ကြယ်စင်တွေကို စားခွင့်ရခဲ့တဲ့ည

 ကြယ်စင်တွေကို စားခွင့်ရခဲ့တဲ့ည

မနေ့က ကျွန်တော် ငိုနေတဲ့ မိခင်တစ်ယောက်ကို လိမ်ညာခဲ့တယ်။ သူမရဲ့ မျက်လုံးတွေကို စေ့စေ့ကြည့်ပြီး၊ လုံးဝမတုန်မလှုပ်ဘဲ အတည်ပေါက်ကြီး လိမ်ခဲ့တာပါ။ ဒါပေမဲ့ ဒါဟာ ကျွန်တော့်ရဲ့ လုပ်ငန်းသက်တမ်း အနှစ် ၄၀ အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် အဂုဏ်ယူရဆုံး အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။

ကျွန်တော့်ရဲ့ “The Daily Crust” မုန့်တိုက်တံခါးဝက ခေါင်းလောင်းသံဟာ ပုံမှန်ဆိုရင်တော့ မနက်ခင်း အလုပ်သွားသူတွေရဲ့ အလျင်စလို ခြေသံတွေနဲ့အတူ ဆူညံနေတတ်တာပါ။ ဒါပေမဲ့ မနေ့က ညနေ ၃ နာရီလောက်မှာ မြည်လိုက်တဲ့ အသံကတော့ တစ်မျိုး... တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ အားနာသံ ပါနေသလိုပဲ။

ဂျုံနယ်နေရာကနေ မော့ကြည့်လိုက်တော့ နိုဝင်ဘာလရဲ့ မိုးအေးအေးအောက်မှာ တုန်တုန်ရီရီ ရပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ရတယ်။ သူမ ဝတ်ထားတာက ဆေးရုံအကူတွေ ဝတ်လေ့ရှိတဲ့ အပြာနုရောင် ယူနီဖောင်း။ ဒီနိုင်ငံမှာ လုပ်ခလစာ အနည်းဆုံးနဲ့ အပင်ပန်းဆုံး အလုပ်လုပ်ရပြီး အသိအမှတ်ပြုမှု အနည်းဆုံး ခံရတဲ့သူတွေထဲက တစ်ယောက်ပေါ့။ သူမရဲ့ ဖိနပ်ဖနောင့်တွေက ပါးလွှာနေပြီး၊ ကမန်းကတန်း စည်းထားတဲ့ ဆံပင်ပုံစံက “Double Shift” ဆင်းလာရမှန်း သိသာနေတယ်။

သူမရဲ့ ခြေထောက်နောက်မှာတော့ အသက် ၆ နှစ်၊ ၇ နှစ်အရွယ် မိန်းကလေးငယ်လေး တစ်ယောက် ပုန်းနေတယ်။ ကောင်မလေးရဲ့ မျက်လုံးတွေက တစ်ခုခုကို စောင့်မျှော်နေသလို တောက်ပနေပြီး သူမဝတ်ထားတဲ့ အင်္ကျီက လက်ကောက်ဝတ်နဲ့စာရင် သေးလွန်းနေပြီ။

သူတို့နှစ်ယောက် မုန့်ပြဗီရိုဆီ လျှောက်လာကြတယ်။ သူတို့ကြည့်နေတာက သာမန်ပေါင်မုန့်တွေ မဟုတ်ဘူး။ အပေါ်ဆုံးထပ်က “Galaxy Cake” ကိုပါ။

အခုနောက်ပိုင်း ကုန်ကြမ်းစျေးနှုန်းတွေ အဆမတန် တက်လာတာကြောင့် ကျွန်တော်တို့ ကိတ်မုန့်အော်ဒါ အထူးအဆန်းတွေ သိပ်မလုပ်ဖြစ်တော့ဘူး။ ထောပတ်၊ ဗနီလာ၊ ဂျုံမှုန့် အစစအရာရာ စျေးနှစ်ဆ တက်နေတာလေ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ မုန့်ဖုတ်ဆရာ မားကိုးက စိတ်ကူးပေါက်တာနဲ့ ဒီ အလွှာသုံးလွှာပါတဲ့ ချောကလက်ကိတ်ကို ဖန်တီးခဲ့တာ။ အပြာရောင်နဲ့ ခရမ်းရောင် ခရင်မ်တွေကြားမှာ စားလို့ရတဲ့ ငွေရောင်ကြယ်ပွင့်လေးတွေ ဖြူးထားတဲ့ အဲ့ဒီကိတ်မုန့်ဟာ တကယ့်ကို အနုပညာလက်ရာတစ်ခုပဲ။

