ကံဆိုသည်မှာ
-------------
ကံဆိုတာကို ယုံကြပါသလား။
ကံဆိုသည်မှာ အဆုံးအဖြတ်လား။
လူကောင်းတွေမှာ အဘယ်ကြောင့် အဆိုးတွေကို ရင်ဆိုင်ကြုံတွေ့နေရပါသနည်း။
ကံဆိုသည်မှာ ယုံကြည်မှုတစ်ခုသာဖြစ်ပြီး လောက၏ နိယာမတရားတစ်ခုမဟုတ်ပေ။
ကံဆိုသည်မှာ ပါဠိဘာသာ ကမ္မဆိုသည့် စကားမှ ဆင်းသက်လာသည်။ ပြုမူခြင်း၊ ပြုလုပ်ခြင်း၊ အမှုဆောင်ခြင်း၊ အမှုကိစ္စတို့ကို ဆိုလိုသည်။ ယခင်က မိမိတို့၏ အပြုအမူပုံစံများတွင် အခြေခံသော စိတ်၏ စေ့ဆော်မှုဟု ဖွင့်ဆိုကြသည်။
ကံဆိုသည်ကို အကြောင်းတိုက်ဆိုင်မှု သို့မဟုတ် ကြိုတင်သတ်မှတ်ထားသောအရာဟူ၍ နားလည်မှုလွဲမှား နေကြသည်။
ကံဆိုသည့် သဘောတရားဖွင့်ဆိုချက်များကို လေ့လာလိုက်လျှင်
“ကောင်းတာလုပ်လျှင်၊ ကောင်းတာဖြစ်မည်”
“ဆိုးတာလုပ်လျှင်၊ ဆိုးတာဖြစ်မည်” ဟု ဖွင့်ဆိုထားသည်တို့ကိုလည်းတွေ့ရသည်။
ထို့ကြောင့် ကံဆိုသည်မှာ တိကျစွာအဓိပ္ပာယ်သတ်မှတ်၍မရနိုင်သလိုဖြစ်နေသည်။
သို့သော် လူတွေယုံကြည်နေကြသော ကံဆိုသည်မှာ
ကောင်းသောကံ = ရိုးသားခြင်း၊ သစ္စာရှိခြင်း၊ ယုံကြည်ခြင်း၊ အကြမ်းမဖက်ခြင်း၊ ချစ်ခြင်း၊ ကြင်နာခြင်း၊ စွန့်ကြဲခြင်း စသည်တို့နှင့် ဆက်နွှယ်နေသည်။ ထို့အတူပင်
ဆိုးသောကံ = လိမ်လည်ခြင်း၊ လှည့်ဖျားခြင်း၊ ဖောက်ပြန်ခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်း။ အကြမ်းဖက်ခြင်း၊ အတ္တကြီးခြင်း၊ မုန်းတီးခြင်းတို့နှင့် ဆက်စပ်နေကြောင်းလည်းတွေ့ရသည်။
ထို့ကြောင့် ကောင်းတာလုပ်လျှင်၊ ကောင်းတာဖြစ်မည်၊ ဆိုးတာလုပ်လျှင် ဆိုးတာဖြစ်မည်ဟု လက်ခံယုံကြည် နေကြခြင်းဖြစ်သည်။
သို့သော် လက်တွေ့ဘဝတွင် ဖြစ်ပျက်နေသည်တို့မှာ စဉ်းစားစရာတွေဖြစ်သည်။
မဟုတ်တာလုပ်သူတွေက သူတို့မဟုတ်တာ လုပ်နေရသော ဘဝတွေမှာ သာယာပျော်ရွှင်နေပြီး၊ ရိုးသား အပြစ်ကင်းသော သူတွေမှာ ထိုမဟုတ်တာလုပ်နေသူတို့၏ ဆိုးကျိုးတွေကို ခံစားနေကြရသည်။
အတ္တသမားတွေက သူတို့အတ္တအတွက် ရက်စက်ယုတ်မာကာ ကိုယ်ကျိုးရှာနေကြချိန်တွင်၊ အတ္တမဲ့ ကိုယ်ကျိုး မရှာ၊ အများကောင်းကျိုး သယ်ပိုးလုပ်ဆောင်နေသူတွေမှာ အတ္တသမားတွေ၏ ယုတ်မာသည့် ဒဏ်ကို ကောင်းကောင်း ခံနေကြရသည်။
ရာဇဝတ်မှုကျူးလွန်ခြင်းဆိုသည်မှာ ထမင်းစားရေသောက်ပမာ စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်လာချိန်တွင်၊ ရိုးသားစွာ ကြိုးစားရှာဖွေနေကြသူတွေမှာ ချောင်ထဲတွင် ငြိမ်နေကြရသည်။
