ရိုးသားစွာကြိုးစားကြသူများ

 ရိုးသားစွာကြိုးစားကြသူများ

------------------------------

“မေမေ … ကျောင်းက ကျောင်းလခတောင်းနေပြီ။ မနက်ဖြန် နောက်ဆုံးပဲတဲ့။ မနက်ဖြန်မှ မပေးနိုင်ရင် မိဘခေါ်လာခဲ့လို့ပြောခိုင်းလိုက်တယ်။ သမီးတော့ လူကြားထဲမှာ ဒီလိုအပြောခံရတာ ရှက်လိုက်တာ မေမေရယ်”

“ဟုတ်လား သမီးလေးရယ် … ဖြစ်ရလေ။ သမီးဖေဖေ ပြန်လာတော့ မေမေပြောလိုက်မယ်နော်။ ရေမိုးချိုး ထမင်းစားပြီး ကျောင်းစာလုပ် ဟုတ်လား”

သမီးလေးက အခန်းထဲဝင်သွားသည်။

မကြည်ပြာတစ်ယောက် သောကရောက်နေသည်။ ယနေ့ သူတို့အိမ်ထောင်သက် ၂၅ နှစ်ပြည့်သည့်နေ့ ဖြစ်သည်။ သူက သူ့ယောက်ျားပြန်လာလျှင် တစ်ခုခုတော့ မိသားစုအတွက် ပွဲလေးလုပ်ပေးမည်ဟု မျှော်လင့် ထားခဲ့သည်။ သူ့ယောက်ျားက သတိမှရပါ့မလားလည်း စိုးရိမ်နေမိသည်။

ကိုတိုးအောင် အလုပ်က အိမ်ကိုပြန်လာသည်။ မကြည်ပြာက သူ့လက်ထဲမှာ တစ်ခုခုပါလာမလားဟု မျှော်လင့်ချက်ဖြင့်ကြည့်သေးသည်။ ထမင်းဘူးနှင့် လက်ဆွဲအိတ်ကလွဲပြီးဘာမျှ ပါမလာ။ သူစိတ်မောစွာဖြင့် သက်ပြင်းချလိုက်သည်။

“ကိုတိုးအောင် နားပြီး ရေချိုးနော်”

“အေးကွာ … ကြည့်ကို တစ်ခုပြောစရာရှိတယ်”

“ပြောလေကိုအောင်”

“ဒီနေ့ ကိုအောင်တို့ အိမ်ထောင်သက် ၂၅ နှစ်ပြည့်တဲ့နေပဲကွယ်”

“ဪ ကိုအောင်က သတိရသားပဲ”

“သတိရပါတယ် … ဒါပေမဲ့ ကိုယ်ဘာမှ မလုပ်ပေးနိုင်တာကို ခွင့်လွှတ်ပါကွယ်”

“ပိုက်ဆံအဆင်မပြေလို့လားဟင်”

“ဟုတ်တယ် ချေးငွေကလည်း လကုန်ပြီးမှရမယ်တဲ့။ ကိုယ့်မှာလည်း ပိုက်ဆံအပိုမရှိဘူး။ ဒါကြောင့် ဘာလုပ် ပေးရမှန်းလည်း မသိဘူး”

“သမီးကျောင်းက ကျောင်းလခတောင်းနေပြီ။ လူကြားထဲမှာပြောလို့တဲ့ သမီးကရှက်ပြီး ပြန်လာတယ်”

“အေးပါ ကိုယ့်အပြစ်တွေပါကွယ်။ သမီးနဲ့ဇနီးကိုကောင်းကောင်းမွန်မွန် မထားနိုင်တာ ကိုယ့်အပြစ်တွေပါ”

“ဘယ်ဟုတ်မလဲအစ်ကိုရယ်။ အိမ်ထောင်တစ်ခုမှာ လှည်းဘီးကနှစ်ဘီးရှိတာ တစ်ဘီးက ပြုတ်နေလို့ သည်လို ဖြစ်ရတာပါ။ အစ်ကို တစ်ယောက်တည်း ရုန်းကန်နေရတာ ဘယ်အဆင်ပြေပါ့မလဲ။ ကျွန်မအလုပ်ထွက် လုပ်မယ် ဆိုတော့လည်း အစ်ကိုက လက်မခံဘူး”

