ခွင့်လွှတ်ခြင်း

 ခွင့်လွှတ်ခြင်း

-----------------
“ကိုဘဆွေ … ရှင့်သူငယ်ချင်း ကိုမိုးအောင် သေမလိုဖြစ်နေပြီ။ သွားကြည့်ပါလားတော်”
ကိုဘဆွေ၏ ဇနီးဖြစ်သူ မလှယဉ်က သူ့ယောက်ျားကို ပြောလိုက်ခြင်းဖြစ်သည်။
“ဟေ ဟုတ်လား”
“ဟုတ်တယ် … ဒီမနက်ပဲ သူ့မိန်းမနဲ့ ဈေးမှာတွေ့လို့ပြောလိုက်တာ”
“ငါဘာလုပ်ရမလဲ … အဲဒီကောင်နဲ့ငါ စကားမပြောတာ နှစ်ပေါင်း ၃၀ လောက်ရှိတော့မယ်”
“ရှင်တို့က ငယ်သူငယ်ချင်းတွေပဲ … သေကောင်ပေါင်းလဲဖြစ်နေချိန်မှာ အားပေးစကားလေး တစ်ခွန်း လောက်တော့ သွားပြောသင့်ပါတယ်ရှင်”
“ငါဘာသွားပြောရမလဲ။ ဒီအချိန်ကြီးကျမှ သွားလို့ ကောင်းပါ့မလား”
“ဘာပဲဖြစ်ဖြစ် ရှင်သွားသင့်တယ်လို့ ထင်တာပဲ”
“အေးပါ … ငါသွားလိုက်ပါ့မယ်”
ဦးဘဆွေက သူ့ သူငယ်ချင်းဦးမိုးအောင်အိမ်ကို ဆိုက်ကားစီးကာ လာခဲ့သည်။ သူက ဦးမိုးအောင်တို့အိမ်ကို မသွားမီ ဈေးတွင်ဝင်ပြီး ပန်းသီးနှင့် စပျစ်သီးတွေဝယ်လိုက်သေးသည်။ လူမမာများ စားချင်မလားဆိုသည့် စိတ်ကူးနှင့်ဖြစ်သည်။
သူနှင့်မိုးအောင်တို့သည် သူငယ်တန်းလောက်ကတည်းက ကျောင်းအတူတူနေခဲ့သူတွေဖြစ်သည်။ စားအတူ သွားအတူ၊ တက္ကသိုလ်တက်တော့လည်း အတူတူ။ နောက်ဆုံး ဦးဘဆွေက ပုလိပ်အဖွဲ့ကိုဝင်ပြီး တာဝန်ထမ်း ဆောင်သည်။ ရာဇဝတ်ဝန်ထောက်ဘဝဖြင့် ပင်စင်ယူသည်။ မိုးအောင်ကတော့ ဝန်ကြီးများရုံးတွင် အတွင်းဝန် ရာထူးဖြင့် ပင်စင်ယူသည်။
အလွန်ချစ်သော သူငယ်ချင်းနှစ်ယောက်သည် အိမ်ထောင်တွေကျမှ မခေါ်နိုင်မပြောနိုင်ဖြစ်သွားကြသည်။
“ရောက်ပြီခင်ဗျ”
ဆိုက်ကားသမားကပြောသဖြင့် တွေးရင်းငေးလာသော ဦးဘဆွေက
“ဪ အေးအေး … ဆိုက်ကားခ ဘယ်လောက်ပေးရမလဲကွယ်”
“တစ်ကျပ်ပဲပေးပါခင်ဗျာ”
“ငါးမူးပါကွ”
“ဒီခရီးက အမှန်တော့ ငါးမူးပါခင်ဗျာ … ဆရာက ဈေးကိုဝင်လိုက်လို့ ငါးမူး ပိုတောင်းရတာပါ”
“အေး … အေး … မတရားတော့ မလုပ်နဲ့နော် ငါဘာလဲဆိုတာ သိတယ်မဟုတ်လား”
“ဟုတ်ကဲ့ပါခင်ဗျာ”
