နောက်ဆုံး နှုတ်ဆက်ခြင်း
တကယ်တော့ အဲဒီမနက်က Design File အပ်ရမယ့် နောက်ဆုံးနေ့မို့ ကျွန်မ အလုပ်များနေခဲ့တာပါ။ ကျွန်မခင်ပွန်းက ကော်ဖီခွက်ထဲ ကော်ဖီမှုန့်ထည့်၊ ရေနွေးလောင်းပြီး ကော်ဖီအိတ်ခွံနဲ့ မွှေကာ အမြန်မော့သောက်နေတာကို ကျွန်မ လှမ်းမကြည့်ဘဲ သိနေပါတယ်။
"ပြန်လာရင် City Mart ကနေ ဆန်ဝင်ဝယ်ဖို့ မမေ့နဲ့နော် မောင်။ တကယ်ပြောတာနော်။"
ကျွန်မ ခင်ပွန်းကို နောက်ဆုံးပြောခဲ့တဲ့ စကားဟာ ညွှန်ကြားချက်တစ်ခု ဖြစ်နေခဲ့တယ်။ ပြောနေတဲ့အချိန်မှာ လက်ပ်တော့ပ် ကနေ လုံးဝကို မျက်လုံးမခွာခဲ့ပါဘူး။
သူ သက်ပြင်းချတယ်။ ကျွန်မက စိတ်မရှည်ဘဲ ပူဆာနေပြီလို့ သူ ယူဆကြောင်း ပြတဲ့ ဒရာမာဆန်ဆန် သက်ပြင်းမျိုးပေါ့။
"သိပါတယ်၊ သိပါတယ်ဗျာ။ ရွှေဘိုပေါ်ဆန်း တစ်အိတ်ပေါ့။ ရပြီနော် ချစ်။"
သူက ဆိုဖာနောက်ကျောဘက်ကနေ ကိုင်းပြီး ကျွန်မရဲ့ ဆံသားကို နမ်းလိုက်တယ်။ အဲဒါက ခပ်သွက်သွက်၊ ခြောက်သွေ့တဲ့ အနမ်းတစ်ပွင့်။ မနက်ခင်း အလျင်လိုမှု အရသာနဲ့ သူ ပုံမှန်သောက်နေကျ ကော်ဖီနံ့လေး သင်းနေခဲ့တယ်။ ကျွန်မက ခေါင်းညိတ်ပြီး အသိအမှတ်ပြုတဲ့ အသံပဲ ပြုမိလိုက်တယ်၊ မျက်လုံးတွေက ရိုက်နေတဲ့ အီးမေးလ် ပေါ်မှာပဲ ကပ်နေတုန်းပဲ။
ရုတ်တရက် ကျွန်မ ခုံပေါ်ကို လှမ်းကြည့်မိတယ်။
"မောင် ပိုက်ဆံအိတ် မေ့ခဲ့ပြန်ပြီ!"
သူ တံခါးနားမှာ သော့တွေကို တချွင်ချွင်မြည်အောင် လုပ်နေတုန်း ကျွန်မ အော်ခေါ်လိုက်တယ်။
"မောင့်ဘဝရဲ့ နိစ္စဒူဝပဲ" လို့ သူ နောက်ပြန်အော်ရင်း ပိုက်ဆံအိတ် ပြေးယူပြီး ပြန်ထွက်တယ်။
"ချစ်တယ်နော်။ ၆ နာရီ တွေ့မယ်ချစ်။"
"ကျွန်မလည်း ချစ်တယ်" လို့ ကားဂိုဒေါင် တံခါး တဒုန်းဒုန်း ပိတ်သွားတဲ့ အသံနဲ့အတူ ကျွန်မ အော်ပြောလိုက်တယ်။
အဲဒါ မနက် ၇ နာရီ ၄၂ မိနစ်။ ကျွန်မတို့ရဲ့ နောက်ဆုံးအနမ်း။ နောက်ဆုံးစကား။
မောင်နဲ့ ကျွန်မက သမရိုးကျ ဝတ္ထုတွေထဲ တွေ့ရတတ်တဲ့ သာမန်စုံတွဲမျိုးပါပဲ။ တက္ကသိုလ်မှာ တွေ့ပြီး၊ လက်ထပ်ခဲ့ကြတယ်။ ပေ ၂၀၊ ၆၀ မြေပေါ် ဆောက်ထားတဲ့ သေးငယ်တဲ့ အိမ်လေးတစ်လုံး ဝယ်ခဲ့ကြတယ်။ မင်္ဂလာပွဲလေး လုပ်တယ်။ အဲကွန်း အအေးခလုတ် နံပါတ်အတွက် ခဏခဏ စကားများခဲ့ကြတယ်။ မောင်က အအေးမကြိုက်သူ၊ ကျွန်မက အအေးကြိုက်သူပါ။