ဘဝဆိုသည်မှာ ဂိမ်းကစားပွဲကြီးတစ်ခုလိုဖြစ်နေသည်။ အောင်နိုင်သူတွေက ဂိမ်းကို ဦးဆောင်နေပြီး သူတို့ကိုယ် သူတို့ပင် ကောင်းသည်၊ ဆိုးသည်ဆိုခြင်းကို နားမလည်နိုင်လောက်အောင်ဖြစ်နေသည်။ အင်အားက အရာရာကို အဆုံးအဖြတ်ပေးနေသည့်သဘောဖြစ်သည်။ သို့သော် အရာရာသည် တည်မြဲခြင်း ထာဝရမရှိ။ ဂိမ်းတစ်ခုလိုဖြစ်နေသောကြောင့် နိုင်သည့် အခိုက်အတန့်လေးရှိသလို၊ ရှုံးနိမ့်သည့်အနေအထား တစ်ခုကိုလည်း ချက်ချင်းရောက်ကောင်း ရောက်သွားနိုင်သည်။
ရာမဇာတ်ကို လူတိုင်းသိကြသည်။ ရာမသည် မကောင်းဆိုးဝါး ရာဝဏကို တိုက်ပွဲတွင် ရှုံးနိမ့်သည်။ အဘယ်ကြောင့်နည်း။ သူသည် လူကောင်းတစ်ယောက်ဖြစ်နေသောကြောင့်ပင်။ သို့သော် နောက်ဆုံးတွင် ရာဝဏကို နိုင်သည်။ အဘယ်ကြောင့်နိုင်သနည်း။ ရာမသည် အလွန်တော်သော စစ်သည် သူရဲကောင်း တစ်ယောက် ဖြစ်နေသောကြောင့်ပင်။
ဒုတိယကမ္ဘာစစ်ကာလတွင်လည်း ထိုနည်းအတိုင်းပင်။ ဟစ်တလာသည် စစ်ပွဲတိုင်းလိုလိုကို အောင်ပွဲဆင်နိုင်ခဲ့ သည်။ အဘယ်ကြောင့်နည်း။ သူသည် မကောင်းဆိုးဝါးစိတ်နှင့် ဘီလူးစီးသလိုဖြစ်နေသောကြောင့်ပင်။ သို့သော် ဟစ်တလာ အဘယ်ကြောင့် စစ်ရှုံးသနည်း။ မဟာမိတ်တပ်ပေါင်းစုသည် ဟစ်တလာတပ်ထက်ပိုပြီး စည်းလုံးညီညွတ်ကာ ရန်သူတို့ကို ပေါင်းစည်းလက်တွဲ တိုက်ပွဲဝင်ပြီး ချေမှုန်းနိုင်ခဲ့သည်။ စည်းလုံးခြင်းက ခွန်းအား၊ အင်အား၊ အောင်ပွဲကိုဖြစ်စေသည်ဆိုသော သဘောတရားပင်။
လောကတွင် ကံကိုချည်း ရိုးမယ်ဖွဲ့ပြီး ကံအထကို စောင့်နေရန်မဟုတ်ပါ။ ကံနောက်တွင် ဉာဏ်လိုက်ရမည်။ ဉာဏ်ကူမှ အောင်လံထူနိုင်သည်။
ကံဆိုသည်မှာ အလုပ်ဆိုသည့် သဘောတရားကို လက်ခံပါသည်။ ကြိုးစားအားထုတ်မှုမရှိလျှင် ကံလည်း ကောင်းလာနိုင်မည်မဟုတ်။ ကံနောက်ကဉာဏ်၊ ဉာဏ်နောက်က ကျွမ်းကျင်စွာ ထိန်းကျောင်း လုပ်ဆောင် နိုင်သည့် အရည်အချင်းတွေက ဘဝဂိမ်းကစားပွဲကြီးကို အဆုံးအဖြတ်ပေးသွားမည်ဖြစ်သည်။
သမိုင်းသက်သေတွေ အများကြီးရှိပါသည်။ ကမ္ဘာစစ်ကြီးတွေကို စည်းလုံးညီညွတ်မှုအားတွေဖြင့်သာ နောက်ဆုံးတွင် အောင်နိုင်ခဲ့သလို၊ မကောင်းဆိုးဝါးတွေကိုလည်း ညီညွတ်မှုအားတွေဖြင့်သာ ကမ္ဘာ လောကကြီးက ဖယ်ရှားနိုင်ခဲ့ကြောင်း သက်သေတွေရှိသည်။
နိုင်ချင်လျှင် ပြိုင်ရမည်။
တစ်ဦးချင်းမနိုင်လျှင် ပူးချင်းဖြင့်နိုင်သည်။
(Do You Believe in Karma? , Andhesh Singh ၏ စာကို မှီးငြမ်းပါသည်)
တင်ညွန့်
၂၀.၁.၂၀၂၅