“မဖြစ်ပါဘူးကွယ်။ ကိုယ်ကြံပါဦးမယ်”

“သမီးလေးကိစ္စဘယ်လိုဖြေရှင်းပေးကြမလဲ”

“သမီးလေးကို ကိုယ်သွားပြောပါ့မယ်ကွာ”

ကိုတိုးအောင်က သူ့သမီးလေး အခန်းထဲကိုဝင်သွားသည်။

“သမီးလေး ကျောင်းလခတောင်းနေပြီဆို”

“ဟုတ်တယ်ဖေဖေ … ဖေဖေရယ် ကျောင်းလခ မပေးရတဲ့ကျောင်းကိုပဲပြောင်းနေချင်ပြီ။ နောက်နှစ် ပြောင်းပေးနော်”

“သမီးလေး အဆင်ပြေသွားမှာပါကွယ်။ ဖေဖေတစ်ရက်နှစ်ရက်အတွင်း အဆင်ပြေအောင်လုပ်ပေးမယ်။ စိတ်ထဲမှာ ဘာမှမထားနဲ့။ စာပဲကြိုးစားနော်”

“ဟုတ်ကဲ့ပါဖေဖေ”

နောက်တစ်နေ့မိုးအလင်းတွင် ကိုတိုးအောင်က အိပ်ရထပြီး ဘေးကိုကြည့်လိုက်သည်။ သူ့ဇနီးကိုမတွေ့သဖြင့် နောက်ဖေးကိုဝင်ကြည့်သည်။ သူ့သမီးအခန်းထဲကိုဝင်ကြည့်သည်။ သမီးက စာတစ်စောင်ဖတ်နေသည်။

“သမီးမေမေ့ကို မတွေ့ဘူးလား”

“ဒီမှာ သမီးစာဖတ်နေတယ်။ မေမေရေးခဲ့တာ”

“ဘာတဲ့လဲ”

“မေမေက အားလုံးချက်ပြုတ်ထားခဲ့ပြီးပြီတဲ့။ ဖေဖေ့ကို ထမင်းဘူးထည့်ပေးလိုက်တဲ့။ မနက်စာလည်း ပြင်ခဲ့ပြီးပြီတဲ့။ မေမေက အလုပ်သွားတယ်တဲ့”

“ဘာအလုပ်လဲ”

“မေမေ ဘာအလုပ် လုပ်နေတာလဲဟင် … ဖေဖေ မသိဘူးလား”

“ဖေဖေ့ကိုလည်း ဘာမှမပြောဘူး”

ညနေတွင် သူတို့သားအမိ၊ သားအဘတွေ ပြန်ဆုံကြသည်။

“ကြည် မနက်က အလုပ်သွားတယ်ဆိုတာ ဘာသွားလုပ်တာလဲဟင်”

“မေမေ ဘာတွေလုပ်နေတာလဲဟင်”

“ကိုအောင် ဒီမှာကြည့်စမ်း”

မကြည်ပြာက သူ့နားရွက်လေးကို ထိုးပြသည်။

“ဟင် နားကပ်တွေ ဘယ်ရောက်ကုန်ပြီလဲ”

“ရောင်းလိုက်ပြီ ကိုအောင်။ မရှိဝမ်းစာ … ရှိတန်ဆာတဲ့ရှင့် … နားကပ်လေးရောင်းလိုက်တယ်”

“ဟာကွာ ကြည်ရယ် အဲဒါ ကိုယ့်ကိုတိုင်ပင်ရမှာပေါ့”

“ဒီမှာ သမီးလေးအတွက် ကျောင်းလခ”

သူက ပိုက်ဆံတစ်ထပ်ကို သမီးအားပေးလိုက်သည်။

“ကြည် … နားကပ်ပေါင်ပြီး ကျောင်းလခဖန်တီးလိုက်တာလား”

