ရန်ကိုရန်ချင်း
----------------
ကျွန်တော်သည် လူကြောက်တစ်ယောက်ဖြစ်ပါသည်။
ကျောင်းနေစဉ် ကျောင်းသားဘဝက အပေါင်းအသင်းလည်းနည်းသည်။ ကြောက်လည်း ကြောက်တတ်သည်။ ထို့ကြောင့် ရန်မဖြစ်အောင် အမြဲရှောင်သည်။ ကျွန်တော်တို့ ကျောင်းသားဘဝတွင်လည်း ဗလကောင်းသူတွေ၊ အုပ်စုကောင်းသူ တွေက အနိုင်ကျင့်တတ်ကြသည်။ ထိုသူမျိုးတွေကို ကျွန်တော်ရှောင်သည်။
သို့သော် ရှောင်မရသော ရန်ဖြစ်မှုတစ်ခုကိုတော့ ကျွန်တော် ကျူးလွန်ခဲ့မိသည်။
ထိုစဉ်က ကျွန်တော် ၇ တန်းသာရှိသေးသည်။ ၈ တန်းမှ ကျောင်းသားကြီးတစ်ယောက်နှင့် ကျွန်တော် ရန်ဖြစ်သည်။ ရန်ဖြစ်ရခြင်း အကြောင်းမှာ ထိုကျောင်းသားက ကျွန်တော့်ဦးထုပ်ကို ဆွဲချွတ်ပြီး ကျောင်းအပေါ် ထပ်မှ အောက်ထပ်ကို ပစ်ချလိုက်သောကြောင့်ဖြစ်သည်။
ကျွန်တော်က နှစ်ထပ်ကျောင်းဆောင်ပေါ်က စာဖတ်ခန်းကို လာနေစဉ် ထိုကျောင်းသားကြီးအပါအဝင် သုံးယောက်က အနိုင်ကျင့်ဗိုလ်ကျခြင်း ဖြစ်သည်။ စိတ်လည်းဆိုး ဒေါသလည်းထွက်ကာ ဦးထုပ်ဆွဲချွတ်ပြီး လွှင့်ပစ်လိုက်သည့် ကျောင်းသားကို ဆဲလိုက်မိသည်။ သူ့အမည်က မင်းလွင်ဖြစ်သည်။
မင်းလွင်က ကျွန်တော်ဆဲသည်ကို မကျေနပ်သဖြင့် ကျွန်တော့်ကို ထိုးသည်။ ကျွန်တော့်မျက်လုံးထဲတွင် ဝင်းခနဲ ဖြစ်သွားသည်။ သူက ကျွန်တော့်ညာဘက်မျက်စိကို ထိုးလိုက်ခြင်းဖြစ်သည်။ ကျန်သုံးယောက်ကလည်း ကျွန်တော့်ကို ရန်မူရန် ပြင်ဆင်နေကြစဉ်မှာပင် ဆရာမတစ်ယောက်က ကျောင်းပေါ်ကိုတက်လာသဖြင့် သူတို့ လေးယောက် ပျောက်သွားကြတော့သည်။
ကျွန်တော်လည်း နာနေသော မျက်လုံးကို လက်နှင့်အုပ်ပြီး ကျောင်းအောက်ကိုဆင်းကာ ကျသွားသော ဦးထုပ်ကိုကောက်ပြီး ပြန်ဆောင်းလိုက်သည်။ ထို့နောက် ကိုယ့်အတန်းကို ကိုယ်ပြန်သည်။
ကျွန်တော့်အတန်းထဲတွင် ကျွန်တော့်ဘေး၌ထိုင်သည့် သူငယ်ချင်း သိန်းဝင်းကို ကျွန်တော်က အဖြစ် အပျက်အား ပြောပြလိုက်သည်။ သိန်းဝင်းက
“အဲဒီကောင် ငါတို့အပိုင်းကပဲ။ ငါတို့လမ်းက ဖြတ်ပြန်တယ်။ မင်းနဲ့ငါ စောင့်ပြီး ရိုက်မယ်” ဟုပြောသည်။
ကျွန်တော်က
“လုပ်မနေပါနဲ့ကွာ။ ကျောင်းက သိရင် ရန်ဖြစ်လို့ကျောင်းထုတ်နေဦးမယ်”
“မင်းက ငုံ့ခံမလို့လား။ အဲဒီကောင်က လူအုပ်နဲ့ မိုက်ရဲတာ။ တစ်ယောက်ချင်းဆိုရင် ငကြောက်”
“ထားလိုက်ပါကွာ”
ကျွန်တော်အိမ်ပြန်ရောက်သည့်အခါတွင်လည်း မျက်လုံးယောင်နေသဖြင့် အမေကမေးသည်။ ကျွန်တော်က ချော်လဲတာဟုပြောလိုက်သည်။ သို့သော် အမေကမယုံပါ။ ရန်ဖြစ်လာတာနေမှာပါဟုပြောသည်။ မျက်လုံးကို မန်ကျည်းခေါက်သွေးပြီး ကွင်းပေးသည်။ နောက်တစ်နေ့ ကျောင်းသွားသည့်အခါတွင်လည်း အတင်းကွင်းပေး လိုက်သဖြင့် လမ်းတွင် သောက်ရေအိုးစင်၌ ပြန်ဖျက်ရသည်။ မျက်လုံးအကွင်းကြီးနှင့် ကျောင်းသွားရမှာ ရှက်သောကြောင့်ဖြစ်သည်။
ထိုအဖြစ်အပျက်သည် ကြာတော့လည်း မေ့သွားခဲ့ရပါသည်။
