ပျောက်ဆုံးနေသောနီတိများ
-----------------------------
“ဆရာ ကျွန်တော်ရောက်ပြီ”
အိမ်ရှေ့မှအော်သံကြားလိုက်ရသဖြင့် ကျွန်တော် ရေးလက်စ စာကို ရပ်ပြီး တံခါးသွားဖွင့်ပေးလိုက်သည်။
“ဆရာတို့လမ်းထိပ်ကပိတ်ထားတာ ဘယ်မှာဝင်လာလို့ရမှာလဲ”
“မင်းကွာ အဝေးကြီးထမ်းလာရတာ စိတ်မကောင်းလိုက်တာ”
“ရပါတယ်ဆရာရယ် ဆန်လေး ၅ ပြည်ထဲကိုများ”
ကျွန်တော်က မောင်ကျော်စွာကို ဈေးမှဆန် ၅ ပြည် ဖုန်းဆက်ပြီးဝယ်ခိုင်းလိုက်ခြင်းဖြစ်သည်။ သူ့ဆိုင်ကယ် ကယ်ရီနှင့်ကြုံလျှင်ဝယ်ပြီးတင်လာခိုင်းသော်လည်း လွတ်လပ်ရေးနေ့ဆိုကာ လမ်းပိတ်ပြီးကစားနေကြသော ကြောင့် သူ့မှာ ဆန်ထုပ်ကြီးကိုပွေ့ပြီး ကျွန်တော့်ကိုလာပို့ရသည်။
“ဆရာ နေရာတိုင်းပဲ … ဟိုလမ်းမဝင်ရ … သည်လမ်းမဝင်ရတွေနဲ့ စိတ်ပျက်ဖို့ သိပ်ကောင်းတာ”
“အေး မနက်က ငါလည်း လမ်းလျှောက်တော့ မဝင်ရဆိုတဲ့လမ်းတွေနဲ့ ကြုံခဲ့ပါသေးတယ်ကွာ”
“ကျွန်တော့်အမြင်ကတော့ လွတ်လပ်ရေးသာရတယ်ဆိုတယ် ကျွန်တော်တို့လူမျိုးတွေရဲ့ စိတ်ဓာတ်တွေ ကတော့ မလွတ်လပ်ကြသေးဘူးနဲ့တူတယ်ဆရာ”
“တယ်ဆိုတဲ့ စာပါလား … ဘာကြောင့်ပြောနိုင်သလဲကွ”
“ဆရာ ကစားနေတဲ့လူတွေက ၁၀ ယောက်မကျော်ဘူး။ လမ်းကြီးပိတ်ပြီးတော့ မဝင်ရဆိုင်းဘုတ်တတ်ထားတာ ဖြစ်သင့်သလား။ လွတ်လပ်ရေးဆိုတဲ့ခေါင်းစဉ်သုံးပြီး သူတစ်ပါးတွေရဲ့ လွတ်လပ်စွာသွားလာခွင့်တွေကို အတင်းအဓမ္မ ကန့်သတ်သလိုဖြစ်မနေဘူးလား”
“မောင်ကျော်စွာ ဒါမျိုးတွေ ကြုံနေကျပဲ။ ပြောရရင်တော့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့တွေဆိုတာ လမ်းတွေကိုပိတ်ပြီးတော့ လုပ်ချင်သလိုလုပ်ခွင့်ရှိတယ်ဆိုတဲ့ အဓိပ္ပယ်မျိုးသက်ရောက်နေတာ မင်းတို့ ရန်ကုန်မှာ ကြာပါပြီကွာ”
“ဒီအချိန်မှာ အရေးပေါ်ကိစ္စတွေဖြစ်လာရင် ပြဿနာပဲ”
