အရွယ်(စ/ဆုံး)
——–
ဆေးရုံတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် ဆေးရုံနံ့ကို ရှူရှိုက်ရသည်။ ထိုအနံ့ကို ညို မုန်းသည်။ ရှူရှိုက်ရတိုင်း ရင်ခုန်လာတတ်သည်။ လူမစည်ကားအပ်သော အရပ်များတွင် ဆေးရုံလည်း အပါအဝင် ဖြစ်သည်။ သို့သော်လည်း လူ့ပြည်တွင် လူကလေးများ အသစ်အသစ် တိုးလာသည်နှင့်အမျှ ဆေးရုံများတွင်လည်း အိုကြ၊ နာကြသော အရွယ်ပေါင်းစုံ လူများနှင့် စည်ကားသည်ထက် စည်ကားလာသည်။
“ခင်လေး ဆေးရုံတက်နေတယ် ညို”
နေ့လယ်က ထွေးထွေး တယ်လီဖုန်း ဆက်သည်။ ခင်လေးသည် ညိုတို့၏ ချစ်လှစွာသော သူငယ်ချင်း ဖြစ်သည်။
“အစာအိမ်မှာ အနာတွေ့လို့တဲ့”
“ဟယ် ဒုက္ခပဲ”
“သိပ်တော့ အရေးမကြီးပါဘူး။ ခွဲချင်မှလဲ ခွဲရမှာ။ ဒါပေမဲ့ သွားတွေ့ လိုက်ပါဦး”
“အင်း သွားမယ်၊ ညနေ သွားလိုက်မယ်”
ဆေးရုံ ရောက်ခါမှ ခုတင်နံပါတ် မမေးလိုက်မိသည်ကို သတိရတော့သည်။ ဒီတော့လည်း တစ်ခုတင်ချင်း လိုက်ကြည့်ပြီး ရှာရသည်။
ဝေဒနာသည်များက အမျိုးမျိုးပင်။ ပြုံးသူက ပြုံးနေသည်။ မှိန်းသူက မှိန်းနေသည်။ ညည်းသူက ညည်းနေသည်။ ငိုင်သူက ငိုင်နေသည်။
“ညို မဟုတ်လားဟင်”
ခင်လေးကိုတော့ မတွေ့ရသေး။ သို့သော် ခုတင်ထက်မှ အမျိုးသမီး လူနာတစ်ဦးက ညို့ကို ဝမ်းသာအားရ နှုတ်ဆက်သည်။
“ဟင် ညို မဟုတ်လား”
“ဟယ် ဆေးရုံကို ဘာလို့ ရောက်နေတာလဲ”
“အူအတက်ပေါက်တာ၊ ခွဲပြီးပါပြီ”
ညိုကလည်း ဝမ်းသာအားရ ပြန်နှုတ်ဆက်လိုက်သည်။ တရင်းတနှီး သိဖူးသော မျက်နှာ ဖြစ်သည်။ သို့သော် သူ့ကို ဘယ်မှာ သိထားသနည်း စဉ်းစား၍တော့ မရသေး။ ညိုသည် လူလတ်ပိုင်းသို့ ရောက်နေပြီ ဖြစ်သော်လည်း အဘွားကြီးတော့ မဟုတ်သေးပါ။ အဘွားကြီး မဟုတ်သေး သော်လည်း အဘွားကြီးတမျှ မေ့တတ်သည်ကား ခက်လှသည်။ လူတစ်ဦးကို တစ်ခါမြင်ရုံနှင့် မှတ်မိလိမ့်မည် မဟုတ်။ နှစ်ခါမြင်လျှင်လည်း မှတ်မိလိမ့်မည် မထင်ပါနှင့်။ အိမ်ချင်း ကပ်လျက်နေသော အိမ်နီးနားချင်းကိုပင် တစ်ခါတစ်ရံ လမ်း၌ တွေ့လျှင် “ဘယ်သူပါလိမ့်၊ မြင်ဖူးသလိုလို” ဟု ယောင်ဝါးဝါး စဉ်းစားတတ်သူ ဖြစ်သည်။ သို့သော် သဘာဝတရားကြီးက တရားသဖြင့်တော့ ပြုမူ တတ်ရှာသည်။ မေ့လျော့တတ်သော အကျင့်ဆိုးကို ပေးအပ် ထားသော်လည်း တစ်ဖက်မှ ဖြီးတတ် ဖြန်းတတ်သော မွေးရာပါ ပညာလေးကို ပြန်လည် ပေးသနား ထားသည်။ ထို့ကြောင့် ဖြီးဖြန်းပြောရင်း တစ်ဖက်လူကို ဘယ်သူပါလိမ့်ဟု အချိန်မီ သိအောင် အပြေးအလွှား စဉ်းစားကာ ဦးနှောက် ပူခဲ့ရပေါင်းလည်း များလှချေပြီ။
“ညိုရယ် မတွေ့ရတာ အတော်ကြာပြီ။ ကြည့်စမ်း အရင်က အတိုင်းပဲ”
“အမယ် သူရော ဘာထူးသေးလို့လဲ၊ အရင်ကလိုပဲ လှလို့ ချောလို့ ငယ်လို့ နုလို့”
ညိုက ရယ်ကာမောကာ ထုံးစံအတိုင်း ယောင်ဝါးဝါး ပြောသည်။ အသေအချာ တရင်းတနှီး သိနေသော မျက်နှာ သွယ်သွယ်လေးကို ကြည့်ရင်း “ဟဲ့ သတိရစမ်း ညို သတိရစမ်း ညို” ဟု ကိုယ့်ကိုကိုယ် ဒေါသနှင့် ကျိတ်၍ ပြောနေမိသည်။ သူက ကျောင်းတုန်းကဟု ပြောလိုက်သဖြင့် လမ်းစရသွားသည်။ ကျယ်ကျယ်ပြန့်ပြန့် တွေးနေရသော အတွေးသည် ကျဉ်းသွားသည်။ ကျောင်းတုန်းက ကျောင်းနေဖက်ထဲကပင် ဖြစ်ရမည်။
“ကိုယ့်ကို ညိုက မှတ်မိသားပဲ”
“ဟာ ဘာလို့ မမှတ်မိရမှာလဲ၊ မှတ်မိတာပေါ့”
ညိုက လက်မခံနိုင်သလို ပြောသောအခါ သူက သဘောကျစွာ ရယ်သည်။ ညို၏ လက်ဖဝါးများကို တရင်းတနှီး လှမ်း၍ ဆုပ်ကိုင်ရင်း မေးသည်။
“ကဲ ဒီလိုဆို ပြောစမ်း၊ ကိုယ့်နာမည်ကို ပြောစမ်း”
