မူးစု ပဲစုအလှူတော်(စ/ဆုံး)
————————
ကျွန်တော် အလုပ်ကပြန်တိုင်း ရထားစီးလေ့ရှိပါသည်။ ရထားစီးရခြင်းမှာ အကြောင်းရှိသည်။ မိုးချုပ်မှ အလုပ်ကပြန်လာလျှင် ဘူတာအနီးရှိ ထမင်းကြော်ဆိုင်တွင် ထမင်းစားနိုင်သောကြောင့်ဖြစ်သည်။ ထိုဆိုင်က ညမှ ထွက်သည်။ ဈေးလည်းသက်သာသည်။
ရထားပေါ်ကအဆင်း ဘူတာမှထွက်သည့်အခါ သတိထားမိသည်မှာ လှေကားအတက်အဆင်း၌ အဘိုးအို တစ်ယောက်ပိုက်ဆံ အလှူခံနေခြင်းဖြစ်သည်။
အဘိုးအိုက ယောဂီပုဆိုး၊ တိုက်ပုံအနက်ဝတ်ထားသည်။ အတွင်းအင်္ကျီကတော့ အဖြူရောင်ဖြစ်သည်။ လက် တစ်ဖက်တွင် ပုတီးကိုင်၊ တစ်ဖက်တွင် ပိုက်ဆံပုံးလေးကို ကိုင်ထားသည်။ ပိုက်ဆံပုံးလေးဆိုသည်မှာ သံဖြူဖြင့် လုပ်ထားသည့် ပိုက်ဆံထည့်အပေါက်ပါ အလှူခံပုံးသေးသေးလေးဖြစ်ပါသည်။ ပုံးပေါ်တွင် စာတွေတော့ ရေးထားသည်။ ကျွန်တော်သေချာစွာမဖတ်မိ။
“ဇရပ်အလှူခံပါခင်ဗျာ”
အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်တော်သည် လမ်း၌တွေ့ရသော အလှူခံတွေကို ပိုက်ဆံထည့်လေ့မရှိပါ။ သို့သော် အဘိုးအိုကိုတော့ သနားမိသဖြင့်
“အဘိုး ထမင်းစားပြီးပြီလား” ဟု တစ်နေ့တွင် မေးလိုက်မိပါသည်။
“မစားရသေးပါဘူးကွယ်”
“ဒါဆိုရင် ဟို ထမင်းကြော်ဆိုင်မှာ လိုက်စားပါလားခင်ဗျာ။ ကျွန်တော် ကုသိုလ်ယူချင်လို့ပါ”
“နေပါစေကွယ် … ရပါတယ်”
ကျွန်တော်က နေ့စဉ် အဘိုးအိုနှင့်တွေ့သည်။ သူ့ကို ထမင်းကြွေးချင်သော်လည်း မလိုက်သဖြင့် တစ်နေ့တွင် ငှက်ပျောသီးဝယ်လာပေးမိသည်။ သူက ယူသည်။ နောက်တစ်နေ့တွင် မုန့်တစ်ထုပ် ဝယ်လာပေးသည်။ နောက်တစ်နေ့ ပေါင်မုန့်လေးတစ်လုံး ဝယ်လာပြီး လှမ်းပေးလိုက်စဉ်
“ပေါင်မုန့်တစ်လုံး ဘယ်လောက်ပေးရသလဲ”
“နှစ်ကျပ်ပါခင်ဗျာ”
“နောက်ဆိုရင် မဝယ်လာပါနဲ့လား … အဘိုးကို မုန့်တွေ ဝယ်လာပေးမယ့်အစား အဲဒီ ငွေလေးတွေကို ဒီပုံးထဲ ထည့်ပြီး လှူရင်ဘယ်လောက် ကောင်းလိုက်မလဲနော်”
“ကျွန်တော်က အဘိုးကို စားစေချင်လို့ပါ”
“အဘိုး အသက် ၈၀ ကျော်ပါပြီကွယ်။ စားခဲ့ သောက်ခဲ့ပြီးလို့ ပြည့်နေပါပြီ။ လှူဖို့စုနေတာပါ”
