ကျွဲနိုင် နွားနိုင်
----------------
တစ်နေ့တွင် ဘိုးတော်မင်းက ဦးပေါ်ဦးကို ဤသို့ မိန့်တော်မူသည်
“ပေါ်ဦး”
“ဘုရား”
“နှစ်စဉ် ငါ၏ လှေတော်နှင့် ရှင်မိဖုရားကြီး လှေတော်တို့ ပြိုင်ကြရာတွင် ငါ့လှေတော်သားများသည် ရှင်မိဖုရားကြီး လှေတော်သားများကို တစ်နှစ်မျှ နိုင်ဖူးခြင်းမရှိပြီ။ ဘုရင့်လှေနှင့် မိဖုရားကြီးလှေပြိုင်ရာ နှစ်စဉ်ရှုံးနေသဖြင့် ပြည်သူတွေကလည်း ပျက်ရယ်ပြုနေကြပြီ။ မိဖုရားကြီးလှေကို နိုင်တော်မူရန် မည်သို့ ပြုရမည်ကို လျှောက်တင်လော့”
ဦးပေါ်ဦးကလည်း ပြန်လည် လျှောက်တင်သည်မှာ
“မှန်လှပါဘုရား ပြိုင်ရာတွင် အနိုင်ရရေးအတွက် တာရာနက္ခတ်၊ အင်းချက်ယတြာ၊ ဂါထာနိသျည်း နည်းအစီရင်တွေ လိုပါတယ်ဘုရား။ နည်းအစီအရင် မကျွမ်းကျင်ပါက သိကြားမင်းကူတောင် နိုင်တော်မူနိုင်ရန် အကြောင်းမရှိပါဘုရား”
“ဟဲ့ပေါ်ဦး နင်လောကီသိပ္ပံနည်းဝိဇ္ဇာကို တတ်သလား စီရင်လော့”
“မှန်လှပါ အင်းဝနှင့် တောင်ငူတို့ စစ်ဖြစ်ကြရာတွင် တောင်ငူသည် ဗိုလ်ပါဆင်မြင်း အလုံးအရင်းနှင့် ဖြစ်နေသဖြင့် အင်းဝသားတို့သည် မည်သို့မျှ ထွင်းဖောက်နိုင်စွမ်းမရှိနိုင်လောက်အောင် ဖြစ်နေပါတယ်ဘုရား။ အင်းဝပြည့်ရှင်ကလည်း ကြံရာမရသဖြင့် တောင်ဘီလူးဆရာတော်ထံ ချဉ်းကပ်ပါတယ်ဘုရား။ တောင်ဘီလူး ဆရာတော်ကလည်း ဒကာတော်ရေမြေ့ရှင် နှစ်ဖက်စစ်သည်တော်တို့ အသေအပျောက်များစွာ တိုက်ရန် မဟုတ်။ သင်သည် တောင်ငူကို နိုင်လိုသလား”
“မှန်လှပါ နိုင်လိုတယ်ဘုရား”
“တောင်ငူကို နိုင်လိုလျှင် ငူတောင်ဖြစ်အောင်လုပ်”
“မည်သို့ လုပ်ရမည်နည်းဘုရား”
“မြို့နံကို ပြောင်းပြန်ကောက်သော် တောင်ငူသည် ငူတောင်ဖြစ်၏။ ငူတောင်ကို နံတူကောက်သော် ခတက်ဖြစ် လေ၏။ ခတက်ဆောင် အောင်လိမ့်မယ်” ဟု မိန့်တော်မူလေသည်။
“ဟဲ့ပေါ်ဦး အင်းဝက ခတက်ဆောင်လို့ နိုင်သွားသလား”
“မှန်လှပါ တောင်ဘီလူးကျမ်းမှာ ဆရာတော်မှာသည့်အတိုင်း ပြုလုပ်သဖြင့် နိုင်သည်ဟု ဆိုထားကြောင်းပါ”