“ဟာ အဲ”
ညိုသည် ကိုယ့်ကိုကိုယ် ကျိတ်၍ဆဲရင်း ရှက်ရွံ့အားနာမှုနှင့် ထူပူလာသည်။ သူကမူ မျက်စိမျက်နှာ ပျက်ကာ ထစ်အအ ဖြစ်နေသော ညို့ကို ကြည့်ရင်း အရသာ တွေ့နေသလို ပြုံးနေလေသည်။
“ညိုရယ် ညို ဖြီးတတ်တာကို သိပြီးသား၊ မေ့တတ်တာကိုလည်း သိပြီးသား”
“အယ်”
“တို့နာမည်ကို မေ့ပေမယ့် တီချာစီစီက မုန့်စားကျောင်း ဆင်းချိန်ကြီးမှာ ခုံပေါ်တက် ရပ်ခိုင်းထားလို့ မုန့်ငတ်ရတာကိုတော့ မမေ့တန် ကောင်းဘူး ထင်ပါရဲ့”
ထူပူနေသော ညို၏ ဦးနှောက်များသည် လင်းခနဲ လက်သွားသည်။ သူ၏လက်ကို ဝမ်းသာအားရ ယမ်းခါကာ အော်လိုက်မိသည်။
“မေသန်းဝင်း၊ မေသန်းဝင်း မဟုတ်လား”
“ဟော သတိရပြီပေါ့”
“မတွေ့တာ ကြာလှပြီ၊ ကြာလှပြီ”
“နေပါဦး တို့တစ်တွေ အတူနေခဲ့တာ ရှစ်တန်းနော်။ အဲဒီတုန်းက ၆၃ ခုနှစ် ဆိုတော့ အခု ၇၉၊ စုစုပေါင်း ၁၆ နှစ်”
မေသန်းဝင်းက ညို့လက်များကို ဆုပ်ကိုင်ကာ ပြုံးရင်း ပြောသည်။ အကျင့်တန်လှသော ညို ဖြစ်သည်။ မေးတုန်းကတော့ အစပင်ဖော်၍ မရ။ သတိရလာပြီ ဆိုတော့မှ ဦးနှောက်ထဲတွင် လျှပ်စီးလက်သလို တဖျပ်ဖျပ်နှင့် ပေါ်လာသည်။ မေသန်းဝင်း အင်္ကျီဝတ်လျှင် လက်ဖျားထိ ရှည်သော အင်္ကျီလက်ရှည်ကို ဝတ်တတ်ပုံ၊ တစ်ပတ်လျှို ဆံထုံးတွင် စံပယ်ပန်းများ ရစ်ခွေ ပန်ဆင်တတ်ပုံ၊ အတန်းထဲတွင် ဝတ္ထု ခိုးဖတ်တတ်ပုံ၊ တစ်ခါတစ်ရံ ညိုတို့ကို ပုံပြောပြတတ်ပုံ တို့ကိုပါ ဆက်တိုက် သတိရလာသည်။
“တီချာစီစီကြီးတောင် ဆုံးပြီ သိလား”
“အေး သတင်းစာထဲမှာ တွေ့လိုက်တယ်။ အဲဒီတုန်းက အငယ်ကောင် သွေးလွန်တုပ်ကွေး ဖြစ်နေလို့ အသုဘ မပို့လိုက်ရဘူး။ နာရေးကြော်ငြာ ကြည့်ပြီး မျက်ရည်တော့ ကျရသေးတယ်”
“တို့ကို တီချာစီစီ ခဏခဏ ဒဏ်ပေးတာလေ၊ မှတ်မိလား မေသန်းဝင်း”
“ဟာ သိပ်မှတ်မိတာပေါ့”
* * *
ညိုတို့ကျောင်းသည် မိန်းကလေးကျောင်း ဖြစ်သည်။ အမျိုးသားကျောင်းလည်း ဖြစ်သည်။ ထို့ကြောင့် ဆရာမ အပျိုကြီးများသည် ညိုတို့ ကျောင်းသူများကို ဗိုင်းကောင်းကျောက်ဖိ ဖြစ်ရန် ရှေးဆန်ဆန်ပင် ဆုံးမကြသည်။ အတွင်းခံအင်္ကျီ ခါးတိုများ ခေတ်စားနေပြီ ဖြစ်သော်လည်း သူတို့က လုံးဝလက်မခံချေ။ ကုန်းရင်းကွရင်း ခါးသားလေး ဗိုက်သားလေး ဝင်းခနဲ လက်ခနဲ ပေါ်သွားလျှင် ပေါ်သော နေရာကို လိမ်ဆွဲတော့သည်။ လမ်းလျှောက်၍ တရှပ်ရှပ်နှင့် ရှပ်တိုက်နေလျှင်လည်း မသက်သာ။ လူအများ ရှေ့တွင် အခန်းဝသို့ ပြန်သွားပြီး ခြေကို အသေအချာကြွ၍ ကောင်းကောင်း ပြန်လျှောက်ပြရသည်။ ပြေးလွှား သွားလျှင်ကား ဆိုဖွယ်မရှိ။ ခပ်စပ်စပ်လေး အရိုက်ခံရသည်။ ဆံပင် မဖြတ်ရ။ ဆံပင် မကောက်ရ။ လက်သည်းရှည် မထားရ။ နှုတ်ခမ်းနီ၊ ပါးနီ၊ လက်သည်းနီများ မဆိုးရ။ မိတ်ကပ် မလိမ်းရ။ အင်္ကျီပါး မဝတ်ရ။ လက်တို မဝတ်ရ။ ရွှေငွေ မဝတ်ရ။ ကျောင်းလုံချည် အစိမ်းက အတော်အတန် ပါးနေလျှင်တစ်ထပ်တည်း မဝတ်ရ။ စည်းကမ်း သတ်မှတ်ချက်များကား များလှ၍ အလွတ်ပင်မရ။
ထိုသို့သော စည်းကမ်းများ ကြားထဲတွင် တီချာစီစီ ဒဏ်ပေးခြင်းကို ညိုတို့ မကြာခဏ ခံကြရသည်မှာ မဆန်းလှ။ ထိုစဉ်က“ခင်ယုမေ” ခေတ်စားနေသည်။ “ဤဘဝဝယ်” ရုပ်ရှင်ကားထဲတွင် ခြေသလုံး တစ်ဝက်ခန့် ရောက်အောင် လုံချည်တိုတိုလေး ဝတ်သည်ကို ညိုတို့အရွယ် မြီးကောင်ပေါက်များ အားကျပြီး ကြိုက်လိုက် ကြသည်မှာ ဆိုဖွယ်မရှိ။ မေသန်းဝင်း အကဲဆုံးဖြစ်သည်။ ထို့ကြောင့် ခင်ယုမေ ဝတ်သလို လုံချည်ကို ခြေသလုံး တစ်ဝက်ခန့် ပေါ်အောင် တိုတိုဝတ်သည်တွင် တီချာစီစီက “ဆတ်ဆလူးမ” ဟု ကင်ပွန်းတပ်ပြီး ခြေသလုံးကို ကြိမ်လုံးနှင့် ဆော်လေတော့သည်။ ညိုကမူ ဆရာမများ စုဝေးရာ ခန်းမရှေ့ဝယ် ပက်ဘွန်း၏ “ဘာနာဒင့်” သီချင်းကို ဆိုရင်း ဆတ်တောက် ဆတ်တောက် ပြေးနေမိသည်တွင် တီချာစီစီကြီး ထွက်လာပြီး “ဟိုပျံလွှားမ လာခဲ့စမ်း” ဟု အော်ကာ ခြေသလုံးကို ကြိမ်နှင့် ဆော်လေသည်။