ဦးဘဆွေက ပိုက်ဆံ ကျပ်စေ့တစ်စေ့ကို တိုက်ပုံထဲကထုတ်ပြီး ဆိုက်ကားသမားကိုပေးလိုက်သည်။
ပန်းသီးအိတ်ကိုကိုင်ပြီး ဦးဘဆွေက အိမ်ဝင်းထဲကိုဝင်လိုက်သည်။
“ဟယ်တော် ကိုဘဆွေ … ရှင်လာတယ်နော်”
ဦးမိုးအောင်ဇနီး မသင်းကြည်က ဝမ်းသာအားရဆီးကြိုသည်။
“အေး … မိုးအောင်နေမကောင်းဘူးဆို”
“ဟုတ်တယ် … သူနဲ့တွေ့ဖို့ပေါ့နော်”
“အေးပေါ့ သူနဲ့တွေ့ဖို့လာတာ”
“လာ ... လာ … ကိုဘဆွေ … ရှင့်သူငယ်ချင်းက အိပ်ရာထဲမှာ”
သူ့ကို အိပ်ခန်းထဲခေါ်သွားသည်။ သူက ပန်းသီးအိတ်ကို မသင်းကြည်လက်ထဲပေးလိုက်ပြီး ခုတင်ဘေးရှိ ခုံတွင် ဝင်ထိုင်လိုက်သည်။ မသင်းကြည်က
“ကိုမိုးအောင် … ဒီမှာဘယ်သူလဲ ကြည့်စမ်းပါ … မျက်လုံးဖွင့်ကြည့်စမ်းပါ” ဟု ပြောလိုက်သည်။
ဦးမိုးအောင်က မျက်စိဖွင့်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်နေသည်။ မျက်လုံးထဲက မျက်ရည်တွေ စီးကျလာသည်။
“ဘဆွေ … ဘဆွေ … မင်း လာတယ်နော်”
“လာရမှာပေါ့ သူငယ်ချင်းရာ … ငါ ဒီမနက်မှ မင်းသတင်းကြားလို့”
“အေး … အေး … ငါနေမကောင်းဘူး”
“ကြားတယ် … ခုနေရတာ ဘယ်လိုနေသလဲ”
“ဒီလိုပါပဲ”
“သူငယ်ချင်း မိုးအောင် … ငါ့ကိုခွင့်လွှတ်ပါကွာ … ငါတောင်းပန်ပါတယ် … ငါ့ကို ခွင့်လွှတ်ပါနော်”
ဦးဘဆွေကတောင်းပန်သည့် အနေဖြင့် လူမမာလက်ကလေးကို ဆုပ်ကိုင်ရင်း သူ့နဖူးနှင့်ထိကာ ပြောလိုက် ခြင်းဖြစ်သည်။
“အေးပါ … အေးပါ”
“ငါ့ကို ခွင့်လွှတ်တယ်မဟုတ်လား”
“အေးပါ … အေးပါ”
“နေကောင်းအောင်နေကွာ … တို့မခေါ်မပြောတာ ကြာပြီနော်”
“မင်းအိမ်ထောင်တစ်သက်ပေါ့”
“ဒါတွေကို မပြောကြရအောင်လား … သင်ပုန်းချေလိုက်ရအောင်နော် သူငယ်ချင်း”
“အေးပါ … အေးပါ”
သူတို့ငယ်ဘဝအကြောင်းတွေပြောကြသည်။ ရယ်ကြသည်။ နာရီဝက်ခန့်ကြာသောအခါ မသင်းကြည်က ဆေးလာတိုက်သည်။ ဦးမိုးအောင်က ဆေးသောက်သည်။
“သူငယ်ချင်း ငါ သွားမယ် … နေကောင်းအောင်နေနော်”
“အေးပါ ... အေးပါ”
ဦးဘဆွေက အခန်းဝအရောက်တွင် ဦးမိုးအောင်က