“ဟဲ့ဒါဆိုလည်း ကျမ်းလာဆိုရိုးတွေအရ မိဖုရားကြီး လှေတော်ကို နိုင်အောင် လျှောက်တင်တော်မူစမ်း”
ဦးပေါ်ဦးက စဉ်စားပြီး
“မှန်လှပါ ကျွန်တော်မျိုးလျှောက်တင်သော လှေနှင့်သာပြိုင်လျှင် နိုင်ကို နိုင်ရမည်ဘုရား”
“ကိုင်း ကြိုက်တဲ့လှေကို သုံးစမ်း”
“ဖောင်တော်ဆိပ်တံတားမှာ ဆိပ်ခံရေဖောင်အဖြစ် အသုံးပြုသော ပိန်းကောလှေကြီးနှင့် ပြိုင်တော်မူပါဘုရား”
“ဟဲ့ ပေါ်ဦး ... မိဖုရားလှေကို ရွှေလောင်းလှေအချင်းချင်း ပြိုင်တာတောင် မနိုင်တာ၊ ပိန်းကောကြီးနဲ့ ပြိုင်ရင် နိုင်မှာတဲ့လား။ နင် ရူးနေသလား”
“မှန်လှပါ အစီအရင်နဲ့ ပြိုင်ခြင်းပါဘုရား”
“ဘယ်လို အစီအရင်လဲ လျှောက်တင်စမ်း”
“ပိန်း ဆိုသည်မှ ကြာသပတေးနံဖြစ်ပါသည်ဘုရား။ ကော ဆိုသည်ကား တနင်္လာနံ ဖြစ်ပါတယ်ဘုရား။ ထိုနံနှစ်နံသည် ဂမ္ဘေဓာတ်ရိုက်ပါတယ်ဘုရား။ ဘဝရှင်မင်းတရားကြီး၏ နံတော်သည် တနင်္လာဖြစ်ပါတယ် ဘုရား။ ထို့ပြင် မင်းဖြစ်သောကြောင့် မင်းသည် ကြာသပတေးနံဖြစ်ရာ ဂမ္ဘေဓာတ်ဖက်ဖြစ်ကြောင်းပါ”
ဦးပေါ်ဦးလည်း ဘုရင်ကို ကျမ်းကိုးအလီလီ ရှေးရိုးအစီအရင်တွေဖြင့် လျှောက်တင်သည်ရှိသော ဘိုးတော်လည်း
“ပေါ်ဦး ဟုတ်ရင်ဟုတ်ပေါ့။ မဟုတ်ရင်တော့ အရှက်တွေကွဲကုန်တော့မယ်”
“ယုံကြည်စွာ ယှဉ်ပြိုင်ပါဘုရား”
ဘိုးတော်မင်းလည်း ပေါ်ဦးစကားကို ယုံပြီးလျှင် လှေတော်ပြိုင်ပွဲတွင် ဘုရင့်ကိုယ်စား ပိန်းကောမလှေကြီးကို ဖောင်တော်ဆိပ်တွင် နေရာယူစေသည်။ မိဖုရာခေါင်ကြီး၏ ရွှေလောင်းတော်ကလည်း ပိန်းကောကြီးနှင့် တန်းတူ နေရာလာယူသည်။
ပိန်းကောလှေကြီးနှင့် လောင်းလှေတို့ပြိုင်မည်ဟု ဆိုသဖြင့် လူတွေကလည်း စိတ်ဝင်စားကြသည်။
အချိန်တော်ကျသဖြင့် ရတနာငွေမောင်းက အချက်ပေးလိုက်သည်ရှိသော် မိဖုရားကြီး၏ ရွှေလောင်းတော်သည် ဟည်းတိုက်ခါထွက်ပြီး ပန်းဝင်ကာ အောင်ပန်းကို ဆွတ်နိုင်ခဲ့သည်။
