တံခါးကို ဖွင့်ပေးမည့်သူ
ကျွန်မရဲ့မြေးလေး Toby တစ်ယောက် ကျောင်းက ပစ္စည်းသိုလှောင်ခန်းကျဉ်းလေးထဲမှာ ထိုင်ပြီး နေ့လယ်စာစားနေတာကို ပထမဆုံး မြင်လိုက်ရတဲ့အချိန်မှာ ကျွန်မ ငိုမနေခဲ့ပါဘူး။ ငိုဖို့ထက် ဒေါသက ဦးသွားပြီး တစ်ခုခုလုပ်ဖို့ပဲ ဆုံးဖြတ်လိုက်မိတယ်။
အဲဒီနေ့က မြေးလေးအတွက် ရှူဆေးဘူးသွားပေးဖို့ ကျောင်းကို ရောက်သွားတာပါ။ ကျောင်းစာသောက်ဆိုင်ထဲမှာ ဆူညံပွက်လောရိုက်နေပေမယ့် Toby ကို အဲဒီမှာ မတွေ့ဘူး။ နောက်ဆုံးတော့ သူ့ကို ပစ္စည်းသိုလှောင်ခန်းထဲက ရေဆေးကန်ဘေးမှာ၊ ပုံးတစ်ပုံးပေါ်ထိုင်ပြီး ပျော့ဖတ်နေတဲ့ မြေပဲယိုဆန်းဝစ်ကို ဖြေစားနေတာ တွေ့လိုက်ရတယ်။ ကျောင်းသန့်ရှင်းရေးသမား Mr. Henderson ကတော့ သူ့ရှေ့က သေတ္တာခွံပေါ်မှာထိုင်ပြီး ကာတွန်းစာအုပ်တစ်အုပ်ကို အသံထွက်ဖတ်ပြနေရှာတယ်။
"အပြင်မှာ အရမ်းဆူတာပဲ အဖွားရယ်" လို့ Toby က တိုးတိုးလေးပြောတယ်။ သူ့ကို အပြင်ပြန်ထွက်ခိုင်းမှာ စိုးရိမ်နေတဲ့ ပုံစံမျိုးနဲ့ပေါ့။
အဲဒါ ၂၀၁၈ ခုနှစ်တုန်းကပါ။ ကျွန်မ အသက် ၆၄ နှစ်။ တကယ်ဆို အနားယူပြီး ပန်းပင်လေးတွေစိုက်၊ စုံထောက်ဝတ္ထုလေးတွေဖတ်ပြီး အေးအေးဆေးဆေး နေရမယ့်အရွယ်။ ဒါပေမဲ့ ကျွန်မကတော့ ကုန်ဈေးနှုန်းတွေ တက်နေတဲ့ ရပ်ကွက်ထဲက အခန်းကျဉ်းလေးမှာ ၁၀ နှစ်အရွယ် မြေးလေးတစ်ယောက်ကို ပင်စင်လစာလေးနဲ့ မနည်းရုန်းကန် ကျွေးမွေးနေရသူပါ။
ကျွန်မတို့ ပတ်ဝန်းကျင်မှာ အိမ်ဟောင်းလေးတွေနေရာမှာ ခေတ်မီအိမ်ကြီးတွေ အစားထိုးလာတယ်။ ကားလမ်းပေါ်မှာ ဈေးကြီးတဲ့ လျှပ်စစ်ကားတွေ ပြည့်လာတယ်။ ကုန်စုံဆိုင်တွေမှာ ဈေးပေါတဲ့ပစ္စည်းတွေ မရှိတော့ဘဲ ဈေးကြီးတဲ့ ကျန်းမာရေးအစားအစာတွေပဲ ရောင်းတော့တယ်။ ကျွန်မကတော့ "Toby ရဲ့ အဖွား" ပေါ့။ အရောင်လွင့်နေတဲ့ အပေါ်အင်္ကျီအဟောင်းကို ဝတ်ပြီး၊ စက်သံတဂျောက်ဂျောက်နဲ့ ၂၀၀၅ ခုနှစ်ထုတ် Ford Focus အစုတ်လေးကို မောင်းတဲ့ မိန်းမကြီးတစ်ယောက်ပေါ့။
