ပြုပြင်သူများ

 ပြုပြင်သူများ


ကျွန်တော်ဟာ call ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့ အဘိုးကြီးတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးပစ်ဖို့ လက်တစ်ကမ်းအလိုမှာ ရှိနေခဲ့တာပါ။ စည်းကမ်းထိန်းသိမ်းရေး အရာရှိရဲ့ ဖုန်းနံပါတ်ကို ခေါ်ဆိုဖို့ အသင့်ပြင်ထားပြီးသား၊ တရားစွဲဆိုမယ့် ခြိမ်းခြောက်စာကိုလည်း ခေါင်းထဲမှာ ရေးပြီးသားပါ။ သူ့ကို ချေမှုန်းပစ်ဖို့ ကျွန်တော် အားခဲထားခဲ့တယ်။

ဒါပေမဲ့ သူ့ရဲ့ ကားဂိုဒေါင်ထဲကို ဝင်လိုက်တဲ့အချိန်မှာတော့ ကျွန်တော့်ရဲ့ ၁၃ နှစ်အရွယ် သားလေးဟာ ဂဟေဆော်တဲ့ မီးခွက်ကို ကိုင်ထားတာ တွေ့လိုက်ရတယ်။ ကျွန်တော့်ရဲ့ နှလုံးခုန်သံတွေ ခဏတာ ရပ်တန့်သွားခဲ့ရတယ်။


ကျွန်တော်တို့က "Silver Creek Estates" ဆိုတဲ့ အထက်တန်းစား ရပ်ကွက်မှာ နေကြတာပါ။ 

သိကြတဲ့အတိုင်းပဲ

မြက်ခင်းပြင်တွေက ဓာတုဗေဒနည်းနဲ့ ပြုပြင်ထားသလို စိမ်းစိုညီညာနေရမယ်၊ အမှိုက်ပုံးတွေကို အိမ်နဲ့အရောင်တူ ခြံစည်းရိုးလေးတွေနောက်မှာ ဖုံးကွယ်ထားရမယ်၊ တကယ်လို့ ကားဂိုဒေါင်တံခါးကို အချိန်အကြာကြီး ဖွင့်ထားမိရင် မိနစ် ၂၀ အတွင်း အိမ်ရာကော်မတီ (HOA) ကနေ သတိပေး အီးမေးလ် ရောက်လာတတ်တဲ့ နေရာမျိုးပေါ့။ အဲ့ဒီနေရာက အတင်းအကျပ် တိတ်ဆိတ်ခိုင်းထားပြီး နည်းပညာတွေနဲ့ အသက်ရှူကျပ်မတတ် ပြည့်စုံလွန်းနေတဲ့ ရပ်ကွက်တစ်ခုပါ။

ကျွန်တော်က အဲ့ဒီပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့သူ။ နည်းပညာအကြံပေး ကုမ္ပဏီတစ်ခုရဲ့ ဒု-ဥက္ကဌ။ တစ်နေ့ကို ၁၄ နာရီပတ်လုံး 4K မော်နီတာ ၃ လုံးရှေ့မှာ ထိုင်ပြီး ကိန်းဂဏန်းတွေ၊ အချက်အလက်တွေကို ကိုင်တွယ်နေရသူ။ အီးမေးလ်တစ်စောင် မှားပို့လိုက်တာနဲ့ ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းတွေ ထိုးကျသွားနိုင်တဲ့ အခြေအနေမှာ အမြဲရှိနေသူ။ လက်ချောင်းလေးတွေက နူးညံ့ပြီး၊ အီတလီချုပ်ဝတ်စုံတွေကို ဝတ်တယ်၊ အသက်အာမခံကိုလည်း အမြင့်ဆုံး ထားထားတဲ့သူပေါ့။