တစ်ခါကတော့ ညိုတို့ ဘောလုံး ကစားကြသည်။ ရိုးရိုး ကစားရသည်ကို ငြီးငွေ့၍ ယောက်ျားလေးများလို ရှုံးသူက ကုန်းပိုးတမ်း ကစားကြသည်။ ပျော်လိုက်သည်မှာ ပြော၍ပင် မပြနိုင်။ သို့သော် ဆရာမများ မြင်သွား၍ “ပေါက်ကျော်မတွေ” ဟု ဆူကာ အရိုက်ခံရ ပြန်သည်။ ထို့နေ့တွင် မေသန်းဝင်းလည်း အရိုက်ခံရသည်ကို ညို မှတ်မိသည်။ ကုန်းပိုးတမ်း ကစားသောကြောင့်တော့ မဟုတ်ချေ။ ကျောင်းရှေ့တွင် အလှစိုက်ထားသော ဒေစီပန်းများကို ခိုးသောကြောင့် ဖြစ်သည်။
ထိုမျှသာမကသေး၊ တစ်ခါတစ်ရံ ဆရာမများက ညိုတို့အားလုံး စုဝေး ခန်းမကြီးထဲ ရောက်ပြီး ဆရာမကြီး၏ ဩဝါဒကို ခံယူချိန်ဝယ် အခန်းတံခါး ပိတ်ကာ ရှောင်တခင် စစ်ဆေးမှုကို ပြုတတ်သည်။ လွယ်အိတ်များကို စစ်သည်။ စာအုပ်များကို ကြည့်သည်။ မသင်္ကာလျှင် လှန်လှော ရှာဖွေသည်။ ထိုအခါက ညိုရော မေသန်းဝင်းပါ ကျောင်းအုပ် ဆရာမကြီးရှေ့ ရောက်ရသည်။ ညို၏ လွယ်အိတ်ထဲတွင် ဘာအာဟာရမှ မပါသည့်အပြင် မိန်းကလေးများနှင့် မတည့်၍ မစားရဟု တားမြစ်ထားသော ရှမ်းပြည်နယ်ထွက် ပင်စိမ်းသီးနှင့် “နဂါးနီ” အချဉ်ထုပ်များ တွေ့ကာ မေသန်းဝင်း၏ လွယ်အိတ်ထဲတွင် မဖတ်ရဟု တားမြစ်ထားသော အချစ်ဝတ္ထုများ တွေ့ရသောကြောင့် ဖြစ်သည်။
ထို့ကြောင့် မေသန်းဝင်းသည် ဆရာမများ ကွယ်ရာတွင် “ဘာကျောင်း ကြီးမှန်းလည်း မသိဘူး၊ ထောင်ပဲ၊ တကယ့် အမျိုးသမီး ထောင်ကြီးပဲ သိရဲ့လား” ဟု နှုတ်ခမ်း တစူစူနှင့် ပြောခဲ့သည်ကို ညို မှတ်မိသည်။
* * *
“မေမေ”
“ဟော သမီး”
မြီးကောင်ပေါက်ကလေး တစ်ဦးသည် ထမင်းချိုင့်ကို ဆွဲရင်း မေသန်းဝင်း၏ ဘေးသို့ ရောက်လာသည်။
“မေမေ ဆာနေပြီလား၊ သမီးတို့ နောက်ကျသွားတယ်။ ကားတွေက ကျပ်လွန်းလို့ တိုးပြီးတက်ပေမယ့် တက်မရဘူး မေမေရဲ့”
မေသန်းဝင်း၏ သမီးပင် ကြီးလှချေပြီ။ ထိုအခါမှ ညိုသည် “ဪ ငါတို့တွေလည်း မငယ်တော့ပါလား” ဟု သတိရသည်။ လူကြီးများက ထွား လာသော လူငယ်များကို မြင်သောအခါမှ သူတို့၏ အသက်ကို သူတို့ တွက်စစ်မိပြီး သတိသံဝေဂ ရတတ်ကြလေသည်။
“နေကောင်းရဲ့လား ဝင်း”
သမီး၏ အဖေက မေသန်းဝင်း၏ နဖူးကို စမ်းကာ ကြင်နာစွာ မေးသည်။ သူတို့ မိသားစု ရောက်လာတော့ ညိုလည်း ပြန်ရန် ဟန်ပြင်သည်။သို့သော် မေသန်းဝင်းက ညို၏ လက်ကို ဆွဲထားလေသည်။
“နေပါဦးကွယ် ညိုကလဲ၊ ကိုကို သူက ဝင်းသူငယ်ချင်းလေ၊ ကျောင်းမှာတုန်းကဆို ဆိုးဖော် ဆိုးဖက်ပေါ့။ ဝင်းရဲ့ ကိုကို့ကို မှတ်ထားဦး၊ နောက်တွေ့ရင် မမှတ်မိဘဲ ဖြစ်နေဦးမယ်။ ညိုက သိပ်မေ့တတ်တာ၊ တစ်ခါက ပထဝီဝင် သင်တဲ့ ဆရာမကို ဗိုလ်ချုပ်ဈေးထဲမှာ တွေ့တော့ ကိုယ့်ဆရာမ ကိုယ့်ကို နှုတ်ဆက်တာကို တီချာ ပြန်မခေါ်ဘဲ အန်တီတွေ ဘာတွေ လုပ်နေတယ်လေ၊ သိလား ကိုကိုရဲ့၊ အဲဒီလောက် အမှတ်သညာ ကောင်းတာ”
မေသန်းဝင်းက ရွှန်းရွှန်းဝေအောင် ပြောရင်း ရယ်သည်။ ထို့နောက် သူ့သမီးကို ပြပြန်သည်။
“သူက ကိုယ့်သမီး အကြီးဆုံးလေ၊ ကိုယ် အူအတက်ပေါက်လို့ ဆေးရုံ ရောက်တော့ သူပဲ အိမ်မှာ ချက်ပြုတ်နေတာ”
