အောက်တန်းကျတဲ့စိတ်

 အောက်တန်းကျတဲ့စိတ်

----------------------------
ကျွန်တော် လမ်းလျှောက်ရန် လမ်းထိပ်ကိုထွက်အလာတွင်
“ဆရာ ကျွန်တော် ဒီမှာ” ဟူ၍ အကြော်တဲထဲမှ မောင်ကျော်စွာကထွက်လာပြီး လက်ပြသည်။
“ဘယ်လဲကွ အစောကြီး”
“ဆရာနဲ့လမ်းအတူတူလျှောက်မလို့လေ”
“ဘာစိတ်ကူးပေါက်လို့လဲကွာ ခုမှ လမ်းလျှောက်လိုက်ရတာ”
“အပြန်မှာ ဝက်သားလေးနည်းနည်း ဝယ်ခဲ့ချင်လို့ဆရာ။ ဆရာ ဈေးဘက်ကိုလျှောက်မှာ မဟုတ်လား”
“ဈေးကတော့ ဘယ်လိုဖြစ်ဖြစ် ရောက်ပါတယ်ကွာ”
မောင်ကျော်စွာက ကျွန်တော့်ခြေလှမ်းကို အမီလိုက်ရင်း
“ဆရာရေ … သခင်အားရ ကျွန်ပါးဝတွေကတော့ အောက်တန်းကျတဲ့စိတ်ဓာတ်တွေကို ပေါ်ပေါ်ထင်ထင်ကို ထုတ်ပြနေတော့တာပဲနော်”
“ဘာကိုဆိုလိုတာလဲမောင်ကျော်စွာ”
“တွေ့နေရတဲ့မြင်ကွင်းတွေကိုပါဆရာ”
“မင်းဘာတွေကိုတွေ့လို့ ဒီစကားပြောတာလဲတော့မသိဘူး။ ငါနဲ့ ဘာကိုဆွေးနွေးချင်တာလဲ။ အကြောင်းအရာ တစ်ခုခုကို ရေရေရာရာပြောတာ ပိုကောင်းမယ်ထင်တယ် မောင်ကျော်စွာ”
“ဆရာ အောက်တန်းကျတယ်ဆိုတာဘာလဲဆရာ။ အောက်တန်းကျတဲ့စိတ်ဓာတ်ဆိုတာဘာလဲလို့ ဆရာ့ကို မေးချင်တာပါ”
“အောက်တန်းကျတယ်ဆိုတာ ရုပ်ဝတ္ထုပစ္စည်းချမ်းသာမှု၊ ဆင်းရဲမှု၊ ပညာအရည်အချင်းမြင့်မားမှု စတာတွေနဲ့ လုံးဝမသက်ဆိုင်ဘူးကွ။ လူတစ်ယောက် အောက်တန်းကျတယ် မကျဘူးဆိုတာကို လူသားဆန်မှု အဆင့် အတန်းနဲ့ပဲ တိုင်းတာရတာ”
“လူသားဆန်မှုအဆင့်အတန်းဆိုတာ ဘာလဲဆရာ”
“လူသားဆန်မှုအဆင့်အတန်း (Quality of Character) ဆိုတာ လူတစ်ယောက်ရဲ့ အပေါ်ယံ ဂုဏ်ပကာသန တွေကို အကုန်ခွာချလိုက်တဲ့အခါ်မှာ ကျန်ရစ်ခဲ့တဲ့ အတွင်းစိတ်တန်ဖိုးကိုပြောတာကွယ့်။ ပြောချင်တာက ရာထူး၊ အာဏာ၊ ပညာ၊ ရုပ်ရည်စတာတွေကို ကြည့်ပြီးလူသားဆန်မှုအဆင့်အတန်းကို ပိုင်းဖြတ်တာကို ပြောတာမဟုတ်ဘူး။ လူတစ်ယောက်ရဲ့ အကျင့်စရိုက် (Character) ကိုကြည့်ပြီး ပိုင်းဖြတ်ရတဲ့အရာမျိုးကို ပြောချင်တာ”
“လူတစ်ယောက်ကို လူဟုတ်၊ မဟုတ်အတွင်းစိတ်ကိုပိုင်းဖြတ်ရမယ်လို့ဆိုလိုတာလားဆရာ”
“အရည်အသွေးရှိတဲ့၊ အဆင့်အတန်းရှိတဲ့ လူတစ်ယောက်ကို အချက် ၅ ချက်နဲ့ပိုင်းဖြတ်နိုင်တယ်”
“ဟုတ်ကဲ့ဆရာ”
“တစ် - စာနာထောက်ထားတတ်ခြင်း (Empathy)
နှစ် - ကိုယ်ကျင့်သီလရှိခြင်း (Integrity)
သုံး - ကိုယ့်ကိုယ်ကိုယ်လေးစားခြင်းနဲ့ သူတစ်ပါးကိုလေးစားတတ်ခြင်း (Dignity & Respect)