စျေးနှုန်းက ၈၅ ဒေါ်လာ။ ဒီလို ခေတ်ပျက်ကြီးထဲမှာ အဲ့ဒီပိုက်ဆံဟာ အိမ်တစ်အိမ်ရဲ့ မီးဖိုး၊ ရေဖိုး ဒါမှမဟုတ် ကားဆီ တစ်တိုင်ကီခွဲစာလောက် ရှိပါတယ်။

ကောင်မလေးက မှန်ဗီရိုမှာ မျက်နှာကပ်ပြီး အသက်ရှူလိုက်တာကြောင့် မှန်မှာ ငွေ့ရည်လေးတွေ ဝေသွားတယ်။ “မေမေ... ဟိုမှာကြည့်၊ ကြယ်လေးတွေ” လို့ သူမက တိုးတိုးလေး ရေရွတ်တယ်။

အမေဖြစ်သူက ပြုံးပြပေမဲ့ အဲ့ဒီအပြုံးက စိုးရိမ်ပူပန်မှုကို အတင်းဖုံးကွယ်ထားရတဲ့ မိဘတွေရဲ့ ခါးသီးတဲ့ အပြုံးမျိုးပါ။ သူမက သမီးလေးနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး “လှတယ်နော် မာယာ၊ တကယ့်ကို လှတယ်” လို့ ပြောရှာတယ်။

“ဒါ သမီး မွေးနေ့အတွက်လားဟင်” လို့ ကောင်မလေးက မေးတယ်။ သူမရဲ့ အသံထဲမှာ မျှော်လင့်ချက်တွေ အပြည့်ပါနေတာကြောင့် နားထောင်ရတာ ကျွန်တော့် ရင်ထဲမှာတောင် အောင့်သွားတယ်။

အမေဖြစ်သူက မတ်တပ်ရပ်ပြီး အိတ်ကို ဖွင့်လိုက်တယ်။ သူမရဲ့ လက်တွေက တစ်နေ့ကို အကြိမ်ရာချီ ဆေးကြောထားရလို့ နီမြန်းပြီး ပတ်ကြားအက်နေတာကို ကျွန်တော် မြင်နေရတယ်။ သူမက ပိုက်ဆံအိတ်အဟောင်းလေးကို ထုတ်လိုက်တယ်။

ကျွန်တော်က ချောင်းကြည့်နေတာ မဟုတ်ပေမဲ့ ငွေကိုင်လုပ်လာတဲ့ သက်တမ်းတစ်လျှောက် လူတွေရဲ့ အမူအရာကို ဖတ်တတ်နေပါပြီ။ သူမက ငွေစက္ကူအကြီးတွေကို ရှာနေတာ မဟုတ်ဘဲ တစ်ဒေါ်လာတန်လေးတွေကို ကျစ်ကျစ်ပါအောင် ရေတွက်နေတာ။ အကြွေစေ့အိတ်ထဲကိုပါ နှိုက်ပြီး ရေတွက်တယ်။ တစ်ခါ... ပြီးတော့ အသက်ပြင်းပြင်းရှူပြီး နောက်တစ်ခါ ထပ်ရေတွက်တယ်။ အဖြေက ပြောင်းလဲသွားနိုးနဲ့ပေါ့။

ဒါပေမဲ့ အဖြေက မပြောင်းလဲခဲ့ပါဘူး။

သူမ သမီးလေးနား ပြန်ထိုင်လိုက်တယ်။ သူမအသံက အနည်းငယ် တုန်ယင်နေတာကို မိခင်တစ်ယောက် ဒါမှမဟုတ် အကဲခတ်ကောင်းတဲ့ မုန့်ဖုတ်သမားတစ်ယောက်ပဲ သတိထားမိမှာပါ။