ထိုအချိန်တိုင်အောင်ပင် ဘဝရှင်မင်းတရားကြီး၏ ပိန်းကောကြီးမှာ နေရာမှ မရွေ့နိုင်အောင် ရှိလေ၏။
“ဟဲ့ ငပေါ်ဦး ... နင်ပြောတော့နိုင်မယ်ဆို။ နင့်စကားကို နားယောင်မိလို့ ငါအရှက်တော်ရပြန်ပြီ။ မောင်မင်း ပိန်းကောကြီးက ခုတောင် နေရာက မရွေ့သေးပါလား”
“ဘုန်းတော်ကြောင့် အားငယ်တော် မမူပါနဲ့ဘုရား။ မိဖုရားခေါင်ကြီးလှေတော်က ပန်းဝင်သွားပြီး အရှင် မင်းကြီး၏ ပိန်းကောကြီးသည် နေရာမှ မရွေ့နိုင်သေးသည့်တိုင်အောင် ရှုံးသည်ဟု မဆိုနိုင်ပါဘုရား”
“ဟဲ့ တာထွက်ကတောင် မထွက်နိုင်သေးတာကို ရှုံးတယ်လို့ မခေါ်ရင် ဘယ်လို ခေါ်ရမလဲ။ မောင်မင်းရူးနေ သလား”
“မှန်လှပါ လာကြည့်နေကြသော ဗိုလ်ထုဝန်းကျင်တို့သည် အသိအမြင် ဆင်ခြင်တုံတရား နည်းပါသည်ဟု မှတ်ယူတော် မူလိုက်ပါဘုရား”
“ဘာဆိုင်သလဲကွယ်”
“ဆိုင်ပါတယ်ဘုရား။ ကျွဲ နွား ဆင် မြင်းတိုက်ရာတွင် နိုင်သည့်တိရစ္ဆာန်မှာ နောက်က လိုက်ရိုးသာ ရှိပါတယ်ဘုရား။ ယခုလည်း အရှင့် ရွှေဘုန်းတော်ကြောင့် ပိန်းကောကြီးသည် နောက်က လိုက်ရမည်ဖြစ်ရာ အရှင်မင်းကြီး အနေဖြင့် ကျွဲနိုင် နွားနိုင် နိုင်ပြီဟုသာ မှတ်ယူတော်မူပါဘုရား”
ဦးပေါ်ဦး၏စကားကို ကြားလျှင် မင်းပရိသတ်အပေါင်းသည်း ရယ်မောကြလေသည်။
ဦးပေါ်ဦးအကြောင်းတွေကို ဖတ်ရသည်မှာ အလွန်ပျော်စရာကောင်းပါသည်။ ပိန်းကောနှင့်လောင်းလှေဆို သည်မှာ ဆင်နှင့်ဆိတ်လောက်ကွာသည်။ ထိုလှေနှစ်စီး ပြိုင်လျှင် မည်သူနိုင်မည်ဆိုသည်ကို ကလေးကအစ သိနိုင်ပါလျက် ဘိုးတော်အဘယ်ကြောင့် မသိနိုင်သနည်း။
ဗေဒင် ယတြာတွေကို ယုံကြည် အားကိုးလွန်းသောကြောင့်ဖြစ်သည်။ ဗေဒင်ယတြာကောင်းလျှင် နိုင်ကို နိုင်ရမည်ဆိုသည့် အတွေးရှင်များကို ဦးပေါ်ဦး၏ ပြောင်မြောက်သော ပညာပေးခန်းများမှာ သဘောကျစရာ ကောင်းလှပေသည်။
(ရည်ညွှန်းကိုးကား - အမတ်ကြီး ဦးပေါ်ဦးလျှောက်ထုံး၊ ကဝိသေတ္တုမဉ္ဇူသာကျမ်း၊ စာတော်ပြန်ဆရာသိန်း)
တင်ညွန့်
၁၈.၁.၂၀၂၄