“မဟုတ်ဘူး … မနက်စောစောထပြီး ခြေရင်းအိမ်က မပုလေးတို့နဲ့ ဈေးလိုက်သွားတယ်။ သူတို့ ဟင်းသီး ဟင်းရွက်တွေ သွားကောက်တာ အားရစရာကြီး။ ဈေးမှာပြန်ရောင်းတာ ထက်ဝက်လောက်ကို မြတ်တာ။ အဲဒါနဲ့ ကြည်လည်း နားကတ်ရောင်းပြီး အလုပ်သင်အဖြစ် တစ်နေ့ရင်းကြည့်လိုက်တာ။ အဆင်ပြေတယ်ကိုအောင်”

“မေမေရယ် ဈေးထဲမှာ ဈေးရောင်းရတယ်လို့”

“ဈေးထဲမှာ ဈေးသွားရောင်းတာ သူများပစ္စည်းသွားခိုးတာမှ မဟုတ်တာကွယ်။ ဘာလဲ သမီးက ရှက်နေလို့လား”

“အဲဒီလိုလည်း မဟုတ်ပါဘူး … မေမေက တစ်သက်လုံး မလုပ်ဖူးပဲနဲ့”

“ခုလုပ်ဖူးပြီလေကွယ် … တစ်သက်လုံး မလုပ်ခဲ့လို့ မေမေတို့အဆင်မပြေဖြစ်နေတာ။ အိမ်ထောင်တစ်ခုကို လှည်းနဲ့တင်စားရင် ဘီးနှစ်ဘီးစလုံးက ရုန်းနိုင်မှဖြစ်မယ်။ ခု သမီးဖေဖေတစ်ယောက်တည်း ရုန်းနေရတာ မေမေတို့ အဆင်မပြေဘူး။ နောက်ပြီး သမီးဖေဖေကလည်း အလုပ်နဲ့ပတ်သက်ရင် မရိုးမဖြောင့်တာ ဘာမှ မလုပ်တော့ မေမေတို့အဆင်မပြေဘူးသမီး။ မရိုးသားတာ လုပ်ဖို့ပြောနေတာမဟုတ်ဘူးနော်။ အစ်ကိုတို့ တစ်ရုံးလုံး အကျင့်ပျက်နေတယ်လို့ နာမည်ကြီးနေတဲ့ကြားမှာ သမီးဖေဖေက အရိုးဖြောင့်ဆုံး နေနိုင်တာကို မေမေတို့က ဂုဏ်ယူရမှာ။ ဒါပေမဲ့ မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသလို မေမေလည်း ဝင်ထမ်းပေးမှ အဆင်ပြေမယ် ထင်လို့ မေမေစွန့်စားတာ”

“ကြည်ရယ် အစ်ကိုတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး”

“ဘာမှ ပြောမနေနဲ့ … မစားရတာကြာပြီဖြစ်တဲ့ ဝက်သားဟင်းလေး ချက်ထားတယ်။ ကဲ ရေးချိုးကြ။ ထမင်းစားမယ်”

“မနက်လည်း  သွားဦးမှာလား”

“မနက်တိုင်း လေးနာရီထိုးရင် ဟင်းရွက်ကောက်ဖို့ စိုက်ခင်းတွေကို သွားရမယ်ကိုအောင်”

“ဒါဆိုရင် အစောကြီးထချက်နေရမှာပေါ့”

“နှစ်နာရီလောက်ထချက်ရင် ရပါတယ်”

“မိန်းမရယ် … မနက် ၃ နာရီခွဲလောက်မှထပါ။ သွားစရာရှိတာကိုသွား။ ကျန်တာကို အစ်ကိုလုပ်ပါ့မယ်။ စိတ်ဖြောင့်ဖြောင့်သာအိပ်”

“သမီးလည်း အစောကြီးထပြီး စာကျက်ရင်း ဖေဖေ့ကိုကူညီမယ်”

“ဖိုက်တင်း”

“ဖိုက်တင်း”

တင်ညွန့်

၁၄.၁.၂၀၂၆