အဲ့ဒီမှာ "မစ္စတာ မီလာ" ဆိုတဲ့ အဘိုးကြီး ရှိတယ်။

သူက ကျွန်တော်တို့ ရပ်ကွက်ရဲ့ ထူးဆန်းတဲ့ အနှောင့်အယှက်တစ်ခု။ ရပ်ကွက်တစ်ခုလုံးမှာ ၁၉၈၀ ခုနှစ်တွေကတည်းက ဘာမှမပြောင်းလဲဘဲ ကျန်နေခဲ့တဲ့ တစ်ခုတည်းသော အိမ်။ ကားလမ်းပေါ်မှာလည်း အမြဲတမ်း ဆီကွက်တွေနဲ့၊ မြက်ခင်းပြုစုသူတွေ မနိုင်တဲ့ ပေါင်းပင်တွေကလည်း ထောင်ထောင် ထောင်ထောင်နဲ့။ သူ့ရဲ့ ကားဂိုဒေါင်တံခါးကတော့ အမြဲပွင့်နေတတ်ပြီး တိတ်ဆိတ်နေတဲ့ ရပ်ကွက်ထဲကို ဟောင်းနွမ်းတဲ့ တေးသီချင်းသံတွေနဲ့ သတ္တုပွတ်တိုက်သံတွေက အမြဲတမ်း လွင့်ပျံလာတတ်တယ်။

ကျွန်တော့်သား အီသန် (Ethan) ဟာ လွန်ခဲ့တဲ့ နှစ်ပတ်ကတည်းက နေ့တိုင်း ညနေပိုင်းဆို ပျောက်ပျောက်သွားတတ်တာ။

အီသန်က လိုအပ်ချက်တွေ ပိုမိုများပြားပြီး စောင့်ရှောက်ရ ခက်ခဲတဲ့ကလေးတစ်ယောက်ပါ။ (ကျောင်းက ဆရာမတွေကတော့ ဒီစကားလုံးကို သုံးတာပေါ့)။ သူက စိုးရိမ်စိတ် လွန်ကဲတတ်တယ်၊ အာရုံစူးစိုက်မှု အားနည်းတယ် (ADHD)၊ အာရုံခံစားမှုဆိုင်ရာ ပြဿနာတွေ ရှိတယ်။ ဝိုင်ဖိုင် (Wi-Fi) လိုင်းကျသွားရင်တောင် သူက ရူးမတတ် ဖြစ်သွားတတ်တာ။ နေ့စဉ် လုပ်ရိုးလုပ်စဉ်လေး ပြောင်းသွားရင်တောင် သူ ထိတ်လန့်သွားတတ်တယ်။ သူ့ကို တည်ငြိမ်အောင် ထိန်းဖို့အတွက် စိတ်ရောဂါကု ဆရာဝန်တွေ၊ အသံလုံ နားကြပ်တွေ၊ တက်ဘလက်တွေအတွက် ကျွန်တော်တို့ ငွေတွေ အများကြီး ကုန်ခဲ့ပြီးပြီ။

အဲ့ဒီနေ့မှာ မစ္စတာ မီလာရဲ့ "ခွင့်ပြုချက်မရှိဘဲ စီးပွားရေးလုပ်ခြင်းနဲ့ ဆူညံမှုဖြစ်စေခြင်း" ဆိုတဲ့ အိမ်ရာကော်မတီရဲ့ နောက်ဆုံးသတိပေးစာ ရောက်လာတဲ့အချိန်မှာ အီသန်လည်း သူ့အခန်းထဲမှာ မရှိတာကို သိလိုက်ရတော့ ကျွန်တော် ဒေါသတချောင်းချောင်း ထွက်သွားခဲ့တယ်။

ကျွန်တော် လမ်းကို ဖြတ်ကူးသွားတယ်၊ အဲ့ဒီသတိပေးစာကို လက်ထဲမှာ လက်ပစ်ဗုံးတစ်လုံးလို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့တယ်။ အိမ်ခြံမြေဈေးနှုန်းတွေ၊ ကလေးသူငယ် ဘေးကင်းရေးတွေ၊ သန့်ရှင်းစင်ကြယ်တဲ့ ရပ်ကွက်အကြောင်းတွေကို အားရပါးရ ဟောပြောပစ်ဖို့ ကျွန်တော် ပြင်ဆင်ထားခဲ့တာ။ ခေတ်နောက်ကျနေတဲ့ အဘိုးကြီးဆီကနေ ကျွန်တော့်ရဲ့ အားနွဲ့တဲ့သားလေးကို ကာကွယ်ပေးဖို့ သွားခဲ့တာပါ။

