အဖြူဆိုတာ အမွှေးဖြူတာ အသားဖြူတာမဟုတ်လို့ မမှန်ဘူးလို့ ငြင်း။ ရွာထဲက ဒေါ်ကုလားမကို သိလား”


“သိတာပေါ့ဘုရား”


“ဒေါ်ကုလားမကို သူများတွေက အသားမည်းတယ်လို့ပြောရင် နင်က ဖြူတယ်လို့ ငြင်း ... မယုံရင် အရေပြားကို ခွာကြည့်လို့ပြော။ ပန်းကိုကြည့်ပြီး သူများတွေက လှတယ်လို့ပြောရင် နင်က အလှဆိုတာဘာလဲလို့ ပြန်မေး။ အဲဒီလိုသာ သူတို့နဲ့ အလိုက်အထိုက်တွေ မပြောဘဲ ဆန့်ကျင်ဘက်တွေ လျှောက်ပြော ... နင့်ကို လူတွေက လက်ခံလာလိမ့်မယ်”


မှတ်မှတ်ရရ ဆရာတော်ဘုရားသည် တစ်လခန့် မြို့ကိုကြွသွားသည်။


ဆရာတော် ရွာကို ပြန်ကြွလာသည့် အခါတွင် ရွာဦးစေတီတွင် လူများစည်ကားနေသည်။ ဆရာတော်က စုံစမ်းလိုက်သည့်အခါတွင် ဘိုးတော်ရောက် နေသည်ဟုဆိုသည်။ ဆရာတော်လည်း အမှတ်မဲ့နေလိုက်သည်။


တစ်နေ့ ဆွမ်းစားပြီး စာဖတ်နေစဉ် ကျောင်းထဲကို လူတစ်အုပ်ကြီး ဝင်လာသည်။ လူအုပ်ကြီးကို ရှေ့က လူတစ်ဦးက ဦးဆောင်လာသည်။ ဆရာတော်က သေသေချာချာကြည့်လိုက်ရာ သောက်ရူးဖြစ်နေသည်။


သောက်ရူးလည်ပင်းတွင် ပန်းကုံးတွေဝေနေသည်။ လက်ထဲတွင်လည်း ကောက်ကောက်ကွေးကွေး တောင်ဝှေး တစ်ချောင်းနှင့် ဖြစ်နေသည်။ လူကလည်း ယောဂီဝတ်စုံနှင့်။


ဆရာတော်က 


“ဟဲ့ နင်ဘာဖြစ်လာတာလဲ” ဟု မေးသည်


သူတို့အားလုံးက ဆရာတော်ကို ဦးချကန်တော့ကြသည်။


သောက်ရူးက ဆရာတော်အနားသို့ ချဉ်းကပ်ပြီး တိုးတိုးလေးလျောက်သည်။


“တပည့်တော် ဆရာတော်ပေးတဲ့ အကြံအတိုင်း လိုက်နာလိုက်တာ ဟန်ကျတယ်ဘုရား”


“ဘာတွေ ဟန်ကျတာလဲ”


“တပည့်တော်က ဆရာတော် မိန့်ကြားတဲ့အတိုင်း ပြောတာတွေကို တစ်ရွာလုံးက ထူးဆန်းလှတဲ့ အတွေးအခေါ် ... တရားထူး တရားမြတ်တဲ့ဘုရား။ အဖြူကို မည်းတယ်ပြောတာ ငါတို့တစ်သက် မတွေးမိပါလားတဲ့။ လှတာကို မလှဘူးပြောတော့ တရားသဘောကို တကယ်နားလည်တာတဲ့။ နေက အနောက်ထွက်တယ် ပြောတော့လည်း ဘယ်သူက အရှေ့နဲ့ အနောက်ကို ဒါအရှေ့ ... ဒါအနောက်ဆိုပြီး သတ်မှတ်ခဲ့တာလဲတဲ့ ... တပည့်တော်က သူတို့နဲ့ ဆန့်ကျင်ဘက်တွေချည်း လျှောက်ပြောတော့လည်း သတ်မှတ်ချက်ဆိုတာ လူကဖြစ်တာ ... လူက သတ်မှတ်ရင်ရတာပဲတဲ့ ... ကဲ ဘယ်လောက် ဟန်ကျသလဲဘုရား။ ခုမှ တပည့်တော်ကို တစ်ရွာလုံးက ဘိုးတော် ဆိုပြီးတော့ ကိုးကွယ်ကြတော့တာ။ ကျေးဇူးကြီးလှပါတယ် အရှင်ဘုရား။ တပည့်တော်ကို တစ်သက်လုံး တစ်ရွာလုံးက သောက်ရူးလို့ သတ်မှတ်နေကြတာ ... အရှင်ဘုရားအကြံအတိုင်း လိုက်နာမှပဲ တပည့်တော်လည်း ကန်တော့ခံဖြစ်သွားပြီး ခုဆိုရင် ဘိုးတော်တဲ့ဘုရား တပည့်တော်ကို ကလေးကတောင် သောက်ရူးလို့ မခေါ်ရဲတော့ဘူးဘုရား”


ဆရာတော်ဘုရားက


“ဟဲ့ သောက်ရူး ထွက်သွား ... တစ်ရွာလုံးက သောက်ရူးတွေလည်း ငါ့ကျောင်းထဲကထွက်သွား” ဟု ပြောလိုက် လေတော့သည်။


တစ်ရွာလုံးတွင် သောက်ရူးကို သောက်ရူးဟု ခေါ်ဝံ့သူမှာ ယခုအခါ ဆရာတော်တစ်ပါးသာရှိသည်။ 


(မှတ်ချက် - ရုရှား စာရေးဆရာအီဗန် တူဂေးညက်၏ The Great Fool ကိုမှီငြမ်းပါသည်)


တင်ညွန့်


၁.၅.၂၀၂၃