အခု ဆယ်နှစ်အရွယ်၊ ဖုန်းကိုပဲ စွဲလမ်းနေတဲ့ သမီးလေး ဆည်းဆာ ကို မွေးမြူခဲ့ကြတယ်။ ကျွန်မတို့က ပုံမှန်၊ ဆူညံပြီး၊ ခန့်မှန်းလို့ရတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ကြတယ်။ ပြီးတော့ ကျွန်မ အဲဒီအရာအားလုံးကို အလွယ်တကူ သဘောထားခဲ့မိတယ်။
အဲဒီနေ့ နေ့လယ် ၄ နာရီ ၁၅ မိနစ်မှာ ရေခဲသေတ္တာ သန့်ရှင်းနေတုန်း ဖုန်းက တုန်ခါလာတယ်။ မမြင်ဖူးတဲ့ နံပါတ်တစ်ခု။
"ဒါ မအေးနွယ် ဟုတ်ပါသလား" လို့ စိတ်မကောင်းတဲ့ အသံနဲ့ မေးတယ်။
"ဟုတ်ပါတယ်"
"ကျွန်တော့်နာမည် ဦးချမ်းသာပါ။ သုခကာရီ လူမှုကယ်ဆယ်ရေးအသင်းကပါ။ လမ်းမတော်လမ်းမှာ ယာဉ်မတော်တဆ ဖြစ်တယ်။ ညီမလေးအနေနဲ့ ရန်ကုန်ဆေးရုံကြီးကို လာဖို့ လိုအပ်ပါတယ်။"
"ရှင်”
ကမ္ဘာကြီးက ရပ်တန့်မသွားခဲ့ဘူး။ ရေခဲသေတ္တာက ဆက်ပြီး တဂျီဂျီ မြည်နေခဲ့တယ်။ ပစ္စည်းပို့တဲ့ကားက လမ်းမပေါ် ဆက်ပြီး တဂျောင်းဂျောင်း မောင်းနှင်နေဆဲ။ ကျွန်မ မီးဖိုချောင်ထဲမှာ ကိုင်ရင်း မတ်တပ်ရပ်နေတုန်း၊ ယဉ်ကျေးတဲ့ လူစိမ်းတစ်ယောက်က ကျွန်မရဲ့ ဘဝတစ်ခုလုံးကို တိတ်တဆိတ် ဖြိုခွဲပစ်လိုက်တာ။
သမီးလေးနဲ့ကျွန်မ ရောက်မလာခင်မှာပဲ သူ ထွက်ခွာသွားခဲ့ပြီ။ မိုးရေထဲမှာ Light Truck တစ်စီး ဘရိတ်ချော်သွားတာပါ။ ဘယ်သူ့မှာမှ အပြစ်မရှိဘူး။ အဲဒါတွေ ဘာမှ အရေးမကြီးတော့ပါဘူး။
ပထမတစ်ပတ်ကတော့ ဝေဝါးနေခဲ့တယ်။ အိမ်ရှေ့ဝမှာ ချထားခဲ့တဲ့ ဟင်းအိုးတွေ၊ စာနာကြောင်း တီးတိုးပြောဆိုနေကြတဲ့ အိမ်နီးချင်းတွေ၊ အဆုံးမရှိတဲ့ ဖုန်းခေါ်ဆိုမှုတွေ။ သမီးက အိမ်ထဲမှာ အရိပ်တစ်ခုလို လွင့်မျောနေတယ်။ ကျွန်မက အလိုအလျောက် ရွေ့လျားနေခဲ့တယ်။ စာရွက်စာတမ်းတွေ လက်မှတ်ထိုးတယ်။ ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြောခဲ့တယ်။
တကယ့် ဝမ်းနည်းကြေကွဲမှုကတော့ ရက်လည်ဆွမ်းကပ်ပြီး အိမ်က တိတ်ဆိတ်သွားမှ စတင်ခဲ့တယ်။ တိတ်ဆိတ်မှုက ကျွန်မ ရင်ကို ကြေမွသွားစေလောက်အောင် လေးလံနေတယ်လို့ ခံစားရတဲ့အချိန်ပေါ့။