နောက်တစ်ပတ်မှာ ကျွန်မ မိဘဆရာအသင်း (PTO) ထဲ ဝင်ခဲ့တယ်။ မုန့်ရောင်းပွဲတွေ လုပ်ရမယ် ထင်တာ၊ တကယ်တော့ မဟုတ်ခဲ့ဘူး။ အစည်းအဝေးတွေကို အင်္ဂါနေ့ မနက် ၁၀ နာရီမှာ လုပ်လေ့ရှိတယ်။ အလုပ်မလုပ်ဘဲ အားနေတဲ့ မိဘတွေပဲ တက်နိုင်တဲ့အချိန်ပေါ့။ အစည်းအဝေးခန်းထဲမှာ ဈေးကြီးတဲ့ ရေမွှေးနံ့တွေက ထုံမွှမ်းနေတယ်။ အမျိုးသမီးတွေ ဝတ်ထားတဲ့ အားကစားဝတ်စုံတစ်စုံရဲ့ တန်ဖိုးက ကျွန်မရဲ့ တစ်လစာ စားစရိတ်ထက်တောင် ပိုများဦးမယ်။
အသင်းဥက္ကဋ္ဌက Diane တဲ့။ သူမရဲ့ အပြုံးက မျက်လုံးအထိ မရောက်ဘူး။
"ကဲ... ရှင့်တို့ရေ၊ ၅ တန်း ကျောင်းသားတွေအတွက် 'နည်းပညာပေါင်းစပ်မှု' စီမံကိန်းအတွက် ဘတ်ဂျက်အတည်ပြုရပါမယ်။ ဂုဏ်ထူးဆောင်တန်းက ကလေးတွေအတွက် Tablet တွေနဲ့ ဆူညံသံကာကွယ်တဲ့ နားကြပ်တွေဝယ်ဖို့ တစ်မိသားစုကို ဒေါ်လာ ၁၅၀ မဖြစ်မနေ ထည့်ဝင်ရပါမယ်" လို့ Diane က ဆိုတယ်။
ကျွန်မ လက်ထောင်လိုက်တယ်။ အဆစ်အမြစ်ရောင်ရောဂါကြောင့် လက်က သိပ်တော့ အမြင့်ကြီး မရောက်ဘူး။
"နေဦးရှင်... တခြားအတန်းတွေကော။
ဂုဏ်ထူးဆောင်တန်း မဟုတ်တဲ့ ကလေးတွေကော နားကြပ်ရမှာလား”
အခန်းထဲမှာ တိတ်ဆိတ်သွားတယ်။ မေးခွန်းထုတ်တာကို မကျင့်သားရတဲ့ လူတွေရဲ့ အသက်ရှူကျပ်စရာ တိတ်ဆိတ်မှုမျိုးပေါ့။
"အိုး... Linda ရယ်" လို့ Diane က ကလေးတစ်ယောက်ကို ရှင်းပြသလို သက်ပြင်းချရင်း ပြောတယ်။ "သာမန်အတန်းတွေအတွက်က ကွန်ပျူတာလှည်းရှိသားပဲ။ အဲဒါနဲ့တင် လုံလောက်ပါတယ်။ ပြီးတော့ အဲဒီမိသားစု အတော်များများက အလှူငွေလည်း ထည့်ကြတာ မဟုတ်ဘူးလေ"
"ကလေး ၃၀ မှာ အကောင်းပကတိ လက်တော့ပ်က ၆ လုံးပဲ ရှိတာလေ။ ပြီးတော့ အလှူငွေဆိုတာ စေတနာအလျောက်ပဲ ဖြစ်ရမှာ။ အစိုးရကျောင်းဆိုတာ အလကားဖြစ်ရမယ် မဟုတ်ဘူးလား”လို့ ကျွန်မ ပြန်မေးလိုက်တယ်။
Diane က သူမရဲ့ ကော်ဖီကို တစ်ငုံသောက်ပြီး "ကျွန်မတို့ ကလေးတွေကို ထိပ်တန်းရောက်စေချင်လို့ပါ။ အကယ်၍ ရှင့်မှာ ငွေကြေးအခက်အခဲရှိရင် ဖောင် (Form) တစ်ခုကို ဒေါင်းလုဒ်ဆွဲ၊ ပရင့်ထုတ်၊ ရှေ့နေဆီမှာ လက်မှတ်ထိုးပြီးမှ ဘုတ်အဖွဲ့ဆီ တင်ပြပါ" တဲ့။