“ဘာကိုလှူဖို့လဲအဘိုး”
“အဘိုး ဇရပ်တစ်ဆောင် ဆောက်နေတယ်။ ပြီးတော့မယ်သိလား။ အများကောင်းမှူ လှူဒါန်းမှုအစုစုနဲ့ ဆောက်နေတာ”
“အဘိုးရယ် အသက်တွေကြီးပါပြီ … ကိုယ့်အတွက်ပဲ ကိုယ်ရှာဖို့ကောင်းပါတယ်”
“မောင်ရင် … လူတိုင်း ကိုယ်ပျော်ရွှင်ရေးအတွက်ပဲ စဉ်းစားကြတယ်။ ကိုယ့်လုံခြုံရေးအတွက်ပဲ စဉ်းစားကြ တယ်။ သူများတွေပျော်ဖို့ … သူများတွေ လုံခြုံစွာ နားခိုဖို့ စဉ်းစားကြတာနည်းပါတယ်။ အဘိုးခံယူချက်က တစ်မျိုးကွယ်။ လူတိုင်းက သစ်တွေလိုတယ် … သံတွေလိုတယ် … သွပ်တွေလိုတယ်ဆိုပြီး လာတောင်းနေ တာကို သနားတယ်ဆိုပြီး တစ်ခုချင်း လိုက်မပေးချင်ဘူး။ အဘိုးက သစ်တွေ၊ သံတွေ၊ သွပ်တွေကို စုဆောင်းပြီး ဇရပ်ကြီးတစ်ဆောင် ဆောက်ချင်တာ။ တစ်ခုချင်း၊ တစ်ချောင်းချင်း ပေးလိုက်တာတွေကို လူတွေက ကျေးဇူးတင်ချင်မှာ တင်မှာ။ ဇရပ်ကြီးတစ်ဆောင်ဖြစ်လာတော့ နားခိုလိုက်ရရင် ဖြစ်လာမယ့်ပီတိကို စဉ်းစား ကြည့်စမ်းပါကွယ်”
“ဒါပေမဲ့ အဘိုးရယ် … ဒီခေတ်မှာ အလှူခံစားနေတာတွေက များနေတော့ ဘယ်လို ယုံရမလဲ”
“မောင်ရင့်ကို မယုံခိုင်းပါဘူး … လှူခိုင်းနေတာပါကွယ်”
ကျွန်တော် တာဝန်တစ်ခုဖြင့် နယ်သို့တစ်လအကြာ သွားခဲ့ရသည်။ ပြန်လာချိန်တွင် ဘူတာရုံ၌ အဘိုးအိုကို မတွေ့။ လက်မှတ်ရောင်းသူကို မေးကြည့်မိသည်။
“ဟိုနားမှာ အလှူခံနေတဲ့ အဘိုးကြီးကို မတွေ့တော့ပါလား”
“ဘိုးသိကြားလား”
“အလှူခံနေတဲ့ အဘိုးကြီးကို မေးတာပါ”
“ဟုတ်တယ် … ကျွန်တော်တို့က ဘိုးသိကြားလို့ပဲခေါ်တာ … မလာဘူးဗျ။ မနက်ဖြန် ကျွန်တော်တို့ကိုတောင် ဇရပ်ရေစက်ချအလှူဆိုပြီး ဖိတ်ထားသေးတယ်။ ဒီမှာ ဖိတ်စာ”
ကျွန်တော်က စိတ်ဝင်စားစွာဖြင့် ဖိတ်စာကို ယူဖတ်လိုက်မိသည်။
“ကျွန်တော့်ကို ဒီဖိတ်စာလေး ပေးလိုက်လို့ ရမလားခင်ဗျာ”
“ယူသွားပါ ရပါတယ်”
နောက်တစ်နေ့သည် ရုံးပိတ်ရက်ဖြစ်ပါသည်။ ကျွန်တော်က စောစောထပြီး ဖိတ်စာပါလိပ်စာအတိုင်း ဘတ်စ်ကားဖြင့် ထွက်လာခဲ့သည်။ ထောက်ကြံ့အနီးရွာလေးတွင် ဖြစ်သည်။ အလှူ့ရှင်အမည်က ဘိုးသိကြားခေါ် ဦးခမ်းလှဖြစ်သည်။