“တချို့လည်း လူလိုပြောလို့ နားလည်သူတွေရှိသလို … ရပ်ကွက်ထဲမှာ လမ်းပိတ်ပြီးလုပ်လို့ရတယ်ဆိုတဲ့ အသိမျိုးနဲ့ နေရာတစ်ခုကို အရှင်သခင်လိုသတ်မှတ်နေကြသူမျိုးတွေနဲ့တွေ့ရင်တော့ ပြဿနာပဲပေါ့။ လမ်းပိတ် ထားတာမဖွင့်နိုင်ဘူးဆိုပြီး တုတ်တပြက် ဓားတပြက်ဖြစ်ခဲ့ကြတဲ့ ကိစ္စတွေလည်း ရှိခဲ့ဖူးတာပဲ”
“ဟုတ်တယ်ဆရာ … လမ်းပိတ်ပြီး ကားတွေ ဆိုင်ကယ်တွေကို လှည့်ပြန်လို့ပြောတဲ့သူတွေက ခဏတာအာဏာ ရလိုက်သလို မာန်တက်နေကြတာ။ ကျွန်တော်လည်း ဆန်ထုပ်သွားပို့ချင်လို့ ခဏလေးလမ်းဖွင့်ပေးဖို့ပြောတာ မဖွင့်ပေးနိုင်ဘူးဆိုလို့ စကားနည်းရန်စဲ ဒီအတိုင်းပဲယူလာခဲ့လိုက်တာ”
“ပြောရရင်တော့ကွယ် အာဏာနဲ့ နေသားကျလာတဲ့လူ့အဖွဲ့အစည်းရဲ့ အာဏာအလွဲသုံးစားလုပ်တတ်မှု အသေးစားလေးတွေပေါ့။ Micro-authoritarianism လို့ပြောလို့ရတယ်။ အဲဒီကနေ အာဏာကိုတပ်မက်လာ တာတွေဖြစ်လာအောင် ပျိုးထောင်ပေးနေတာပေါ့”
“ဒါတွေဟာ ပြည်သူ့နီတိအားနည်းတာတွေကြောင့်ပေါ့နော်ဆရာ”
“ဟုတ်တာပေါ့ကွယ့် … နီတိဆိုတာဘာလဲ … နီတိဆိုတာ သူတစ်ပါးလွတ်လပ်ခွင့်ကို လေးစားခြင်းကွ။ ကိုယ့်အတွက်တွေချည်း လွတ်လပ်ဖို့ထက် သူများလွတ်လပ်ဖို့ကိုထည့်တွက်တတ်တာ နီတိပဲ။ ငါ့ရဲ့ လွတ်လပ်ခွင့်ဟာ သူတစ်ပါးရဲ့ လွတ်လပ်ခွင့်ကို မထိခိုက်စေရဘူးဆိုတဲ့အချက်ကို ကျောင်းတွေ၊ မိဘတွေက သင်ပေးလိုက်ရမှာ”
“ရပ်ကွက်ထဲမှာက လွတ်လပ်ရေးနေ့တွေ၊ ပြည်ထောင်စုနေ့တွေဆိုရင် ပိုက်ဆံတွေ လိုက်ကောက်ပြီး ကလေးတွေကို ဆုချတာနည်းနည်း၊ ညဆိုရင် အောင်ပွဲဆိုပြီးတော့ လူကြီးတွေ အောင်ပွဲခံသောက်ပွဲတွေက များများပါဆရာရယ်”
“ဒါတွေလည်း ရှိတန်သလောက်ရှိမှာပဲကွ။ ကြံဖန်ပျော်တတ်တဲ့လူမျိုးတွေကိုး။ တို့ကလေးတွေကို လွတ်လပ်ရေးဆိုတာ ငါတို့စိတ်ကြိုက်လုပ်ခွင့်မဟုတ်ဘူး။ တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်ဆိုတဲ့ စိတ်ထားလေး တွေ သွန်သင်ဖို့လိုတာ”
“အဲဒီလိုအသိအားနည်းတာကြောင့် ဖြစ်ချင်သလို ဖြစ်နေတာပေါ့ဆရာ”