ဖောင်တစ်ခု...။ သူတို့အတွက်တော့ အဲဒါ စာရွက်စာတမ်းသက်သက်ပါ။ ဒါပေမဲ့ ကျွန်မလိုလူတွေ၊ Amazon ဂိုဒေါင်မှာ အလုပ်နှစ်ဆင်း ဆင်းနေရတဲ့ အဖေတွေ၊ စားသောက်ဆိုင်မှာ အချိန်ပိုဆင်းနေရတဲ့ အမေတွေအတွက်တော့ အဲဒါ "အရှက်တရား" ပါပဲ။ ကျွန်မတို့ကို ပါးစပ်ပိတ်ထားအောင် လုပ်ထားတဲ့ နည်းပညာတံတိုင်းကြီးပေါ့။
အဲဒီနောက်မှာ ကျွန်မအကြောင်း ကွယ်ရာမှာ အတင်းပြောလာကြတယ်။ "သူက လူရိုင်းကြီး"၊ "သူက နားမလည်ဘူး" တဲ့။ သူတို့ ကျွန်မဆီကို အစည်းအဝေးဖိတ်စာတွေ မပို့တော့ဘူး။ ဒါပေမဲ့ ကျွန်မကတော့ အမြဲတမ်း တက်တယ်။ အနောက်ဆုံးမှာထိုင်၊ ဈေးပေါတဲ့ ဖိနပ်ကိုစီးပြီး အရာအားအားလုံးကို မှတ်စုစာအုပ်ထဲမှာ ချရေးတယ်။
ကျွန်မ ပျော်လို့လုပ်နေတာ မဟုတ်ဘူး။ Toby အတွက်၊ ပြီးတော့ ဖိနပ်ကို တိပ်နဲ့ပတ်စီးနေရတဲ့ Maya လေးအတွက်၊ ပြီးတော့ အမေဖြစ်သူ အလုပ်သွားချိန် ညီမလေးကို တစ်ညလုံး ထိုင်ထိန်းနေရလို့ အတန်းထဲမှာ အိပ်ငိုက်နေတဲ့ Jason လေးအတွက် ကျွန်မ လုပ်နေတာပါ။
နောက်ဆုံးသည်းခံနိုင်စွမ်း ကုန်သွားတဲ့အချိန်ကတော့ မေလမှာ ကျင်းပမယ့် "နှစ်ကုန် ပျော်ပွဲရွှင်ပွဲ" အစီအစဉ်ပါပဲ။ အဲဒါက ကလေးတွေကို Trampoline Park (ခုန်ပေါက်ကစားကွင်း) ကို ပို့မယ့် ခရီးစဉ်ဖြစ်ပြီး တစ်ယောက်ကို ၄၅ ဒေါ်လာ ကျသင့်မယ်။
"ပိုက်ဆံမပေးနိုင်တဲ့ ကလေးတွေကျတော့ကော”လို့ ကျွန်မ မေးလိုက်တယ်။
Diane က သူမဖုန်းကို ကြည့်နေရာကနေ ခေါင်းတောင်မဖော်ဘူး။ "အို... သူတို့အတွက် အစီအစဉ်ရှိပါတယ်။ သူတို့က စာကြည့်တိုက်မှာ ကျန်ခဲ့မယ်။ Mr. Henderson က ရုပ်ရှင်ပြပေးလိမ့်မယ်။ သူတို့ စိတ်မကောင်းမဖြစ်အောင် ပေါက်ပေါက်ဆုပ်တွေ ကျွေးမှာပေါ့"
စိတ်မကောင်းမဖြစ်အောင်တဲ့လား...။
၁၀ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ နေရာမှာ ဝင်ကြည့်ပေးပါ။ သူငယ်ချင်းတွေက ကားပေါ်မှာ ရယ်မောပြီး လက်ပတ်လေးတွေ ဝှေ့ယမ်းပြပြီး ထွက်သွားချိန်မှာ၊ မိမိကတော့ "အဖွားမှာ ပိုက်ဆံမရှိလို့" ဆိုတဲ့ အကြောင်းပြချက်နဲ့ ကြည့်ဖူးပြီးသား DVD ဟောင်းကြီးကို ထိုင်ကြည့်ဖို့ ကျန်ရစ်ခဲ့ရတဲ့ ခံစားချက်ကို။
ကျွန်မ မတ်တတ်ရပ်လိုက်တယ်။
"မရဘူး”