ကျွန်တော်က လိပ်စာအတိုင်းမေးပြီးသွားသည်။ ရွာကြီးနှစ်ရွာလမ်းဆုံတွင် လူတွေ စုရုံးနေသည်။ ဓာတ်စက် ကလည်း ဖွင့်ထားသည်။ ဇရပ်ကြီးတစ်ဆောင်က ခံ့ညားစွာ တည်ရှိနေသည်။ ဇရပ်အဝင်ဝတွင် စာတန်းတစ်ခု ရေးထိုးထားသည်။
“မူးစု ပဲစုဇရပ်”
အလှူရှင် ဘိုးသိကြားကောင်းမှု နတ်လူ သာဓုခေါ်စေသော်
ဇရပ်အဝင်ဝတွင် လူတစ်ယောက်က
“ကြွပါခင်ဗျာ … အထဲဝင်ပါ။ မုန့်ဟင်းခါးလေးများ သုံးဆောင်ပါဦး”
“ဟုတ်ကဲ့ … အလှူရှင် အဘိုးနဲ့တွေ့ချင်လို့ပါ”
“အဘိုး မိတ်ဆွေလား … အဘိုးက ဟိုမှာလေ … ဟိုထောင့်နားမှာ ထိုင်နေတယ်”
ဇရပ်ခေါင်းရင်းနားတွင် အဘိုးအိုက တစ်ယောက်တည်းထိုင်ကာ အဝေးကို ငေးနေသည်။ ကျွန်တော်က သူ့အနီးကို သွားလိုက်ပြီး
“အဘိုး … ကျွန်တော့်ကို မှတ်မိသလား”
“သြော် … လှည်းတန်းက မောင်ရင်လေးပဲ”
“ဟုတ်ကဲ့”
“အဘိုးအလှူကို ဘယ်လိုသိသလဲ”
“လက်မှတ်ရောင်း စာရေးဆီက ဖိတ်စာရတယ်”
“ဝမ်းသာပါတယ်ကွယ် … စောစောလာရင် တရားနာမီတာပေါ့”
“အဘိုးရယ် ကျွန်တော့်ကို ခွင့်လွှတ်ပါ”
ကျွန်တော်က ပြောပြောဆိုဆို အဘိုးကို ကန်တော့လိုက်သည်။
“ဘာများလဲ မောင်ရင်ရယ်”
“ကျွန်တော်က အဘိုး အလှူခံနေတာ ကိုယ်ကျိုးအတွက် ထင်ပြီး ပြောမိပါတယ်။ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပြစ်မှားမိတာ ခွင့်လွှတ်စေချင်ပါတယ်”
“အင်း လောကမှာကလည်း အတုအယောင်တွေက များသကိုးကွယ်။ ဒါကြောင့် မယုံကြည်ကြတာလည်း မဆန်းပါဘူး”
“ဒီဇရပ်ကြီးက အဘိုးတစ်ယောက်တည်းက လှူတာလား။ ဘာကြောင့် မူးစု ပဲစုဇရပ်လို့ ခေါ်တာလဲခင်ဗျာ”
“အဘိုးက မူးခေတ် … ပဲခေတ်ကတည်းက ဇရပ်ကြီးတစ်ဆောင် ဆောက်လှူရင် ကောင်းမှာပဲလို့ အမြဲတွေးပြီး စုဆောင်းခဲ့တာပါကွယ်။ ဒါကြောင့် မူးစုပဲစုဇရပ်လို့ အမည်ပေးထားတာ”
“အဘိုးက ဒီရွာသားလားခင်ဗျာ”
“မဟုတ်ပါဘူးကွယ် … အဘိုးက ဟိုး … ရှမ်းပြည် … နောင်ချိုနားက ရွာလေးတစ်ရွာကပါ”
“အဘိုး နေတော့ရော ဘယ်မှာ နေသလဲ”
“မြန်မာတစ်ပြည်လုံး ဇရပ်တိုင်းဟာ အဘိုးနေစရာတွေချည်းပါကွယ်”
တင်ညွန့်
၆.၂.၂၀၁၉