လေး - တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း (Accountability)
ငါး - နှလုံးရည်သတ္တိရှိခြင်း (Moral Courage) ဆိုတဲ့အချက်တွေပဲ”
“ဆရာပြောတာရှင်းတော့ ရှင်းပါတယ်ဆရာ။ လိုက်မှတ်စရာ စာအုပ်မပါတော့ တစ်ချက်ချင်း ရှင်းပြနိုင်ရင် ကောင်းမှာပဲ”
“စာနာထောက်ထားစိတ်ဆိုတာ တစ်ပါးသူရဲ့ နာကျင်မှုကို ကိုယ်တိုင်ခံစားရသလို နားလည်ပေးနိုင်တဲ့ စိတ်မျိုးပဲ။ ငါသာ သူ့နေရာမှာဆိုရင် … ဆိုတဲ့ အတွေးမျိုးတွေနဲ့ အားနည်းသူ၊ ဒုက္ခရောက်နေသူတွေကို မနှိမ်ဘဲ ကူညီဖေးမတတ်တဲ့စိတ်ရှိသူဟာ လူသားဆန်တဲ့လူလို့သတ်မှတ်ရမှာပဲ”
“ဒုတိယတစ်ခုဖြစ်တဲ့ ကိုယ်ကျင့်သီလဆိုတာကတော့ ဘယ်သူမှ မမြင်ကွယ်ရာမှာ ရှိနေတဲ့တိုင်အောင် အမှန်တရားကို စောင့်ထိန်းတတ်တာမျိုး။ ကိုယ့်ယုံကြည်ချက်ကို အခွင့်အရေးနဲ့မလဲတာကို (Integrity) ရှိခြင်း လို့ ခေါ်တယ်။ အပြောနဲ့အလုပ် ထပ်တူကျတာတွေဟာလည်း လူသားဆန်မှုကို တိုင်းတာတဲ့ ပေတံတစ်ခုလို့ ပြောနိုင်တယ်”
“တတိယတစ်ခု ကိုယ့်ကိုယ်ကိုယ်လေးစားခြင်း ဂုဏ်သိက္ခာ (Dignity) နဲ့ သူတစ်ပါးကို လေးစားခြင်း (Respect) ဆိုတာကတော့နှစ်ခု ကွဲပြားအောင် ပြောမှရမယ်။ Dignity ဆိုတာ အာဏာရှိသူတွေ မဖားတဲ့သူတွေ၊ ကိုယ့်ဂုဏ်သိက္ခာကို အာဏာရှိသူတွေရဲ့ ဖိနပ် အောက်ကို ထိုးမကျွေးသူတွေ၊ ကိုယ့်ကိုယ်ကိုယ်လေးစားမှုနဲ့ (Self-respect) ရှိသူတွေကိုပြောတာ။ Respect ဆိုတာကတော့ ကိုယ့်ထက်နိမ့်ပါးသူကိုဖြစ်စေ၊ မြင့်မား သူကိုဖြစ်စေ လူသားတစ်ယောက်အဖြစ် တန်းတူရည်တူ ဆက်ဆံတတ်တဲ့ မြင့်မြတ်သောစိတ်ထားကို ခေါ်တာ”
“စတုတ္ထတစ်ခု တာဝန်ယူမှု တာဝန်ခံမှုဆိုတာ လူသားဆန်တဲ့ အဆင့်အတန်းသူတွေဟာ အမှားကို မှားပါတယ်လို့ ဝန်ခံရဲတယ်။ သူတစ်ပါးကို လက်ညှိုးမထိုးဘူး၊ ဆင်ခြေမပေးဘူး။ ကိုယ့်လုပ်ခဲ့တဲ့ အကျိုးဆက်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲတဲ့ ယောက်ျားပီသသောစိတ်ဓာတ်ရှိသူတွေကိုပြောတာ”
“ပဉ္စမအချက်ဖြစ်တဲ့ နှလုံးရည်သတ္တိဆိုတာကတော့ မှားနေတာကို မှန်တယ်ဆိုပြီး ဘယ်လောက်ဝိုင်းအော်၊ ဝိုင်းပြောပါစေ … အမှားကို အမှားလို့သတ်မှတ်ပြီး အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ရပ်တည်ရဲတဲ့ သတ္တိကိုပြောတာ။ ကြောက်လို့လည်း လိမ်ညာပြီး ဝါဒဖြန့်မပေးဘူး။ မတရားတာကို မတရားဘူးလို့သိပြီး ခေါင်းငုံ့မခံတဲ့စိတ်ကို ဆိုလိုတာ”