"ရှင်”Diane က မျက်လုံးပြူးသွားတယ်။
"မရဘူး" လို့ ကျွန်မ အသံကို မြှင့်ပြီး ထပ်ပြောလိုက်တယ်။ "ရှင်တို့ ဒီကလေးတွေကို ထားခဲ့လို့ မရဘူး။ PTO ရဲ့ ဘဏ်ထဲမှာ ယောဂဖျာဝယ်ဖို့ ဒေါ်လာ တစ်သောင်းတောင် ရှိနေရင်၊ ပိုက်ဆံမတတ်နိုင်တဲ့ ကလေး ၁၂ ယောက်အတွက် ရှင်တို့ စိုက်ထုတ်ပေးနိုင်ရမယ်"
"ဒါက ဘတ်ဂျက်ထဲမှာ မရှိဘူး Linda။ ပြီးတော့ ပိုက်ဆံအပြည့်ပေးတဲ့ မိဘတွေအတွက်လည်း မတရားဘူး"
"မတရားဘူး”ကျွန်မ ရယ်လိုက်မိတယ်။ "ရှင်က တရားမျှတမှုအကြောင်း ပြောချင်တာလား။တရားမျှတမှုဆိုတာ ကလေးတိုင်းကို ဒီကျောင်းရဲ့ အစိတ်အပိုင်းတစ်ခုလို့ ခံစားရအောင် လုပ်ပေးတာကို ခေါ်တာ။ ရှင်တို့က မိဘတွေရဲ့ ဘဏ်စာအုပ်ကြောင့် ကလေးတွေကို အပြစ်ပေးနေတာ"
"ရှင်မကြိုက်ရင် ထွက်သွားနိုင်တယ်" လို့ Diane က အေးစက်စက် ပြောတယ်။
ဒါနဲ့ ကျွန်မ ထွက်လာခဲ့တယ်။ ကျောင်းကနေ ထွက်ထွက်ချင်း ဘဏ်ကို သွားတယ်။ ကားပျက်ရင် သုံးဖို့ စုထားတဲ့ ဒေါ်လာ ၃၀၀ ကို အကုန်ထုတ်လိုက်တယ်။ ပြီးတော့ ဈေးပေါတဲ့ ဆိုင်ကိုသွားပြီး ရေပူပေါင်းတွေ၊ မြေဖြူတွေ၊ ပန်းချီဆွဲတဲ့ ပစ္စည်းတွေ ဝယ်ခဲ့တယ်။ ဟော့ဒေါ့ အချောင်း ၄၀ နဲ့ မီးသွေးတွေ ဝယ်ခဲ့တယ်။ အိမ်က ပရင်တာအစုတ်လေးနဲ့ လက်ကမ်းစာစောင်လေးတွေ ရိုက်လိုက်တယ်။
"ကလေးတိုင်းအတွက် အိမ်နောက်ဖေး ပျော်ပွဲရွှင်ပွဲ။ အခမဲ့။ လူတိုင်း လာခဲ့ပါ။ ပိုက်ဆံ တစ်ပြားမှ မလိုပါ"
ကျောင်းက ကလေးတွေ ကားကြီးနဲ့ ထွက်သွားတဲ့နေ့မှာ ကလေး ၁၂ ယောက်က ကျွန်မရဲ့ ခြံဝင်းလေးထဲ ရောက်လာကြတယ်။ ကျွန်မတို့ဆီမှာ ခုန်ပေါက်ကစားကွင်းကြီးတွေ မရှိဘူး။ ဒါပေမဲ့ ရေပိုက်နဲ့ ချိတ်ထားတဲ့ ရေပန်းရှိတယ်။ ဗီဒီယိုဂိမ်းတွေ မရှိပေမယ့် တစ်နာရီကြာအောင် ပျော်စရာကောင်းတဲ့ ရေပူပေါင်းတိုက်ပွဲ ရှိတယ်။ ကျွန်မတို့ ဟော့ဒေါ့တွေကို အဝကျွေးတယ်။ ကျောင်းသန့်ရှင်းရေးသမား Mr. Henderson တောင် သူ့ရဲ့ နားချိန်မှာ ဂစ်တာတစ်လုံးနဲ့ ရောက်လာပြီး ကလေးတွေကို သီချင်းတွေ သင်ပေးသေးတယ်။