“သမီးလေး... အဲ့ဒီကိတ်မုန့်ကလေ... အဲ့ဒါက လူတွေကို ပြဖို့ပဲထားတာ။ စားလို့မရဘူး။ ပလတ်စတစ်နဲ့ လုပ်ထားတာ။ ကြည့်စဥ်း၊ အရမ်းပြောင်နေတယ် မဟုတ်လား”

အဲ့ဒီအလိမ်အညာက အရမ်းသိသာလွန်းပေမဲ့ ဒါဟာ သူမအတွက်တော့ မတတ်သာလို့ ရွေးချယ်လိုက်ရတဲ့ နည်းလမ်းပဲ။

ကောင်မလေးက ဂျီမကျဘူး၊ အော်ဟစ်ငိုယိုခြင်းလည်း မရှိဘူး။ ဘဝရဲ့ ခက်ခဲမှုကို နားလည်နေတဲ့ ကလေးတစ်ယောက်ဟာ အရာရာကို အတင်းအကျပ် မတောင်းဆိုတတ်တော့ဘူးဆိုတာ ဒါကိုကြည့်ရင် သိနိုင်ပါတယ်။ သူမက ခေါင်းလေးညိတ်ပြီး ပုခုံးလေးတွေ တွဲကျသွားတယ်။ မျက်လုံးထဲက အရောင်လေးတွေ ခဏတာ မှိန်ဖျော့သွားတယ်။

“ဟုတ်ကဲ့ မေမေ... ဒါဆို သမီးတို့ ကွတ်ကီးလေးပဲ ဝယ်ရအောင်နော်”

“ရတာပေါ့ သမီးရဲ့” လို့ အမေဖြစ်သူက စိတ်သက်သာရာရစွာနဲ့ ပြောတယ်။ “သမီးကြိုက်တဲ့ ဆေးရောင်စုံ ကွတ်ကီးလေး ဝယ်ကြစို့”

ကွတ်ကီးက ၃ ဒေါ်လာပါ။ အမေဖြစ်သူက တွန့်ကြေနေတဲ့ တစ်ဒေါ်လာတန် လေးရွက်နဲ့ ပေးချေတယ်။ သူမ ကြည့်ရတာ အရမ်းကို နွမ်းနယ်နေသလို ရှက်လည်းရှက်နေပုံရတယ်။

ကျွန်တော့်ရင်ထဲမှာ တစစီ ကြေကွဲသွားတယ်။ ၈၅ ဒေါ်လာတန် ကိတ်မုန့်ကို လှမ်းကြည့်လိုက်တယ်။ မနက်ဖြန်အထိ မရောင်းရရင် ဒါက ခြောက်သွေ့သွားတော့မှာ။ ဒါပေမဲ့ အဲ့ဒါက အဓိကမဟုတ်ဘူး။ အဓိကကတော့ ကျွန်တော်တို့လို ချမ်းသာတဲ့ နိုင်ငံမှာ အလုပ်ကို အပင်ပန်းခံ လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကုန်စျေးနှုန်းတွေကြောင့် သမီးဖြစ်သူကို မွေးနေ့ကိတ်နဲ့ ပတ်သက်ပြီး လိမ်ပြောနေရတာဟာ မဖြစ်သင့်တဲ့ အရာပါ။

ကျွန်တော် ဂျုံမှုန့်တွေပေနေတဲ့ လက်ကို ခါးစည်းဝတ်စုံနဲ့ သုတ်ပြီး ကောင်တာအပြင်ဘက်ကို ထွက်လာခဲ့တယ်။

“နေပါဦး အစ်မ” လို့ သူတို့ တံခါးနားရောက်ခါနီးမှာ ကျွန်တော် လှမ်းခေါ်လိုက်တယ်။

သူမ တုန့်ကနဲ ရပ်သွားပြီး ထိတ်လန့်တကြား လှည့်ကြည့်တယ်။ “ရှင်... ကျွန်မ ပိုက်ဆံပေးတာ လိုသွားလို့လား”

“မဟုတ်ပါဘူး” လို့ ကျွန်တော် လက်ကာပြလိုက်ပြီး သရုပ်ဆောင်ကောင်း တစ်ယောက်လို မျက်နှာပေးမျိုး လုပ်လိုက်တယ်။ “အစ်မတို့ ဝင်လာတာ တော်သေးတာပေါ့။ အစ်မက မစ္စတာ မေလာ (Miller) ဆီက ကိတ်မုန့်လာယူတာလား”