“ရှင်းပါပြီဆရာ … တာဝန်ယူမှု တာဝန်ခံမှု မရှိတာတွေ၊ နှလုံးရည်သတ္တိနည်းတာတွေကနေ အောက်တန်းကျသူ တွေပေါများလာတယ်လို့ ပြောရမယ်ထင်တယ်နော်”
“မင်း ငါ့ကိုမေးတဲ့အချက်နဲ့ တိုက်ဆိုင်ကြည့်ပေါ့ကွာ။ မင်းယူဆချင်သလို ယူဆလို့ရပါတယ်”
“အောက်တန်းကျစိတ်တွေဟာ ဘာကြောင့်ဖြစ်လာရသလဲဆရာ။ ကျွန်တော်ကတော့ ပညာတတ်တာ၊ မတတ်တာနဲ့ မဆိုင်ဘူးထင်ပါတယ်”
“ပညာဆိုတာ အတန်းတွေ၊ ဘွဲ့တွေနဲ့တော့ လိုက်မတိုင်းနဲ့ပေါ့ကွာ။ ဘာဘွဲ့တွေယူထားထား အောက်တန်းကျ ချင်ရင်ကျတာပဲကွ”
“အခွင့်အရေးတွေမြှော်ကိုးရင်းနဲ့ အောက်တန်းကျတာတွေရော မဖြစ်နိုင်ဘူးလားဆရာ”
“ဒီနေရာမှာလည်း သုံးမျိုးခွဲနိုင်တယ်ကွ။ ကိုယ့်မှာ ဘာအရည်အချင်းမှ မရှိဘူး၊ သူတစ်ပါးထက် နိမ့်ကျနေ တယ်လို့ ခံစားရတဲ့အခါ အဲဒီခံစားချက်ကို ဖုံးကွယ်ဖို့ သူတစ်ပါးကို လိုက်တိုက်ခိုက်ရင်း အောက်တန်းကျတဲ့ စိတ်တွေ ပေါ်လာတတ်တယ်”
“နောက်တစ်ချက်က အတ္တလွန်ပဲတာပဲ။ (ငါသာလျှင် အဓိက) ဆိုတဲ့ အတွေးကြောင့် သူတစ်ပါးခံစားချက်ကို လုံးဝထည့်မတွက်တော့တဲ့အခါမှာလည်း အောက်တန်းကျစိတ်တွေ ပေါ်လာတတ်တယ်”
“နောက်ဆုံးတစ်ခုကတော့ ပတ်ဝန်းကျင်ပဲ။ အမှားကို အမှန်ထင်တဲ့ ပတ်ဝန်းကျင်ကြောင့်လည်း အောက်တန်း ကျတာတွေ ဖြစ်နိုင်တယ်။ အဆိပ်သင့်တဲ့ပတ်ဝန်းကျင်မှာ နေထိုင်တာကြာရင် မတရားမှုတွေ၊ ခိုးမှုတွေ၊ ဖားယားမှုတွေဟာ အောင်မြင်မှုရဲ့ လမ်းစလို့ သတ်မှတ်ကုန်ကြရော။ အဲဒီပတ်ဝန်းကျင်မှာ ကြီးပြင်းရရင် အောက်တန်းကျစိတ်ကပဲ ဘဝရဲ့ ရှင်သန်ရေးနည်းဗျူဟာတစ်ခုလို့ အလိုလိုသတ်မှတ်လာကြတယ်”
“ဆရာ ဟိုတစ်နေ့ကရေးတဲ့ အိမ်မြှောင်ဆောင်းပါးနဲ့ပြောရရင် အောက်တန်းကျတဲ့စိတ်ဆိုတာ အိမ်မြှောင် လက်တံက မြောက်အရပ်ကိုပြနေတာ သိသိကြီးနဲ့ တောင်ဘက်ကို မပြရကောင်းလားဆိုပြီး အိမ်မြှောင်ကို ရိုက်ခွဲတဲ့စိတ်ဓာတ်မျိုးပေါ့နော်ဆရာ”
“ဆိုပါတော့”
“ဒီနေ့ ဆရာနဲ့ လမ်းလျှောက်လိုက်ရတာ ကောင်းလိုက်တာဆရာ။ ဟိုမှာ ဆရာထိုင်နေကျ လက်ဖက်ရည်ဆိုင် ရောက်ပြီ။ ဘာစားမလဲဆရာ ဒီနေ့ ကျွန်တော် ကျွေးပါ့မယ်”
“မင်းဈေးမှာ ဝက်သားဝယ်မှာ မဟုတ်လား။ ဝယ်ပြီး ပြန်တော့။ ငါဆက်လျှောက်ဦးမယ်။ သတ်မှတ် ခြေလှမ်း မပြည့်သေးဘူးကွ”
“ဒါဆိုလည်း နေ့လယ်မှ ဝက်သားတစ်ခွက်လာပို့မယ်ဆရာရေ … သွားဦးမယ်”
“အေးကွာ”
တင်ညွန့်
၈.၁.၂၀၂၆