အဲဒီနေ့က Toby တကယ့်ကို ပြုံးနိုင်ခဲ့တယ်။ ကျောင်းမှာ ပြုံးနေကျ အားနာသလို၊ ကြောက်သလို အပြုံးမျိုး မဟုတ်ဘူး။ အဲဒီ ၆ နာရီအတွင်းမှာ အဲဒီကလေးတွေဟာ "ဆင်းရဲတဲ့ကလေး" တွေ မဟုတ်ခဲ့ဘူး။ သူတို့ဟာ ကလေးစစ်စစ်တွေပဲ ဖြစ်ခဲ့ကြတယ်။
ညကျတော့ ပန်းကန်တွေ သိမ်းနေတုန်း Toby က ကျွန်မကို ကြည့်ပြီး ပြောတယ်။ "အဖွား... ဒီနေ့က ဟိုကစားကွင်းထက် ပိုပျော်ဖို့ ကောင်းတယ်နော်"
"မြေးက ဘယ်လိုသိလဲ။မသွားဖူးဘဲနဲ့" လို့ ကျွန်မ မေးလိုက်တော့ သူက ပြန်ပြောတယ်။
"ဘာလို့လဲဆိုတော့... ဘယ်သူကမှ ကျွန်တော်တို့ကို ဒီနေရာနဲ့ မတန်သလိုမျိုး ကြည့်မနေကြလို့ပဲ"
အဲဒီစကားက ကျွန်မရဲ့ နှလုံးသားကို တစ်ပြိုင်နက်တည်းမှာပဲ ကွဲကြေစေသလို၊ ပြန်လည် ကုသပေးလိုက်သလိုပါပဲ။
အခုဆို Toby က အသက် ၂၂ နှစ်ရှိပြီ။ ကောလိပ်ဘွဲ့ ရခဲ့ပြီ။ မြို့ထဲက ကျောင်းတစ်ကျောင်းမှာ ကျောင်းသား အကြံပေးပုဂ္ဂိုလ်အဖြစ် အလုပ်ဝင်နေပြီ။ သူ့ရဲ့ စားပွဲခုံထဲမှာ ဗိုက်ဆာတဲ့ ကလေးတွေအတွက် မုန့်တွေ အမြဲဆောင်ထားတတ်သလို၊ နေ့တိုင်း ကျောင်းစာသောက်ဆိုင်မှာ တစ်ယောက်တည်း ဖြစ်နေတဲ့ ကလေးတွေနဲ့အတူ ထိုင်ပြီး စားလေ့ရှိတယ်။
သူ ကျွန်မကို တစ်ခါက ပြောဖူးတယ်... "အဖွား... စားပွဲအကြီးကြီးမှာ နေရာမရလည်း ပျော်စရာကောင်းတဲ့ ထမင်းဝိုင်းတစ်ခု ဖန်တီးလို့ရတယ်ဆိုတာ အဖွား ကျွန်တော့်ကို သင်ပေးခဲ့တာပါ။ ကိုယ့်စားပွဲကိုယ် တည်ဆောက်တတ်ဖို့ပဲ လိုတာပါ" တဲ့။
ပြီးခဲ့တဲ့ အပတ်က ဆေးဆိုင်မှာ Diane နဲ့ ဆုံခဲ့တယ်။ အချိန်ဆိုတာ အရာအားလုံးကို တန်းတူဖြစ်စေပါတယ်။ သူမလည်း အိုမင်းနေပြီ။ သူမက ကျွန်မဝယ်နေကျ ဈေးပေါတဲ့ သွေးတိုးကျဆေးကို ဝယ်နေတာ တွေ့လိုက်ရတယ်။ ကျွန်မ သူမကို ကျော်သွားမလို့ လုပ်ပေမယ့် သူမက လှမ်းခေါ်တယ်။ "Linda လား”
ကျွန်မ ခေါင်းငြိမ့်ပြလိုက်တယ်။
သူမက သူမရဲ့ ဈေးဝယ်လှည်းကို ငုံ့ကြည့်ပြီး ပြောရှာတယ်... "Toby အကြောင်း သတင်းစာထဲမှာ တွေ့တယ်၊ သူ တော်တော်တော်တာပဲ"
"သူက လူကောင်းတစ်ယောက်ပါ" လို့ ကျွန်မ ပြန်ပြောလိုက်တယ်။