သူမ ဇဝေဇဝါ ဖြစ်သွားတယ်။ “မေလာ။ မဟုတ်ပါဘူး၊ ကျွန်မနာမည် ဆာရာ ပါ”

ကျွန်တော်က တကယ့်ကို စိတ်ပျက်သွားတဲ့ပုံစံနဲ့ လက်ကို တောက်တစ်ချက်ခေါက်လိုက်တယ်။ “ဟာ... ဒုက္ခပါပဲ။ ကျွန်တော့်မှာ ပြဿနာအကြီးကြီး တက်နေလို့ ဆာရာ၊ အစ်မ ကျွန်တော့်ကို ကူညီနိုင်မလားလို့”

ကျွန်တော် ဗီရိုထဲကနေ Galaxy Cake ကို အပြင်ထုတ်လိုက်တယ်။

“ဒီမှာကြည့်ပါဦး” လို့ ကျွန်တော် ပြောလိုက်တယ်။ “ဒီကိတ်ကို မစ္စတာ မေလာ ဆိုတဲ့သူက ဒီမနက်ပွဲအတွက် အထူးမှာထားတာ။ စရန်ငွေတော့ ပေးထားတယ်၊ ဒါပေမဲ့ လူပေါ်မလာဘူး။ တစ်နေ့လုံး ဖုန်းဆက်တာလည်း စက်ပိတ်ထားတယ်”

ဆာရာက သမီးလေးရဲ့ လက်ကို ဆုပ်ကိုင်ရင်း ကျွန်တော့်ကို ငေးကြည့်နေတယ်။

“ဖြစ်ချင်တော့ ကျွန်တော် နောက်တစ်နာရီဆို ဆိုင်ပိတ်တော့မယ်။ မနက်ဖြန်က ပစ္စည်းစာရင်းစစ်မှာမို့ ဆိုင်ပိတ်တယ်လေ။ ကျန်းမာရေး စည်းကမ်းချက်အရ ဒီလို ခရင်မ်တွေပါတဲ့ ကိတ်ကို ပိတ်ရက်မှာ သိမ်းထားလို့ မရဘူး။ နောက် ၄၅ မိနစ်နေရင် ကျွန်တော် ဒါကို အမှိုက်ပုံးထဲ ပစ်ရတော့မှာ”

ကျွန်တော် ကောင်မလေးကို မျက်စိတစ်ဖက် မှိတ်ပြလိုက်တယ်။ “ပြီးတော့ ကျွန်တော်က အစားအသောက် လေလွင့်တာကို သိပ်မုန်းတာ။ ချောကလက်တွေကို လွှင့်ပစ်တယ်ဆိုတာ ငရဲကြီးစရာပဲ မဟုတ်လား”

ကောင်မလေးက တခိခိ ရယ်တယ်။ “ဟုတ်တယ်”

ကျွန်တော် အမေဖြစ်သူဘက် ပြန်လှည့်လိုက်တယ်။ “ဆာရာ... ကျွန်တော့်ကို ကူညီတဲ့အနေနဲ့ ဒီကိတ်မုန့်ကို ယူသွားပေးလို့ ရမလား။ ဒါမှ ကျွန်တော်လည်း လွှင့်ပစ်ရတဲ့ အပြစ်ကနေ ကင်းဝေးမှာ။ ပိုက်ဆံပေးစရာ မလိုပါဘူး။ အစ်မက ကျွန်တော့်ကို ကူညီတာပဲလေ”

ဆိုင်ထဲမှာ ခဏတာ တိတ်ဆိတ်သွားတယ်။ ရေခဲသေတ္တာ စက်သံက ပိုကျယ်လာသလိုပဲ။

ဆာရာက ကိတ်မုန့်ကို ကြည့်တယ်၊ ပြီးတော့ ကျွန်တော့်ကို ကြည့်တယ်။ သူမက လူအ မဟုတ်ပါဘူး။ ကျွန်တော် ဘာလုပ်နေလဲဆိုတာ သူမ အတိအကျ သိပါတယ်။ သူမရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ဝေ့တက်လာတယ်။ ပင်ပန်းနွမ်းနယ်မှုတွေကြားကနေ မျက်ရည်တွေဟာ ပါးပြင်ပေါ် စီးကျလာတယ်။ သူမ ကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး အိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်နေရတဲ့သူတစ်ယောက်အတွက် အလကားပေးတဲ့ အကူအညီကို လက်ခံဖို့ဆိုတာ ခက်ခဲတဲ့အရာပါ။