“သမီးတောင် ကြီးလှပြီနော်”
“ကိုယ်က အိမ်ထောင်ကျတာ စောတာကိုး။ သူ့အောက်မှာ လေးယောက် ရှိသေးတယ်။ မျောက်ကလေးတွေ၊ ဆော့လိုက် ဆိုးလိုက်ကြတာ”
အိမ်ထောင် စောစောကျသည်မှာ ဒီလို ဆိုတော့လည်း အကောင်းသားပင်။ မေသန်းဝင်းသည် အသက် ၃၃ နှစ်သာ ရှိသေးသော်လည်း အပျိုပေါက် သမီးလေး ရှိနေပေပြီ။ သူတို့ အသက်ကြီးပြီး အနားယူသင့်သော အချိန်တွင် သားများ သမီးများ အကုန် လက်လွှတ်၍ လူလားမြောက်ပြီး ဖြစ်နေပေလိမ့်မည်။
“သမီးကို ကိုယ်တို့ ကျောင်းမှာပဲ ထားတယ်။ ဒါပေမဲ့ ကျောင်းလည်း စည်းကမ်း ပျက်နေပါပြီကွယ်၊ ဆရာမကြီးတွေလည်း မရှိတော့ဘူး၊ စည်းကမ်းတွေလည်း မရှိတော့ဘူး”
“အောင်မယ် အမျိုးသမီး ထောင်ကြီးဆို”
“အိုကွယ် ရူးလို့ ပြောမိတာ၊ မိုက်လို့ ပြောမိတာ၊ ဘယ်ကလာ ထောင် ရမှာလဲ”
မေသန်းဝင်းက ခေါင်းတခါခါနှင့် ပြောသောအခါ ညိုသည် သူ့ကို
ကြည့်၍ ရယ်မိသည်။
“တစ်နေ့က ပညာရည်ချွန် ဆုပေးပွဲ ရောက်သေးတယ်။ ကိုယ်တို့တုန်းက ဆရာမကြီး မိန့်ခွန်းပြောရင် တုတ်တုတ်တောင် မလှုပ်ရဲဘူး။ ခုတော့ကွယ် အပေါ်မှာ ကျောင်းအုပ်ကြီးက ပြောချင်ရာပြော၊ အောက်က ကလေးတွေကလည်း ပွစိ ပွစိ၊ ရွစိ ရွစိနဲ့ ဆူချင်ရာဆူ၊ တကထဲကွယ် စိတ်ပျက်စရာ”
မေသန်းဝင်း၏ ယောက်ျားက အေးပုံရသည်။ ဘာမှ ဝင်မပြောဘဲ ပြုံး နေလေသည်။ သမီးကမူ သူတို့ မကောင်းကြောင်း ပြောနေ၍ ထင်သည်။ မျက်နှာလေး မသိမသာနီကာ နှုတ်ခမ်းစူနေသည်။
“တို့တွေတုန်းကလည်း စကားများတာပါပဲ၊ မှတ်မိလား၊ ပုံပြော ကောင်းတာလေ”
“အေး ဟုတ်တယ် ဟုတ်တယ်၊ ဘာပုံပါလိမ့်”
“ရေသူမလေး ပုံလေကွယ်”
မေသန်းဝင်းကို မေ့ခဲ့သော်လည်း သူပြောပြသော ရေသူမလေးပုံကို ညို မမေ့ဖူးခဲ့ပေ။ အခု ပြန်တွေးလျှင် အခု သတိရသည်။ သူ၏ အသံကိုပင်
နားထဲတွင် ကြားယောင်မိသည်။
* * *
“ဟို ရှေးရှေးတုန်းကတဲ့၊ ရေအောက် နန်းတော်ကြီးမှာ ရေသူမ ဘုရင်ကြီး တစ်ပါး ရှိတယ်တဲ့။ အဲဒီ ရေသူမ ဘုရင်ကြီးမှာလည်း သိပ်ပြီးလှတဲ့ သမီးတော် ၇ ပါး ရှိသတဲ့”
မေသန်းဝင်းသည် စိန်ပန်းပင်ရိပ်တွင် ထိုင်ရင်း သူ့ပုံကို စတင်ပြောခဲ့သည်။ သူပြောသော “ရေသူမ ဘုရင်ကြီး” ဟူသော စကားသည် ညို၏ နားထဲတွင် ကန့်လန့် ကန့်လန့် ဖြစ်နေသည်။
“ရေသူမ ဘုရင်ကြီး ဆိုတော့ ရေသူထီးကြီးပေါ့” ဟု ဝင်ပြောချင်သော်လည်း ပုံပြောနေသူ အရှိန်ပျက်သွားမည် စိုး၍ ဝင်မပြောဖြစ်ချေ။
“အဲဒီ ရေသူမလေးတွေဟာ အသက် ၁၅ နှစ်ပြည့်မှ ရေပေါ်ကိုတက်ခွင့် ရတယ်တဲ့။ ဒီတော့ အစ်မကြီးတွေဟာ တစ်ယောက်ပြီး တစ်ယောက် ရေပေါ်ကို တက်ခွင့်ရတယ်တဲ့။ တစ်ယောက်ပြီး တစ်ယောက် ရေပေါ်ကို တက်ပြီး ပြန်လာတဲ့ အခါမှာ အသက်မပြည့်သေးလို့ ရေအောက် နန်းတော်မှာ ကျန်ခဲ့တဲ့ ညီမ အထွေးဆုံးလေးကို ရေပေါ်က အကြောင်းတွေ ပြောပြကြတယ်တဲ့။ ဟို မိုးပေါ်က အုပ်နေတဲ့ ကောင်းကင်ပြာကြီး အကြောင်း၊ ကြယ်တွေ လတွေ အကြောင်း၊ ရေပေါ်မှာ ရွေ့သွားနေတဲ့ သင်္ဘောကြီးတွေ အကြောင်း၊ ကုန်းမြေပေါ်မှာ ရောင်စုံမီးတွေ ထွန်းထားတတ်တဲ့ မြို့တွေ၊ နန်းတော်တွေ အကြောင်းကို ပြောပြကြတာပေါ့။ ဒီတော့ ရေသူမလေးဟာ ရေပေါ်ကို တက်ချင်လွန်းလို့ အသက် ၁၅ နှစ်ပြည့်တဲ့နေ့ကို အမျှော်ကြီး မျှော်နေရတယ်တဲ့”
စိတ်ပါလက်ပါ ပြောနေသော မေသန်းဝင်းကို ညိုသည် အငေးသား ကြည့်နေမိသည်။ သူသည် မိန်းမချောလေး ဖြစ်သည်။ သွယ်တန်းသော မျက်ခုံးအောက်မှ သူ့မျက်လုံးလေးများသည် ညိုတို့ မျက်လုံးများထက် ပို၍ နက်မှောင်ကာ ပို၍ အရည်ရွှန်းလဲ့သည်။ မျက်တောင်လေးများက တိုသော်လည်း ကော့ပျံနေသည်။ နှုတ်ခမ်းလေးများကမူ ထူထူဝန်းဝန်းလေး ဖြစ်သည်။