ကျွန်တော် မင်းလွင်နှင့်မမျှော်လင့်ပဲ ပြန်တွေ့ခဲ့ရသည်။ နောက်ထပ် နှစ် ၂၀ လောက်ကြာသည့်အခါတွင်မှ ဖြစ်သည်။
ထိုအချိန်တွင် ကျွန်တော်က အထက်တန်းကျောင်းတစ်ကျောင်းတွင် ကွန်ပျူတာဆရာဖြစ်နေပြီ။ ကျောင်းသား ကျောင်းသူများကို ကွန်ပျူတာသင်ပေးရန်အတွက် စာရင်းလက်ခံသည့် နေ့တွင်ဖြစ်သည်။ နွေရာသီ ကွန်ပျူတာ သင်တန်းဖြစ်သဖြင့် မိဘတွေကိုယ်တိုင် ကျောင်းသားကျောင်းသူများကို လာအပ်ကြသည်။
ကျွန်တော့် ကွန်ပျူတာခန်းထဲတွင် ဖောင်ဖြည့်သည့် ကျောင်းသား၊ ကျောင်းသူများ မိဘများနှင့် ပြည့်နေသည်။ ထိုအချိန်တွင် ကျွန်တော်က သူ့မျက်နှာကို မြင်လိုက်ရသည်။ ကျွန်တော့်ကို ကျောင်းတုန်းက ထိုးသွားသည့် မင်းလွင်ဖြစ်သည်။ ကျွန်တော်က သူ့ကို ကောင်းစွာမှတ်မိသည်။ သူကလည်း မှတ်မိပုံရသည်။ ကျွန်တော့်ကို တွေ့သည်နှင့် မျက်နှာလွှဲသွားသည်။
သို့သော် သူကျွန်တော့်ကို မရှောင်နိုင်ပါ။ သူကိုယ်တိုင် သူ့သမီးကို ကျွန်တော့်ထံတွင် လာအပ်ရသည်။ သူက ကျွန်တော့်ရှေ့ကို ရောက်သည့်အခါတွင် ခေါင်းကြီးငုံ့နေသည်။
ကျွန်တော်က သေချာစေရန် လျှောက်လွှာကိုထပ်ကြည့်လိုက်သည်။ ဖခင်အမည်တွင် ဦးမင်းလွင်ဟူ၍ တွေ့ရသည်။ ကျွန်တော်ကပဲ သူ့ကိုစတင်ကာ
“ဒါ ကိုမင်းလွင် သမီးလား” ဟု စကားကြောင်းပေးလိုက်သည်။ သူက
“ဟုတ် … ဟုတ်ကဲ့ပါ” ဟု အထစ်ထစ်အငေါ့ငေါ့နှင့်ဖြေသည်။
“ခင်ဗျားသမီးကတော်ပါတယ်၊ ဒါကြောင့်လည်း ကွန်ပျူတာသင်ဖို့ရွေးတဲ့ထဲမှာ ပါတာပေါ့”
“ဟုတ်ကဲ့ခင်ဗျာ”
သူက ကျွန်တော့်ကို ရိုကျိုးစွာနှင့် ပြန်ပြောရှာသည်။ ကျွန်တော်က ကလေးကို ကွန်ပျူတာခန်းထဲကို လွှတ်လိုက် သည်။
“ကိုမင်းလွင် ကျောင်းတုန်းက မှတ်မိသေးလား”
“ဟုတ်ကဲ့ မှတ်မိပါတယ်ဆရာ”
“အေးဗျာ … ကျွန်တော်က ခံရတဲ့သူဆိုတော့ အမြဲမှတ်မိနေတယ်”
“တောင်းပန်ပါတယ်ဆရာ”
“ဘာကိုလဲဗျ”
“အဲဒီတုန်းက လုပ်ခဲ့မိတာကိုပါ”
“ငယ်တုန်းက လုပ်ခဲ့တာတွေပဲဗျာ။ တောင်းပန်စရာ မလိုပါဘူး”
“ဒါပေမဲ့ ကျွန်တော်လည်း အတော်ခံလိုက်ရပါတယ်ဆရာ”
“ကျွန်တော် ခင်ဗျားကို ဘာမှ မလုပ်ပါဘူး”
“ဆရာက ကျွန်တော့်ကို ဘာမှမလုပ်ပါဘူး။ ဒါပေမဲ့ ဆရာ့သူငယ်ချင်း သိန်းဝင်းက ကျွန်တော့်ကို ဝိုင်းရိုက်တာ နှစ်ရက်လောက် အိပ်ရာထဲက မထနိုင်ဘူး”
“ဟုတ်လား ကျွန်တော်မသိဘူး။ တကယ်ပြောတာ။ သိန်းဝင်းက ကျွန်တော့်ကို ပြန်လည်း မပြောဘူး”
“ဆရာ သိမှာမဟုတ်ပါဘူး။ ဆရာက ၁၀ တန်းအောင်လို့ ကျောင်းမှာ မရှိတော့ဘူး။ ကျွန်တော်က ၁၀ တန်းကျတယ်။ အဲဒီအချိန်မှာ သိန်းဝင်းက ကျွန်တော်တို့ရပ်ကွက်ထဲမှာ လူမိုက်ဆရာ။ သူနဲ့ကျွန်တော် တစ်နေ့ တွေ့တော့ ကျွန်တော့်ကို မင်းလားကွ ငါ့သူငယ်ချင်းကိုထိုးတာဆိုပြီး ရိုက်တာ”
“ဟာဗျာ ဖြစ်ရလေ။ သိန်းဝင်းအတော်ဆိုးတာပဲ။ အဲဒီကောင်ခု ဘယ်မှာနေသလဲ”
“သေပြီဆရာ။ သူ့ကိုလည်း သူများကရိုက်လို့ သေသွားတာ”
“ဟာဗျာ ဖြစ်ရလေ”
တင်ညွန့်
၁၁.၂.၂၀၂၆