“ဘဆွေ” ဟုလှမ်းခေါ်လိုက်သဖြင့် သူကရပ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်သည်။
“ဘာလဲ သူငယ်ချင်း”
“အေး ငါသေမလား မသိဘူး … သေသွားရင်တော့ မင်းတောင်းပန်တာကို လက်ခံပြီး သေသွားတယ်လို့ မှတ်လိုက်ပါကွာ။ တကယ်လို့ မသေရင်တော့ မင်းမျက်နှာ ငါထပ်မမြင်ပါရစေနဲ့။ မင်းကို ငါဘယ်တော့မှ ခွင့်မလွတ်ဘူး”
ဦးဘဆွေကလည်း တစ်လုံးချင်း ပြန်ပြောလိုက်သည်။
“အေးပါ … မင်းခွင့်မလွှတ်ပါနဲ့။ မင်းနေပြန်ကောင်းပါစေလို့ ငါဆုတောင်းပါတယ်။ ငါ့အပြစ်က မင်းခွင့်လွှတ် နိုင်လောက်တဲ့အပြစ်မှ မဟုတ်တာ”
ဦးဘဆွေကပြောပြီး လှည့်ထွက်လာသည်။ တံခါးဝတွင် မသင်းကြည်က ရပ်နေသည်။
“ကိုဘဆွေ လာပေးတာ ကျေးဇူးပါ။ သူဒီနေ့ စကားတွေအများကြီး ပြောတယ်”
“အေးကွယ် … နေကောင်းသွားမှာပါ”
ဦးဘဆွေ အိမ်ပြန်ရောက်လာသည်။ မလှယဉ်ကဆီးကြိုပြီးမေးသည်။
“ကိုဘဆွေ … ကိုမိုးအောင် ဘယ်လိုနေလဲ”
“နင့် အဆက်ဟောင်းအကြောင်း တော်တော်သိချင်နေတယ်ပေါ့”
“အို ဘယ်လိုပြောလိုက်တာလဲရှင်ရယ်”
“မသေသေးဘူး … မသေသေးဘူး သိလား”
“ရှင် ဒီလိုမပြောသင့်ပါဘူး”
“နင့်ကောင်က ငါ့ကို ခွင့်မလွှတ်ဘူးတဲ့”
“သူဘာသာသူ ခွင့်လွှတ်လွှတ် မလွှတ်လွှတ် ဘာထူးခြားသွားမှာလဲ။ ကျွန်မက ရှင့်မိန်းမပဲလေ”
“ငါ့ဘဝတစ်လျှောက်လုံး ငါ့သူငယ်ချင်းရည်းစားကို ခိုးယူခဲ့တဲ့အပြစ်ကြီးက အရိပ်လိုမိုးနေတာ။ ခုလည်း သူသေခါနီးပြီဆိုလို့ ခွင့်လွှတ်ဖို့သွားတောင်းပန်တာ။ သူက သေရင် ခွင့်လွှတ်သွားမယ်တဲ့။ ရှင်နေသေးရင် ခွင့်မလွှတ်ဘူးလို့ ပြောလိုက်တယ်”
“ထားလိုက်ပါရှင် … သူကနေမကောင်းတာ ပြောချင်ရာပြောနေတာပါ”
ထိုညတွင် ဦးဘဆွေ အရက်တွေသောက်သည်။ နောက်တစ်နေ့မနက်တွင် ဦးဘဆွေသေသည်။
မသင်းကြည်က သူ့ယောက်ျားကိုပြောသည်။
“ကိုမိုးအောင်”
“ဘာလဲကွယ်”
“ကိုဘဆွေသေပြီ”
“ဟုတ်လို့လား … မနေ့ကတောင်လာသွားသေးတယ်”
“ဟုတ်တယ် ဒီမနက်ပဲဆုံးတာတဲ့”
“သူငယ်ချင်းရယ် … ငါမင်းကို ခွင့်လွှတ်ပါတယ်”
တင်ညွန့်
၇.၁.၂၀၂၆