ဒါပေမဲ့ သူမက မာယာလေးကို ငုံ့ကြည့်လိုက်တဲ့အခါမှာတော့... မာယာလေးက ငွေရောင်ကြယ်ပွင့်လေးတွေကို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေတယ်။

ဆာရာက ကျွန်တော့်ကို ပြန်ကြည့်ပြီး ခေါင်းညိတ်ပြတယ်။ သူမအသံက တိုးလွန်းလို့ မနည်းနားထောင်ရတယ်။ “ကျွန်မတို့ ကူညီပေးနိုင်ပါတယ်... ကျေးဇူးတင်ပါတယ်ရှင်”

ကျွန်တော် ကိတ်မုန့်ကို ဘူးထဲထည့်၊ ဖယောင်းတိုင်တွေပါ ထည့်ပေးပြီး သူတို့ကို တံခါးဝအထိ လိုက်ပို့ပေးခဲ့တယ်။

“ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ မာယာ” လို့ ကျွန်တော် နှုတ်ဆက်လိုက်တယ်။

“ကျေးဇူးတင်ပါတယ် ဦးဦး” လို့ သူမက ပြုံးရွှင်စွာ ပြန်ပြောတယ်။

သူတို့ ထွက်သွားတဲ့အခါ တံခါးက ခေါင်းလောင်းသံက နောက်တစ်ကြိမ် မြည်လာတယ်။ ဒီတစ်ခါတော့ အသံက အရမ်းကို သာယာနေသလိုပဲ။

ကျွန်တော် ရုံးခန်းထဲပြန်သွားပြီး စာရင်းအုပ်ကို ဖွင့်လိုက်တယ်။ Galaxy Cake ရောင်းရတဲ့ စာရင်းနေရာမှာ မျဉ်းတစ်ကြောင်း ပိတ်လိုက်တယ်။ ပုံမှန်ဆိုရင် “သက်တမ်းကုန်” လို့ ရေးရမယ့် မှတ်ချက်နေရာမှာ ကျွန်တော် ဒီလိုရေးလိုက်တယ် ။


"ပျက်စီးသွားသဖြင့် အရှုံးစာရင်းသွင်းလိုက်သည်။"


စာရင်းအုပ်ကို ပိတ်လိုက်တယ်။ ဒါဟာ ကျွန်တော့်ဘဝမှာ အကောင်းဆုံး အရှုံးစာရင်းပါပဲ။

ကျွန်တော်တို့ဟာ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းနေကြရတာပါ။ သင့်ပတ်ဝန်းကျင်က လူတွေဟာ သင်မမြင်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ရုန်းကန်နေကြရပါတယ်။ အကယ်၍ သင်ဟာ တစ်စုံတစ်ယောက်အတွက် တံခါးလေး တစ်ချပ်လောက် ဖွင့်ပေးနိုင်စွမ်း ရှိတယ်ဆိုရင် လုပ်ပေးလိုက်ပါ။ သူတို့ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေဘဲ သူတို့ရဲ့ ဝန်ထုတ်ဝန်ပိုးကို လျှော့ချပေးနိုင်မယ်ဆိုရင် လုပ်ပေးလိုက်ပါ။

ကိတ်မုန့်တစ်လုံးက ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ညတာအတွက်တော့ ကောင်မလေးတစ်ယောက် ကြယ်စင်တွေကို စားခွင့်ရခဲ့သလို၊ အမေဖြစ်သူလည်း အသက်ဝဝ ရှူခွင့်ရခဲ့ပါတယ်။

ဒါဟာ ပြန်မရနိုင်တော့တဲ့ ၈၅ ဒေါ်လာထက် အဆပေါင်းများစွာ ပိုတန်ဖိုးရှိပါတယ်။


#ဟမ်စိုင်း(ဆေး-မန်း) 

ဘာသာပြန် Daily Stories မှ