“အဲ သူ ၁၅ နှစ်ပြည့်တဲ့ နေ့ကျတော့ ခရုပုတီးလေးတွေကို ဆွဲ၊ ခရု သရဖူလေးတွေကို ဆောင်းပြီး ရေပေါ်ကို တရှိန်ထိုး တက်ခဲ့တာပေါ့။ ကောင်းကင်ပြာကြီးနဲ့ တလက်လက် တောက်ပနေတဲ့ ကြယ်လေးတွေကိုတော့ ရေသူမလေးဟာ အံ့ဩလွန်းလို့ ကျောက်ဆောင်လေး ပေါ်မှာ ထိုင်ပြီး မော်ကြည့် နေမိတယ်တဲ့။ အဲဒီအချိန်မှာ မီးတွေ ရောင်စုံထွန်းပြီး တူရိယာတွေ တီးမှုတ်နေတဲ့ သင်္ဘောကြီး တစ်စင်းကို သူမြင်ရတယ်တဲ့။ ဒါနဲ့ ရေသူမလေးဟာ သင်္ဘောကြီးနားကို ကူးသွားပြီး ချောင်းကြည့်တာပေါ့”
“အဟဲ ဟဲ အိမ်သာပေါက်က ချောင်းမိရင်တော့ မတော်မတဲ့ တွေ့နေ ရတော့မှာပဲ”
နေရာတကာတွင် ရွှတ်တီးရွှတ်နောက် ပြောရန်သာ စဉ်းစားလေ့ရှိသော မဝေက ဝင်ဖောက်သည်။ သို့သော် သူ့ကို မည်သူကမျှ အားမပေး။ ကန့်ကွက်သော မျက်လုံးများဖြင့် ဝိုင်းကြည့်သည်။
“အဲ ချောင်းကြည့်တော့ မင်းသားလေးကို တွေ့တာပေါ့။ မင်းသားလေးရဲ့ ၁၅ နှစ်ပြည့် မွေးနေ့ကို သင်္ဘောပေါ်မှာ ကျင်းပနေတာကိုး။ ရေသူမလေးဟာ ကခုန်ပျော်ပါး စားသောက်နေကြတဲ့ လူတွေကြားက မင်းသားလေးကိုပဲ စူးစိုက်ပြီး ကြည့်နေတယ်။ မြင်မြင်ချင်းလည်း ချစ်သွားတယ်တဲ့၊ အဲ အဲဒီလိုကြည့်နေတုန်း ဖြုန်းခနဲ လေတွေတိုက်၊ လှိုင်းတွေထန်ပြီး လေပြင်းမုန်တိုင်းကြီး ကျပါလေရောတဲ့ကွယ်။ သင်္ဘောကြီးလည်း မှောက်သွားတာပေါ့။ ခုနတုန်းက ပျော်ပါးကခုန်နေတဲ့ လူတွေဟာလည်း ရေနစ်တဲ့သူနစ်၊ မျောတဲ့သူ မျောနဲ့ ကယ်ပါ ယူပါ တစာစာ ဖြစ်ကုန်ကြတယ်တဲ့ သိလား”
“မင်းသားလေးရော မင်းသားလေးရော”
ထွေးက အလောတကြီး မေးသည်။ စိုးရိမ် ကြောင့်ကြသလို မျက်လုံးလေး ဝိုင်းနေသည်။
“ရေသူမလေး မကယ်ရင် မင်းသားလေးလည်း သေပြီပေါ့။ သတိ မေ့နေတဲ့ မင်းသားလေးကို ရေသူမလေးက ပွေ့ပြီး ခေါ်ခဲ့တယ်တဲ့။ လှိုင်းထဲ လေထဲမှာ တစ်ညလုံး ပင်ပင်ပန်းပန်း သယ်လာပြီးတဲ့ အခါမှာ ကမ်းခြေကို ရောက်လာတယ်။ အဲဒီအချိန်မှာ ကမ်းခြေကို ဆင်းလာတဲ့ လူတွေကို အဝေးက မြင်ရတယ်တဲ့။ အဲဒီတိုင်းပြည်က မင်းသမီးလေးဟာ သူ့အခြွေအရံတွေနဲ့ ပင်လယ်ကမ်းခြေကို ဆင်းလာတာလေ။ လူတွေ လာနေတာ မြင်တော့ ရေသူမလေးဟာ သတိမေ့နေတဲ့ မင်းသားလေးကို သဲသောင်ပြင် ပေါ်မှာ အသာချထားခဲ့ပြီး ကျောက်ဆောင်ကြား ဝင်ပြီး ပုန်းနေရရှာတာပေါ့။ သတိ မေ့နေတဲ့ မင်းသားလေးကို မင်းသမီးလေးက သူ့နန်းတော် သယ်သွားတာကို ချောင်းကြည့်ပြီး ဝမ်းနည်းနေတယ်တဲ့။ မင်းသားလေး သတိရလာတော့ အဲဒီ မင်းသမီးလေးကိုပဲ သူ့ရဲ့ အသက်သခင် ကျေးဇူးရှင် ထင်ပြီး သိပ်ကျေးဇူး တင်သွားရောတဲ့။ ရေသူမလေးဟာ မင်းသားလေးကို ချစ်လွန်းတော့ လူ့ဘဝရောက်ရင် နီးစပ်ကောင်းရဲ့ ဆိုတဲ့ အကြံနဲ့ စုန်းမကြီး တစ်ယောက်ဆီကို သွားတယ်တဲ့။ သူ့ရဲ့ အကြေးခွံတွေ ဖုံးနေတဲ့ အမြီးနေရာမှာ ခြေထောက်နှစ်ချောင်း ပေါက်လာအောင် လုပ်ပေးပါလို့ တောင်းပန်တယ်တဲ့လေ။ ဒီတော့ စုန်းမကြီးက ရေသူမလေးကို လျှာကို ဖြတ်ပေးမှ ဆေးဖော် နိုင်မယ်လို့ ပြောတယ်တဲ့။ နောက်ပြီး သူလူဖြစ်လို့မှ မင်းသားလေးက သူ့ကို လက်မထပ်ရင် သူသေရလိမ့်မယ်လို့ သတိပေးတယ်တဲ့”
“ဟ မသေချာတဲ့ ကိစ္စကြီး”
“ဘာလို့ လျှာဖြတ် ပေးရမှာလဲ၊ ဒီလိုဆို ဘယ်လိုလုပ် စကား ပြောတော့မှာလဲ။ မပေးဘူး မဟုတ်လား”