အဲဒီနောက် ကျွန်မ "နောက်ဆုံး အမှတ်အသားတွေ" ကို စတင် သတိထားမိလာခဲ့တယ်။
• နောက်ဖေးတံခါးနားက သူ့ရဲ့ ရွှံ့ပေနေတဲ့ ဖိနပ်တွေ၊ စနေနေ့က ခြံထဲက သစ်ပင်တွေက သစ်ရွက်နဲ့ အညစ်အကြေးတွေနဲ့ ဖုံးလွှမ်းနေဆဲ။ အခုတော့ အဲဒီ ရှုပ်ပွနေတာကို ပြန်မြင်ရဖို့ဆိုရင် ဘာမဆို ပေးဆပ်ရဲတယ်။
• သူ့ရဲ့ အဖေပုံပါတဲ့ မတ်ခွက်။ ပုံပျက်ပြီး တစ်ဖက်ကစောင်းနေတဲ့ ခပ်အေးအေး ကော်ဖီ တစ်ဝက်လောက်နဲ့။ သူ့ရဲ့ နောက်ဆုံး ကော်ဖီခွက်။
• သူ့မျက်မှန်က ဘေးစားပွဲပေါ်မှာ ရှိနေတယ်။ သူ့ရဲ့ ဈေးပေါတဲ့ မုတ်ဆိတ်ရိတ်ဓားက ရေချိုးခန်းထဲမှာ။ ဟောင်းနေပြီဖြစ်တဲ့ တီရှပ် တစ်ထည်က အိပ်ခန်းကြမ်းပြင်ပေါ်မှာ။
ကျွန်မတို့ အိမ်က နေ့စဉ်ဘဝရဲ့ ပြတိုက်တစ်ခု ဖြစ်လာခဲ့တယ်၊ ကျွန်မ တစ်ခါမှ တန်ဖိုးမထားခဲ့တဲ့ သေးငယ်တဲ့ အရာအားလုံးရဲ့ စုစည်းမှုတစ်ခု။
ကျွန်မ သူ့ဘက်ခြမ်း အိပ်ရာထဲ တွားသွားဝင်ပြီး သူ့ခေါင်းအုံးထဲ မျက်နှာကို မြှုပ်လိုက်တယ်။ ပြီးတော့ သူ့ကို ရှူရှိုက်လိုက်တယ်။ ဆပ်ပြာ၊ မုတ်ဆိတ်ရိတ်ခရင်မ်၊ ပြီးတော့ သူ့ရဲ့ အနံ့။ အဲဒီအချိန်မှာ ကျွန်မ နောက်ဆုံးတော့ ပြိုလဲသွားခဲ့တယ်။
ရက်အနည်းငယ်ကြာတော့ ရဲတွေက သူ့ရဲ့ ပစ္စည်းတွေကို ပိုးသတ်ထားတဲ့ ပလတ်စတစ်အိတ် ထဲ ထည့်ပြီး ပြန်လာခဲ့တယ်။ သူ့သော့တွေ။ သူ့မင်္ဂလာလက်စွပ်။ သူ့ဖုန်း။
ကျွန်မ တုန်နေတဲ့လက်တွေနဲ့ ဖုန်းကို အားသွင်း လိုက်တယ်။ ကျွန်မ ဘာကို ရှာဖွေနေမှန်း မသိဘူး။ နောက်ဆုံးဓာတ်ပုံတစ်ပုံ၊ မျက်နှာပြင်ပေါ်က သူ့နာမည်ကို တစ်ချက်မြင်ရဖို့။ တစ်ခုခု။ ဘာမဆို။
ဖုန်း အားပြန်ဝင်လာတဲ့အခါ စာတိုမက်ဆေ့ချ်တစ်ခု စောင့်နေခဲ့တယ်။
ကျွန်မဆီ ပို့တာ မဟုတ်ဘူး။
စာကြမ်း တစ်ခု၊ သူ့အဖေဆီ ပို့မလို့ သူရိုက်ထားတာ။
ကျွန်မခင်ပွန်းနဲ့ သူ့အဖေ စကားမပြောတာ ငါးနှစ်ရှိနေပြီ။ သူတို့ ရန်ဖြစ်ခဲ့ကြတယ်။ သတင်းတွေ၊ နိုင်ငံရေးတွေ၊ ရေရှည်မှာ အရေးမကြီးတဲ့ အရာတွေနဲ့ ပတ်သက်လို့။ နှစ်ဦးစလုံး မာနကြောင့် ဖုန်းချခဲ့ကြတာ။
ကျွန်မ မပို့ရသေးတဲ့ စာကို ဖွင့်လိုက်တယ်။
“ဖေဖေ။ သားတို့ စကားမပြောတာ သိပါတယ်။ အရမ်းကြာနေပြီ။ သမီးက သားကို ရူးအောင်လုပ်နေတယ်၊
