‎လှောင်အိမ်လေး (စ/ဆုံး)

 ‎လှောင်အိမ်လေး (စ/ဆုံး)


—————–


‎သမီးနှင့်ဖေဖေ ဈေးထဲမှာ ပျော်ရွှင်နေသည်။



‎“သမီးလေး မွေးနေ့လက်ဆောင် ဘာဝယ်ပေးရမလဲ”



‎ထိုအချိန်တွင် သူတို့ တိရစ္ဆာန်များရောင်းသည့် အတန်းကို ရောက်လာသည်။ သမီးလေးက ခုန်ပေါက်ပြီး ပျော်နေသည်။



‎“ဖေဖေ ငှက်လေးတွေလှလိုက်တာ”



‎“အေးလှတယ်”



‎“ဟို အဝါရောင်ငှက်လေး လိုချင်လိုက်တာ”



‎“သမီးလေး တိရစ္ဆာန်မွေးတယ်ဆိုတာ သူတို့ကို ပြုစုယုယနိုင်ရတယ်။ သူတို့ကို ချစ်ဖို့ အချိန်တွေ အများကြီး ပေးရတယ်။ ပြီးတော့ ငှက်ကလေးတွေဆိုတာ လှောင်အိမ်ထဲမှာ နေချင်ကြတာ မဟုတ်ဘူး။ လာပါ သမီးလေးရယ် ဟိုဘက်မှာ လက်ပတ်နာရီတွေရှိတယ်။ လက်ပတ်နာရီ ဝယ်ပေးမယ်”



‎“ဟင့်အင်း ငှက်ဝါလေးပဲယူမယ်”



‎“သမီးရယ် ငှက်လေးတစ်ခုခုဖြစ်ရင် သမီးခံစားရလိမ့်မယ်”



‎“ရဘူး … ငှက်ပဲယူမယ်”



‎နောက်ဆုံး ဖေဖေက သမီးကို အလျှော့ပေးလိုက်ရသည်။ ငှက်ကလေးကို လှောင်အိမ်လေးနှင့်အတူ ဝယ်ပေးလိုက်ရသည်။



‎သမီးလေးက လှောင်အိမ်လေးကို ကိုင်ပြီး ပျော်ရွှင်နေသည်။ သမီးကိုကြည့်ပြီး ဖေဖေလည်း ပျော်သည်။



‎အိမ်ပြန်ရောက်ကတည်းက လှောင်အိမ်နားကမခွာ။ ငှက်ကလေးကို အစာကျွေးသည် မစား။ ရေတိုက်သည် မသောက်။



‎“ဖေဖေ ငှက်လေးက အစာလည်းမစား၊ ရေလည်း မသောက်ဘူး”



‎“သမီးရယ် ဖေဖေပြောသားပဲ။ ငှက်ကလေးတွေက လှောင်အိမ်ထဲနေရတာ မပျော်ဘူး”



‎နောက်နှစ်ရက်လောက် အကြာတွင် ငှက်ကလေး သေသွားသည်။ သမီးလေး ငိုသည်။ သမီး ငိုသည်ကို မြင်ရသည့်အခါ ဖေဖေ စိတ်မကောင်းဖြစ်ရသည်။ သို့သော် နောက် သုံးရက်လောက်အကြာတွင် မေ့သွား သည်။ ဖေဖေက သမီးလေးကို လက်ပတ်နာရီလှလှလေးတစ်လုံး ဝယ်ပေးခဲ့သည်။



‎နှစ်တွေကြာခဲ့ပါပြီ။



‎“သမီး … ဖေဖေ သမီးကို အဲဒီကောင်လေးနဲ့ လုံးဝသဘောမတူဘူး”



‎“ဖေဖေ သမီးတို့သိပ်ချစ်ကြတာပါ”



‎“လောကမှာ ချစ်နေရုံနဲ့ မပြီးဘူးသမီး။ လုပ်စရာတွေအများကြီးရှိသေးတယ်။ သမီး လုပ်ရမှာတွေ အများကြီး ရှိသေးတယ်။ သမီး ပညာတွေ သင်ရဦးမယ်။ အလုပ်အကိုင်တစ်ခုခု အခြေချရဦးမယ်။ သမီးဘက်မှာ ဘာမှ အဆင်သင့်မဖြစ်သေးမီ အိမ်ထောင်ပြုလိုက်ရင် ဒုက္ခရောက်မယ်”



‎“ဖေဖေ … သမီးတို့ လက်ထပ်ကြမယ်လို့ ဆုံးဖြတ်ပြီးပြီ”



‎“ဖေဖေ ပြောတာကို သမီး နားမထောင်ရင် သဘောပဲ”