Diane တုံ့ဆိုင်းနေပြီး... "အဲဒီတုန်းကပေါ့ Linda ရယ်... ကျွန်မက ကျောင်းရဲ့ အဆင့်အတန်းကို ကာကွယ်နေတယ် ထင်တာ။ ရှင်ပြောတာတွေကို ဆူညံသံတွေလို့ပဲ သတ်မှတ်ခဲ့မိတယ်။ အခု ကျွန်မသမီးက ကျွန်မကို စကားတောင် သိပ်မပြောတော့ဘူး။ သူက ပြောတယ်... အမေက လူတွေရဲ့ ခံစားချက်ထက် အပေါ်ယံ အလှအပကိုပဲ ပိုဂရုစိုက်ခဲ့တာတဲ့။ ကျွန်မ အဲဒီအစည်းအဝေးတွေကို ပြန်စဉ်းစားမိတိုင်း... ရှင်တစ်ယောက်ပဲ ကလေးတွေကို တကယ် မြင်ခဲ့တာလို့ သိလိုက်ရတယ်"
သူမ ခွင့်လွှတ်ဖို့ မတောင်းပန်ဘူး။ ကျွန်မလည်း မခွင့်လွှတ်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မရဲ့ Ford Focus အစုတ်လေးဆီ လမ်းလျှောက်သွားတဲ့အခါ ကျွန်မရဲ့ စိတ်တွေ ပေါ့ပါးနေခဲ့တယ်။
ကျွန်မတို့ နေထိုင်တဲ့ ကမ္ဘာကြီးက လူတွေကို တံဆိပ်ကပ်ရတာ ဝါသနာပါကြတယ်။ ရှင်က အမှန်တရားကို ပြောရင် "ရန်လိုသူ" ဖြစ်မယ်။ ရှင်က ဆင်းရဲရင် "ပျင်းသူ" ဖြစ်မယ်။ စနစ်ကို စိန်ခေါ်ရင် "ပြဿနာရှာသူ" ဖြစ်မယ်။
ဒါပေမဲ့ ကျွန်မ တစ်ခုပြောပြမယ်... အဖွားအိုတစ်ယောက်အနေနဲ့ ပြောပြတာပါ။ ပြဿနာရှာသူသာ ဖြစ်လိုက်ပါ။ "ခက်ခဲတဲ့သူ" သာ ဖြစ်လိုက်ပါ။ လူတိုင်း ကော်ဖီသောက်ပြီး ငြိမ်နေချိန်မှာ အဆင်မပြေတဲ့ မေးခွန်းတွေကို မေးဝံ့တဲ့သူ ဖြစ်လိုက်ပါ။
ဘာလို့လဲဆိုတော့ အခုအချိန်မှာလည်း ကျောင်းရဲ့ တစ်နေရာရာမှာ၊ ပစ္စည်းသိုလှောင်ခန်းထဲမှာ၊ ဒါမှမဟုတ် ကစားကွင်းရဲ့ ထောင့်တစ်နေရာမှာ ကမ္ဘာကြီးက အရမ်းဆူညံပြီး ကုန်ကျစရိတ်တွေ များလွန်းနေလို့ ပုံးတစ်ပုံးပေါ်မှာ ထိုင်နေရတဲ့ ကလေးတစ်ယောက် ရှိနေနိုင်လို့ပါပဲ။
သူတို့တွေဟာ တံခါးကို တစ်စုံတစ်ယောက် လာဖွင့်ပေးမှာကို စောင့်နေကြတာပါ။ ခွင့်ပြုချက်ကို စောင့်မနေပါနဲ့။ ဘတ်ဂျက်ကျလာမှာကို စောင့်မနေပါနဲ့။ အဝတ်အစားကောင်းကောင်းတွေ၊ ကားကောင်းကောင်းတွေ ရှိလာမှ လုပ်မယ်လို့ မတွေးပါနဲ့။
တံခါးကိုသာ ဖွင့်ပေးလိုက်ပါ။
ရှင့်ရဲ့ လက်တွေ တုန်ယင်နေရင်တောင်မှပေါ့။ အဲဒီလို တုန်ယင်နေတဲ့ အချိန်မျိုးမှာ ပိုပြီးတော့တောင် ဖွင့်
ပေးလိုက်ပါဦး။
#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန် Daily Stories မှ