ထွေးနှင့် မဝေက တစ်ယောက်တစ်ပေါက် ပြောနေစဉ် မေသန်းဝင်းက ခေါင်းကို ဖြည်းညင်းစွာ ခါသည်။ ဆွေးမြည့် ကြေကွဲစွာ ဆက်၍ ပြောသည်။
“ပေးတာပေ့ါ။ ရေသူမလေးက မင်းသားလေးကို ချစ်တာကိုး။ ဒီတော့ စုန်းမကြီးဟာ ဆေးဖော်ပြီး ရေသူမလေးရဲ့ အမြီးပေါ်မှာ ဖျန်းပေးလိုက်တော့ ခြေထောက်နှစ်ချောင်း ဖြစ်လာတယ်တဲ့။ ဒါပေမဲ့ သူ့ ခြေထောက်လေးတွေဟာ နုနယ်လွန်းတော့ ခြေလှမ်းတိုင်း လှမ်းတိုင်း ဓားသွား လှံသွားတွေပေါ်မှာ လျှောက်နေရသလို နာတယ်တဲ့။ နာပေမယ့် ရေသူမလေးဟာ မင်းသားလေးကို ချစ်တာကိုး၊ ဘယ်လောက်နာနာ အားခဲလျှောက်သွားပြီး မင်းသားလေးဆီ ရောက်အောင် သွားသတဲ့”
“တွေ့လားဟင်၊ တွေ့ရဲ့လား”
“တွေ့တာပေါ့၊ မင်းသားလေးနဲ့လည်း တွေ့ရော မင်းသားလေးကလည်း သူ့ကို ချက်ချင်း ချစ်သွားတာပဲတဲ့။ သူ ဘယ်ကလာလဲ၊ သူ့နာမည် ဘယ်လိုခေါ်လဲ မေးပေမယ့် ရေသူမလေးဟာ ဘာမှ ပြန်မဖြေနိုင်ဘူး။ မင်းသားလေးကို ကြည့်ပြီး ပြုံးနေရုံပဲ တတ်နိုင်တယ်လေ။ မင်းသားလေးရော၊ သူ့ရဲ့ အဖေနဲ့ အမေရော သိပ်လှတဲ့ ရေသူမလေးကို ချစ်ကြတယ်တဲ့။ ရေသူမလေးလည်း သိပ်ပျော်တာပေ့ါ။”
“ဒါပေမဲ့ တစ်နေ့တော့ မင်းသားလေးဟာ ရေသူမလေးကို ပြောတယ် တဲ့။ မင်းကို ငါ အရင်တွေ့ခဲ့ရင် ကောင်းသားပဲကွယ်၊ ခုတော့ ငါ့ရဲ့ အသက်ကို ကယ်ခဲ့တဲ့ ဟိုတိုင်းပြည်က မင်းသမီးလေးနဲ့ ငါ လက်ထပ်ရတော့မယ်။ သူ့ကို လက်ထပ်ဖို့ ငါကတိပေးခဲ့တယ်။သူဟာ ငါ့ရဲ့ ကျေးဇူးရှင်ပဲလို့ ပြောတယ်တဲ့။ ရေသူမလေးဟာ မင်းသားလေးကို သူကယ်တာပါလို့ ပြောချင်လွန်းပေမယ့် မပြောနိုင်ဘဲ မျက်ရည်တွေ ဝဲလည် နေရှာတာပေါ့”
“ပါးစပ်နဲ့ ပြောမရရင် စာနဲ့ရေးပြောပါလား၊ အ လိုက်တာ”
“လက်ဟန်ခြေဟန်နဲ့ ပြောပေါ့။ စာမတတ်ရင် အရုပ်ဆွဲပြောပေါ့”
အရေးကောင်းစဉ် ဒိန်းဒေါင်းဖျက်သည်တော့ မဟုတ်၊ အပြောကောင်းစဉ် ဒေါင်ဒင်ဖျက်သည်။ ညိုတို့အားလုံး စိတ်လှုပ်ရှားစွာနှင့် မကျေမနပ် ပြောနေစဉ် ကျောင်းတက်ခေါင်းလောင်း ထိုးသည်။ ပထမ ခေါင်းလောင်း ထိုးလျှင် အတန်းရှေ့တွင် လူစုပြီး တန်းစီရသောကြောင့် စိန်ပန်းပြာအောက်မှ အပြေးအလွှား ထွက်ခဲ့ကြရသည်။ ဒီနေ့ သောကြာနေ့ ဖြစ်သည်။ တနင်္လာ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်း စုဝေးခန်းမကြီး ထဲတွင် စုဝေးကာ ဆရာမကြီး၏ ဆုံးမဩဝါဒကို ခံယူကြရသည်။
နှစ်ယောက်တစ်တွဲစီ တန်းစီပြီး စုဝေးခန်းမသို့ ထွက်လာချိန်အထိ ညိုသည် ရေသူမလေးက လွဲ၍ ဘာမှ မတွေးနိုင်၊ ဘေးတွင် လက်တွဲထားသော မေသန်းဝင်း၏ လက်ကို ဆုပ်ကိုင်ရင်း ရေသူမလေး ဘာဖြစ်သွားသနည်း သိလိုစိတ်နှင့် စိတ်လှုပ်ရှားနေသည်။ သို့သော် ဘေးဘက်တွင် ဆရာမက ယှဉ်လျက် လျှောက်လာတော့ မေးခွင့် မသာခဲ့။ စုဝေးခန်းမထဲတွင် တန်းစီ ပြီးကြသောအခါတွင်ကား ဆရာမ မရှိတော့ချေ။ ဆရာမကြီး အလာကို စောင့်နေရသော ထိုအချိန်သည် အပ်ကျသံကိုပင် ကြားရမတတ် ငြိမ်သက် တိတ်ဆိတ်မြဲ ဖြစ်သည်။ သို့သော်လည်း ဒီတစ်ခါတော့ ညိုသည် မငြိမ်သက်နိုင် မတိတ်ဆိတ်နိုင်၊ မေသန်းဝင်း၏ လက်ကို ဆုပ်ကာ “ဘာဖြစ်သွားလဲဟင်၊ ဘာဖြစ်သွားလဲ” ဟု လေသံနှင့် ထပ်ခါထပ်ခါ မေးမိသည်။
“နောက်တစ်နေ့ကျရင် မင်းသားလေးက လက်ထပ်ရတော့မယ်လေ၊ ရေသူမလေးဟာ အဲဒီညမှာပဲ အိပ်ပျော်နေတဲ့ မင်းသားလေးကို ကြည့်ရင်း သိပ်ပြီး ဝမ်းနည်းနေတာပေါ့။ သူနေခဲ့တဲ့ သူပျော်ခဲ့တဲ့ ပင်လယ်ပြင်ကြီးကို နောက်ဆုံး အနေနဲ့ မျှော်ကြည့်မိတုန်းမှာ သူ့ရဲ့အစ်မ ၆ ယောက်ဟာ ရေပေါ်ကို ပေါ်လာကြတယ်။ လေထဲမှာ တလွင့်လွင့် ဖြစ်နေတဲ့ ဆံပင်ရှည်တွေဟာ တိုတိုလေးပဲ ကျန်တော့တယ်တဲ့”