‎သမီးလေးက အိမ်ပေါ်မှ ခြေဆောင့်ပြီး ဆင်းသွားသည်။



‎ဖေဖေက စာကြည့်ခန်းထဲဝင်သွားပြီး ငြိမ်သက်စွာ ထိုင်နေသည်။ သူက စာအုပ်စင်အပေါ်ဆုံးကို လှမ်းကြည့် လိုက်မိသည်။ လှောင်အိမ်လေးတစ်လုံး။



‎သူက လှောင်အိမ်လေးကို လှမ်းယူလိုက်သည်။ သမီးကို ငယ်ငယ်က ဝယ်ပေးခဲ့ဖူးသည့် လှောင်အိမ်ကလေး။ သူ့မျက်လုံးထဲတွင် မျက်ရည်တွေ လိမ့်ဆင်းလာသည်။ လှောင်အိမ်လေးကို ပြန်တင်ထားလိုက်သည်။



‎“ကောင်းပါတယ် … လွှတ်ပေးလိုက်တာပဲ ကောင်းပါတယ်”



‎တစ်နေ့ သူက ပြတင်းပေါက်အနီးတွင် စာထိုင်ဖတ်နေသည်။ စာပေါက်လေးတစ်ကောင် သူ့ရှေ့ကို ပြုတ်ကျလာသည်။



‎“အို မပျံနိုင်တဲ့ ကောင်လေးပါလား”



‎သူက စာပေါက်လေးကို ယူလိုက်ပြီး လက်ပေါ်တင်ထားသည်။



‎“ကျစ် … ကျစ် … ကျစ်”



‎စာကလေးက သူ့ကိုမော့ကြည့်ပြီး အော်နေသည်။ ချမ်းနေသလားမသိ။ သူက အဝတ်လေးကြားထဲတွင် စာပေါက်လေးကို ထည့်ပေးထားသည်။ နွေးသွား၍ထင်သည် ငြိမ်နေသည်။



‎“ဒေါက် … ဒေါက်”


‎အိမ်ရှေ့မှ တံခါးခေါက်သံကြားလိုက်ရသည်။



‎“ဘယ်သူလဲ”



‎သူက တုန်ချိချိဖြင့် တံခါးဆီ လျှောက်လာသည်



‎“ဘယ်သူလဲ”



‎တစ်ဖက်က ပြန်ဖြေသံမကြားရ



‎“ဘယ်သူလဲ … သတင်းစာလာပို့တာလား”



‎တစ်ဖက်ကပြန်မဖြေ



‎သူက တံခါးကို ဖြည်းဖြည်းလေး ဆွဲဖွင့်လိုက်သည်



‎“သမီးလေး”



‎တံခါးဝတွင် ရပ်နေသည်က သမီးလေး



‎“လာလေ သမီး … ဝင်လေ … အိမ်ထဲကို။ အပြင်မှာ အေးတယ်”



‎သမီးက ဗိုက်ပေါ်တွင် လက်ကလေးကိုတင်ပြီး အိမ်ထဲကို ဝင်လာသည်။ လက်ထဲတွင် အိတ်တစ်လုံးလည်း ပါလာသည်။



‎“ပေး … ပေး … ဖေဖေ့ကို အိတ်ပေး”



‎“ရပါတယ် ဖေဖေ … အိတ်ထဲမှာ ထဘီတွေပါလို့”



‎“လာ … လာ … ထိုင် … သမီးလေး … ထိုင်”



‎သမီးက မျက်ရည်တွေနှင့်ဖြစ်သည်



‎“ဖေဖေ”



‎“ဘာမှ မပြောနဲ့ သမီး … ဘာမှ မပြောနဲ့နော်”



‎ဖေဖေက စာကြည့်ခန်းထဲ ပြေးဝင်သွားသည်။ ပြတင်းပေါက် ဘောင်ပေါ်တွင် တင်ထားသည့် စာပေါက်လေးကို သတိရလိုက်သောကြောင့်ဖြစ်သည်။ စာပေါက်လေးမရှိတော့။ ပျံထွက်သွားပြီ။ ဖေဖေက စာအုပ်စင်ပေါ်က လှောင်အိမ်လေးကို ယူပြီး အပြင်ဘက်ကို လွှင့်ပစ်လိုက်သည်။



‎သူက ပျော်ရွှင်စွာဖြင့် ဧည့်ခန်းထဲကို ပြန်ထွက်လာသည်။



‎“ဖေဖေ … နေကောင်းတယ်နော်”



‎“သမီး … ဘာလေးလဲ … ယောက်ျားလေးလား … မိန်းကလေးလား … ဘယ်တော့မွေးမလဲဟင်”



‎“ဖေဖေ”



‎“ဘာမှ မပြောပါနဲ့ကွယ် … သမီးပြန်ရောက်လာပြီပဲ။ အားလုံး ပြည့်စုံသွားပါပြီ”



▪️▪️▪️


တင်ညွန့်


‎၂၉.၈.၂၀၁၈