ဒူးကောင်းမှ ပူးပေါင်းနိုင်မည်
--------------------------
ပြည့်တန်ဆာအိမ်တန်း မီးလောင်သည်။ ရိုင်းရိုင်းပြောရလျှင်
ဖာတန်းမီးလောင်သည်
ဂျပန်ခေတ်က ရပ်ကွက်အတွင်း ဖာတန်းများကို လိုင်စင်နှင့် ဖွင့်ခွင့်ပြုသည်။ အလုပ်အကိုင် ရှားပါးပြီး ငတ်ပြတ်သော ကာလဖြစ်သောကြောင့် ဖာတန်းကိုမှီခိုနေရသူတွေ များလှသည်။ ထိုခေတ်က ဖာတန်းဟုသာ ခေါ်ကြသည်။
မီးလောင်သဖြင့် အားလုံး ထွက်ပြေးကြသည်။ ဖာတန်းတွင် အကန်းနှင့် အကျိုးနှစ်ယောက်ရှိသည်။ သူတို့မှ ခက်သည်။ အကျိုးကလည်း မထနိုင်၊ အကန်းကလည်း မပြေးနိုင်။
“မီးဟေ့ ... ပြေးဟေ့”
နောက်ဆုံးတွင် အကန်းနှင့် အကျိုးသာကျန်တော့သည်။
အကန်းနှင့် အကျိုးသည် ဖာတန်းမှ ပေးသမျှ ကျွေးသမျှနှင့် ရပ်တည်နေကြရသူများဖြစ်သည်။ သို့သော် အသက် လုပြေးကြသဖြင့် သူတို့နှစ်ယောက်မှာ ဒုက္ခရောက်နေရှာသည်။
ဖြစ်ချင်တော့ ဖာတန်းမီးမလောင်မီက အကျိုးနှင့် အကန်းသည် တစ်ယောက်နှင့် တစ်ယောက် မခေါ်မပြောနိုင် လောက်အောင် မုန်းကြသည်။ စကားလည်း မပြောကြ။ သို့သော် ယခုတော့ အကျိုးနှင့်အကန်း မပူးပေါင်း၍မရ။ အကျိုးက အကန်းကို ပြောသည်
“ဟေ့ကောင် ... မီးတွေက ငါတို့နဲ့ နီးလာပြီ ... ပြေးမှဖြစ်တော့မယ်”
“မင်းဘာသာပြေး”
“မပြေးနိုင်လို့ပေါ့ကွ ... ပြေးနိုင်လို့ကတော့ မင်းကိုတောင် ပြောစရာ မလိုဘူး ... ဒီအချိန်မှာ တို့နှစ်ယောက် အငြင်းပွားနေလို့ မဖြစ်ဘူး ... ပူးပေါင်းမှ ဖြစ်မယ် ... အသက်အန္တရာယ်ကွ”
“မင်းဘာဖြစ်ချင်သလဲ”
“မင်းက မျက်မမြင်ပေမယ့် ဒူးပါတယ်လေကွာ ... ပြေးနိုင်တယ် ... ဒါကြောင့် ငါ့ကိုထမ်း ... ငါက ကျိုးပေမယ့် မြင်တယ် လေကွာ ... ဒါကြောင့် မင်းကိုလမ်းပြပေးမယ် ... မီးကနီးလာပြီကွ”
“အေး ... အသက်အန္တရာယ်ကြောင့် မင်းနဲ့ ဒီတစ်ခါတော့ ပူးပေါင်းလိုက်မယ် ... ပူလိုက်တာ မြန်မြန်ထမ်း”
“ဟောဒီမှာတက်”
အကန်းပေါ် အကျိုးက ခုန်တက်သည်။ အကန်းကပြေးသည်။ အကျိုးက လမ်းပြသည်။
ဖာတန်းမီးလောင်ပြီ။ အကျိုးနှင့် အကန်း မပူးပေါင်းလျှင် ပျက်ကိန်းကြုံနေသောကြောင့် မဖြစ်မနေ ပူးပေါင်း လိုက်ကြသဖြင့် သေဘေးကလွတ်သည်။
(Blind and Lame)
တင်ညွန့်
၁၁.၇.၂၀၂၀