“ဟင် ဘာဖြစ်လို့လဲ”
“စုန်းမကြီးကို ဖြတ်ပေးခဲ့ကြ တယ်လေ။ သူတို့ ညီမလေးအတွက် ဆေးစီရင်ထားတဲ့ ဓားမြောင်လေး ရဖို့အတွက် သူတို့ရဲ့သိပ်လှတဲ့ ဆံပင်တွေ ပေးခဲ့ကြရတယ်တဲ့။ အစ်မတွေဟာ ရေသူမလေးကို ဓားမြောင်လေး ပေးပြီး အဲဒီဓားမြောင်နဲ့ မင်းသားလေးရဲ့ နှလုံးသားကို ထိုးလိုက်ပါ။ ထွက်လာတဲ့ သွေးနဲ့ ခြေထောက်ကို ဆေးလိုက်ရင် အမြီး ပြန်ပေါက်လာလိမ့်မယ်။ ရေအောက် နန်းတော်ကို ပြန်လာခဲ့ပါ ညီမလေးရယ်လို့ မျက်ရည်လည်ရွဲနဲ့ ပြောကြတယ်တဲ့”
မဝေက နောက်ရန်ပြောင်ရန် သတိမရတော့ဘဲ မျက်ရည်လေး ဝဲနေသည်။ သူ့ဘေးမှ ထွေးထွေးနှင့် နီနီက မျက်တောင်လေးတွေ ပုတ်ခတ် ပုတ်ခတ်နှင့် နှာရည်ညှစ်သည်။
“ရှူး ရှူး ဆရာမကြီး လာနေပြီ”
“ပြောပါ ပြောပါ ဘာဖြစ်လဲ”
“ရေသူမလေးဟာ ဓားမြောင်ကို ယူသွားတာပေါ့။ ဒါပေမဲ့ အိပ်ပျော်နေတဲ့ မင်းသားလေးကို ကြည့်ပြီး မသတ်ရက်ဘူး ဖြစ်နေတယ်။ နောက်ဆုံးတော့ ဓားကလေးကို လွှင့်ပစ်လိုက်ရောတဲ့”
“ဟင်”
“နောက်နေ့ကျတော့ ရေသူမလေး မရှိတော့ဘူး၊ ရဲတိုက်ဘေးက ပင်လယ်ပြင်ပေါ်မှာ ရေမြှုပ်ကလေးတစ်ခု ပေါ်လာတယ်တဲ့”
“အဲဒါ ဘာလဲ၊ ဘာဖြစ်တာလဲ”
“ရေသူမတွေ သေရင် ရေမြှုပ် ဖြစ်တယ်လေ”
“ဟယ်”
မေသန်းဝင်းက ဆို့နင့်သော အသံနှင့်ပြောသည်။ မျက်ရည် ရစ်ဝဲသော မျက်လုံးနက်နက် ကလေးများက စင်မြင့်ပေါ်မှ ဆရာမကြီးကို စိုက်ကြည့် နေသော်လည်း မြင်ဟန်မရှိ။
ညို့ရင်ထဲတွင် ဟာသွားသည်။ ဆရာမကြီးက ဘာဆုံးမဩဝါဒ ပေးသွားသနည်းလည်း မသိလိုက်။ သနားစိတ်နှင့်လား၊ မချင့်မရဲစိတ်နှင့်လား၊ ဘာစိတ်နှင့်လားတော့ မသိ၊ ငိုချင်နေသည်။
အတန်းထဲရောက်တော့ ပို၍ပင် ငိုချင်စရာနှင့် ကြုံသည်။ အတန်းပိုင် ဆရာမ ဒေါ်စီစီက မေသန်းဝင်းနှင့် ညိုတို့ကို အတန်းရှေ့ ခေါ်ထုတ်ကာ ဆူတော့သည်။ စုဝေးခန်းထဲတွင် စကားများကြသော အပြစ်နှင့် ဖြစ်သည်။ တစ်ခွန်းပြော နှစ်ခွန်းပြောခြင်း မဟုတ်ဘဲ လေရှည်ကြီး ပြောကြခြင်း ဖြစ်၍ ပိုပြီး အပြစ်ကြီးသည်။ မုန့်စားကျောင်း ဆင်းချိန်ဝယ် မုန့်မစားရ။ ခုံပေါ်တက် ရပ်နေကြရသည်။ ကျောင်းတက်ခါနီး ဆယ်မိနစ် အလိုကျမှ လွှတ်ပေးလိုက်၍ မုန့်စားခန်းသို့ အပြေးအလွှား လာခဲ့ကြရသည်။
ဒဏ်ပေး ခံရသော်လည်း မမှတ်သေး။ မုန့်ဟင်းခါးဆိုင်တွင် ရေသူမလေး အကြောင်းကို စကားဆက်မိကြသေးသည်။
“ရေသူမလေးက မိုက်တာပါ။ အမှန်ဆို သူ့ကိုမှ မယူတဲ့ မင်းသားကို သတ်ပစ်လိုက် အေးရော”
ညိုက မုန့်ဟင်းခါးကို လုံးထွေး မျိုချရင်း ကရုဏာ ဒေါသောနှင့် ပြောသောအခါ မေသန်းဝင်းက ညို့ကို ရန်တွေ့သည်။
“ဘာမိုက်ရမှာလဲ၊ တကယ့်ကို မြင့်မြတ်တဲ့အချစ် သိရဲ့လား၊ ရိုမီယို တို့ ဂျူးလိယက်တို့ ထက်တောင် သာသေး”
ထိုစဉ်က ရှိတ်စပီးယား ပြဇာတ်များကို သင်ရ၍ ကိုရိုမီယိုနှင့် မဂျူးလိယက်တို့သည် ညိုတို့၏ နှလုံးသားပေါ်တွင် စိုးမိုးပြီး ဖြစ်သည်။
“ရေသူမလေးရဲ့အချစ်ဟာ စံပြအချစ်၊ ကိုယ်ကျိုးမဖက်တဲ့ အချစ်၊ နမူနာ ယူစရာကောင်းတဲ့ အချစ် သိရဲ့လား၊ ရေသူမလေးဟာ အချစ်ရဲ့သင်္ကေတ၊ ဒါကို ချစ်တတ်တဲ့လူတွေပဲ နားလည်တယ်”
“မြတ်စွာဘုရား”
ဒေါနှင့်မောနှင့် ပြောသော မေသန်းဝင်းကို ကြည့်ရင်း ညိုသည် ဘုရားတလိုက် မိသည်။ သူ့ မျက်လုံးနက်နက်လေးများသည် ရွှန်းလက်တောက်ပ နေသည်။ ပါးကလေးများက နီထွေးနေသည်။ သူက ညိုကို အပေါ်စီးမှ ကြည့်ကာ “ချစ်တတ်တဲ့ သူတွေပဲ နားလည်တယ်” ဟု ပြောလိုက်၍ မခံချင် ဖြစ်သွားသည်။ “အမယ် ငါ့ကို မချစ်တတ်ဖူးလို့ ပြောတာပေါ့လေ” ဟု တွေးမိပြီး အောင့်သက်သက် ဖြစ်သွားသော်လည်း ဘာပြန်ပြောရမည် မသိ။