အဖေ့ချွေးမကလည်း သားမကြိုက်တဲ့ အရွက်တွေ စားခိုင်းဖို့ ကြိုးစားနေတုန်းပဲ။ ဖေဖေ့ကို သတိရတယ်။ တနင်္ဂနွေမှာ သားလာလည်မယ်လေ။ ဘီယာ ယူလာခဲ့မယ်”
သူ ရေးခဲ့တယ်။ ဖတ်ခဲ့တယ်။
ပြီးတော့ အကြောင်းတစ်ခုခုကြောင့်
သူ အာရုံပျံ့သွားလို့ပဲ ဖြစ်ဖြစ်၊ အလုပ်များနေလို့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် မာန က သူ့ကို ဆွဲထားလို့ပဲ ဖြစ်ဖြစ် သူ တစ်ခါမှ "ပို့ရန်" ကို မနှိပ်လိုက်မိဘူး။
အဲဒီ မပြီးပြတ်သေးတဲ့ စာတို က ကျွန်မ ရင်ကို ထိုးခွဲလိုက်တယ်။
ရန်ဖြစ်ခဲ့တာ၊ တိတ်ဆိတ်နေခဲ့တာ၊ မာနကြီးခဲ့တဲ့ လတွေ၊ နှစ်တွေ အဲဒီအချိန်တုန်းက သူတို့ဟာ အရမ်းကြီးမားနေခဲ့တယ်။ အခုတော့ သူတို့ဟာ ထာဝရ အေးခဲသွားတဲ့ စကားပြောဆိုမှု တစ်ခု၊ ဆုံးရှုံးသွားတဲ့ အချိန်တွေသက်သက် ဖြစ်သွားခဲ့ပြီ။
ကျွန်မသာ နောက်ဆုံး သင်ခန်းစာတစ်ခု ရေးနိုင်မယ်ဆိုရင် "ကိုယ့်မှာ ရှိတာကို ကျေးဇူးတင်ပါ" ဆိုတာလောက်ပဲ မဟုတ်ပါဘူး။
အဲဒါက ဒီလိုဖြစ်ပါလိမ့်မယ်။
• စာတိုပို့လိုက်ပါ။
• ဖုန်းခေါ်ဆိုလိုက်ပါ။
• ကိုယ့်ကလေးက ကိုယ့်ကို စကားပြောတဲ့အခါ ဖုန်းချထားလိုက်ပါ။
• ကိုယ့်အိမ်ထောင်ဖက်က နမ်းပြီး နှုတ်ဆက်တဲ့အခါ လက်ပ်တော့ပ်ကနေ မော့ကြည့်လိုက်ပါ။
• အာဃာတကို လက်လွှတ်လိုက်ပါ။
• ကော်ဖီခွက်ကို ဆေးကြောထားပါ။
ဘယ်အနမ်းက နောက်ဆုံး ဖြစ်မလဲဆိုတာ ကိုယ်ဘယ်တော့မှ မသိနိုင်ဘူး။
ဘယ်အငြင်းအခုန် သေးသေးလေးက နောက်ဆုံးစကားတွေ ဖြစ်သွားမလဲဆိုတာ သင် ဘယ်တော့မှ မသိနိုင်ဘူး။
ဘယ်အပြုံး ဒါမှမဟုတ် အကြည့်ကို ကိုယ်ထပ်မမြင်ရတော့မလဲဆိုတာ ဘယ်တော့မှ မသိနိုင်ဘူး။
ကျွန်မတို့အားလုံးဟာ ကျွန်မတို့ရဲ့ ဘဝဇာတ်ကြောင်းကို စာမျက်နှာတစ်ရွက်ချင်း ရေးနေကြတာ၊ နောက်ဆုံးဝါကျက ဘယ်အချိန်ရောက်လာမလဲဆိုတာ ဘယ်တော့မှ မသိနိုင်ဘဲနဲ့ပေါ့။
ကျွန်မရဲ့ဇာတ်လမ်းက ၇ နာရီ ၄၂ မိနစ်မှာ၊ တံခါးကို ပိတ်လိုက်သံနဲ့ အဆုံးသတ်သွားခဲ့တယ်။
ကျေးဇူးပြုပြီး ရှင်တို့ရဲ့ ဇာတ်လမ်းကို မပို့ဖြစ်ခဲ့တဲ့ စာတို တစ်စောင်နဲ့ အဆုံးမသတ်ပါစေနဲ့။
#ဟမ်စိုင်း(ဆေး-မန်း)
(ဘာသာပြန်စာမူတစ်ပုဒ်ကို မှီးငြမ်းပါတယ်)