“ပြည်သူ့နီတိ အသိအားနည်းကြတော့ လွတ်လပ်ရေးဆိုတာ စနစ်မဲ့ မင်းမဲ့စရိုက်ဆန်လာတာပေါ့။ A nation’s freedom is measured by how much its citizens respect each other’s rights. တဲ့ကွ”
“ဘာပြောတာလဲဆရာ”
“နိုင်ငံတစ်နိုင်ငံရဲ့ လွတ်လပ်မှု အတိုင်းအတာဟာ နိုင်ငံသားတွေ တစ်ဦးနဲ့တစ်ဦးရဲ့ အခွင့်အရေးကို ဘယ်လောက်လေးစားသလဲဆိုတာနဲ့ တိုင်းတာနိုင်တယ်လို့ပြောတာ။ ဒါတွေဟာ ဒီမိုကရေစီနည်းကျ ပြည်သူ့နီတိရဲ့ အခြေခံမူပဲ”
“နယ်လ်ဆင်မင်ဒဲလား ပြောတာလည်း မှတ်မိတယ်ဆရာ။ မကြာသေးခင်ကမှဖတ်ထားတာ။ ဆရာပေးထားတဲ့ စာအုပ်ထဲမှာ ပါတယ်လေ”
“ဘာများလဲကွ ပြောပါဦး”
“လွတ်လပ်တယ်ဆိုတာ လူတစ်ယောက်ရဲ့ခြေထောက်က ခြေချင်းကို ဖြုတ်ပစ်လိုက်ရုံတင်မဟုတ်ဘူး။ သူတစ်ပါးရဲ့ လွတ်လပ်ခွင့်ကိုလည်း လေးစားပြီး ပိုမိုမြှင့်တင်ပေးနိုင်တဲ့နည်းလမ်းနဲ့ နေထိုင်နိုင်ခြင်းဆိုတာလေ ဆရာ”
“ဟုတ်တယ် မင်းကမှတ်မိသားပဲ။ ငါကလည်း ထပ်ပြောချင်သေးတယ်။ တရားသူကြီး Oliver Wendell Holmes Jr. ပြောသွားတဲ့ စကားလေး”
“သိပါရစေဆရာ”
“မင်းရဲ့လက်သီးကို လွတ်လပ်စွာ လွှဲရမ်းပိုင်ခွင့်ဟာ ငါ့နှာခေါင်းနားအထိရောက်လာရင်တော့ လွတ်လပ်ခွင့် ဆုံးရှုံးသွားပြီတဲ့။ ဆိုလိုတာကတော့ကွာ သူတစ်ပါးကို ထိခိုက်တဲ့အထိ လွတ်လပ်ခွင့်ကို သုံးလို့မရဘူးလို့ ပြောချင်တာပါ”
“ဟော ကြားလား ဆောင်းဘောက်စ်တွေ တဒုံးဒုံးနဲ့ လွတ်လပ်ရေးကို သရုပ်ဖော်နေကြပြီ။ ဆရာတော့ ဒုက္ခပဲ”
“ငါ့အတွက်တော့ မထူးဆန်းပါဘူးကွာ … မနေ့ကမှ အသံမစဲ ပဋ္ဌာန်းပွဲဆိုတာပြီးတယ်။ ၅ ရက်လုံးလုံး အိပ်ရေးတွေ ပျက်ခဲ့တာ။ ဒီနေ့တော့ အေးအေးချမ်းချမ်းစာရေးမယ်ဆိုမှ မနက် ၆ နာရီလောက်ကတည်းက သောင်းကျန်နေကြတာ”
“ကျွန်တော်တော့ လွတ်လပ်ရေးနေ့မှာ ပြည်သူ့နီတိပျောက်ဆုံးခြင်းဆိုပြီး ဆရာမနက်ဖြန်ရေးမယ့်စာကို ကြိုပြီးတော့ ခေါင်းစဉ်တပ်လိုက်ချင်တယ်”
“မောင်ကျော်စွာရေ … လွတ်လပ်ရေးနေ့မှာမှမဟုတ်ပါဘူး … ငါတို့မှာ ပျောက်ဆုံးနေခဲ့တာ နေ့တိုင်းလိုလို ပါပဲကွာ”
တင်ညွန့်
၅.၁.၂၀၂၆