မနေ့တစ်နေ့ကမှ အပျိုဖြစ်သော ညိုသည် မချစ်တတ်သေးသည်မှာ အမှန်။ အချစ်မခံဖူးသေးသည်မှာလည်း အမှန်။ ရည်းစားစာလေး တစ်စောင်တလေပင် မရဖူးသေးသည်မှာလည်း အမှန်ပင်။ ချစ်တတ်သော မေသန်းဝင်းသည်ကား ထိုနှစ်ကုန်တွင်ပင် ကျောင်းမှ ထွက်သွားသည်။ ချစ်သူနောက်သို့ လိုက်သွားခြင်း ဖြစ်သည်။ မချစ်တတ်သေးသော ညိုက ကျောင်းစာကို ဆက်၍ ကျက်ခဲ့ရလေသည်။
* * *
“ရေသူမလေးပုံကို သမီးလည်း သိပ်ကြိုက်တာ၊ ရေသူမလေးဟာ တကယ် စွန့်လွှတ် ရဲတယ်နော် အန်တီ”
မေသန်းဝင်း၏ သမီးလေးက ညို့ကို တရင်းတနှီး လှမ်းပြောသည်။ သူ့ကို အန်တီဟုခေါ်သော မြီးကောင်ပေါက်လေးကို ကြည့်ရင်း ညို့ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြန်သည်။ “ငါ မငယ်တော့ပါလား” ဟု တွေးမိပြန်သည်။ တွေးနေရင်း တစ်ဖက်ခုတင်က လူနာဘေးတွင် ရပ်နေသော ဧည့်သည် လူငယ်ကို အမှတ်တမဲ့ သတိထားလိုက်မိသည်။ သူ့မျက်လုံးများသည် မြီးကောင်ပေါက်မလေး ဆီတွင် ရစ်ဝဲနေသည်။
“ကိုယ့်သမီး မချောဘူးလား ညို”
“အမေတူလေးပဲ ချောတာပေါ့”
ညိုက ပြောသောအခါ သမီး၏ မျက်လုံးများသည် တစ်ဖက်ခုတင်သို့
ဖျတ်ခနဲ ရောက်သွားသည်။ ရှက်ကိုးရှက်ကန်းလေး ပြုံးသည်။ မေသန်းဝင်းက သူ့သမီး၏ အပြုံးကို ချက်ချင်း သတိထားမိသည်။ အခန်းကို ဝေ့ကြည့် လေသည်။
“မေမေ အလှထားတဲ့ ရေသူမရုပ်လေး ကျိုးသွားတယ် မေမေ၊ တာတူး တိုက်ချလို့”
“ဟယ် ဘယ်လို ဖြစ်တာလဲ”
“ဝင်းရဲ့သားက မျောက်ပဲ သိပ်ဆော့တာ၊ ဟဲ့ ရေသူမ တစ်ချိန်လုံး ကျောက်တုံးပေါ် ထိုင်နေတာ မညောင်းဘူးလား၊ လမ်းလျှောက်ဦး ဆိုပြီး စင်ပေါ်က တွန်းချတာလေ”
သမီး၏ အဖေက ရယ်ရင်း ပြောသည်။
“အဲဒီ အရုပ်ကလေးက ဖေဖေ့ကို မေမေ လက်ဆောင် ပေးထားတာဆို ဟုတ်လား မေမေ”
“အို ငယ်ငယ်တုန်းကပါ”
မေသန်းဝင်းက ရှက်ပြုံးလေး ပြုံးသည်။
“သမီး သနားလိုက်တာ မေမေရယ်”
“ဘယ်သူ့ကိုလဲ”
“ရေသူမလေးကိုလေ၊ နဂိုကမှ ကံမကောင်းရတဲ့ ကံဆိုးမလေး၊ အရုပ်ဘဝမှာတောင် လိုက်ပြီး ကံဆိုးသေးတယ်။ သမီး ကော်နဲ့ ပြန်ဆက်မယ် မေမေ သိလား”
မိန်းမချောလေးက တစ်ဖက်ခုတင်ကို မျက်လုံးဝင့်ကြည့်ပြီး ဆို့နင့်
ကြေကွဲသော အသံလေးနှင့် ပြောသည်။ အရည်ကြည်လေးများနှင့် ရွှန်းလဲ့ တောက်ပနေသော သမီး၏ မျက်လုံးများကို ကြည့်ပြီး မေသန်းဝင်း လန့်သွားဟန် ရှိသည်။ မျက်လုံး ပြူးသွားသည်။
“ဘာ ကံဆိုးမလေးလဲ၊အလကား၊ ဒဏ္ဍာရီထဲက ရေသူမ၊ အရူးထတဲ့ ရေသူမ၊ ဘာကော်နဲ့မှ ပြန်ဆက်မနေနဲ့၊ လွှင့်ပစ်လိုက်”
မေသန်းဝင်းသည် ကြက်သားအုပ်မကြီးလို ပြူးပြူးပျာပျာ ပြောရင်း တစ်ဖက်ခုတင်သို့ မျက်စောင်း ခဲလိုက်သည်။ ထို့နောက် သမီးအဖေ၏ လက်ကိုဆွဲကာ “မဟုတ်ဘူးလား ကိုကိုရယ်” ဟု ထောက်ခံမဲ တောင်းလိုက်သည်။
ညိုသည် သူတို့ သားအမိ တစ်တွေကို ငေးကြည့်ရင်း ပြုံးနေမိသည်။ နားထဲတွင် သူငယ်ငယ်က ပြောခဲ့ဖူးသော စကားလေးကို ကြားယောင်နေသည်။
“ရေသူမလေးဟာ အချစ်ရဲ့ သင်္ကေတ သိရဲ့လား၊ ဒါကို ချစ်တတ်တဲ့ သူတွေပဲ နားလည်တယ်” တဲ့။
မစန္ဒာ
(အချစ်ရွှေဘုံနိဒါန်း စာစု)
မေတ္တာဖြင့်
Orange facebook စာမျက်နှာ မှ
ထပ်ဆင့်ကူးယူမျှဝေပေးပါသည်။
ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်…
#Crd #မစန္ဒာ #ဝတ္ထုတိုမျာ