ဟောင်းနွမ်းနေတဲ့ ကားဂိုဒေါင်ထဲကို ကျွန်တော် ဝုန်းဒိုင်းကြဲ ဝင်သွားလိုက်တယ်။ ဓာတ်ဆီနံ့၊ လွှစာနံ့၊ ဆီချေးနံ့နဲ့ ကော်ဖီနံ့တွေက နှာခေါင်းထဲကို အရင်ရောက်လာတယ်။ ၁၉၇၅ ခုနှစ်တွေဆီက ခံစားချက်မျိုးပေါ့။

"မီလာ”

ကျွန်တော် အော်လိုက်တယ်။ "ကျွန်တော့်သားကို ခင်ဗျားနား မကပ်ခိုင်းနဲ့လို့ ကျွန်တော် ပြောထား”

ကျွန်တော့်စကားတွေ ရပ်တန့်သွားတယ်။

အဲ့ဒီနေရာက ကားဖျက်တဲ့နေရာ မဟုတ်ဘူး။ စက်မှုပညာ သမိုင်းကြောင်းရဲ့ နတ်ကွန်းတစ်ခုလိုပဲ။ နံရံပေါ်မှာ ကိရိယာပေါင်း ထောင်ချောင်းချီကို စနစ်တကျ ချိတ်ဆွဲထားတယ်။ စင်ပေါ်မှာလည်း ရှေးဟောင်း ရေဒီယိုတွေ၊ မီးအိမ်တွေနဲ့ စက်ပစ္စည်းတွေ အပြည့်။

တဝီဝီမြည်နေတဲ့ မီးချောင်းအောက်မှာ ကောင်လေး ၃ ယောက်ဟာ စက်အင်ဂျင်တစ်ခုကို ဝိုင်းကြည့်နေကြတယ်။ တစ်ယောက်က ရန်ဖြစ်လို့ ကျောင်းထုတ်ခံထားရတဲ့ ကောင်လေး၊ နောက်တစ်ယောက်က ဘယ်သူ့ကိုမှ မျက်လုံးချင်းမဆိုင်ရဲတဲ့ အေးအေးဆေးဆေး ကောင်လေး။

ပြီးတော့... အီသန်။

အာလူးထောင်းရဲ့ နူးညံ့တဲ့ ထိတွေ့မှုကိုတောင် ရွံတတ်တဲ့ ကျွန်တော့်သားလေးဟာ အခုတော့ တံတောင်ဆစ်အထိ ဆီမည်းတွေ ပေကျံနေတယ်။ သူက မဖြုတ်နိုင်ဘဲ တင်းနေတဲ့ မူလီတစ်လုံးကို ဂွ နဲ့ အားစိုက်ပြီး လှည့်နေတယ်။ သူ စိတ်မတိုဘူး။ ဂနာမငြိမ် မဖြစ်ဘူး။ သူ့ရဲ့ iPad ကိုလည်း ရှာမနေဘူး။ သူဟာ ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ ပြင်းထန်တဲ့ အာရုံစူးစိုက်မှုမျိုးနဲ့ နှုတ်ခမ်းကိုကိုက်ပြီး ကြိုးစားနေတာ။

မစ္စတာ မီလာကတော့ အင်္ကျီအဟောင်းကြီး ဝတ်ပြီး ထိုင်ခုံလေးပေါ်မှာ ထိုင်နေတယ်။ သူ ကျွန်တော့်ကို လှည့်မကြည့်ဘူး။ သူ့အကြည့်တွေက ကျွန်တော့်သားဆီမှာပဲ ရှိနေတယ်။

"ဖြည်းဖြည်းချင်းပဲ သား" မီလာက တည်ငြိမ်တဲ့ အသံနဲ့ ပြောတယ်။ 

“အားနဲ့ အတင်းမလုပ်နဲ့။ အတင်းလုပ်ရင် မူလီခေါင်း စားသွားလိမ့်မယ်။ သံထည်ရဲ့ လိုက်လျောမှုကို ခံစားကြည့်။ သံမဏိရဲ့ အသံကို နားထောင်စမ်း။"


အီသန်က အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်တယ်၊ မျက်လုံးကို ခဏမှိတ်တယ်၊ ပြီးတော့မှ သေချာ ဂရုစိုက်ပြီး အားစိုက်လိုက်တယ်။

ဂျိ... ခရက်။

မူလီ ပြုတ်ထွက်သွားတယ်။

"ရပြီ”

အီသန်က ဝမ်းသာအားရ အော်လိုက်တယ်။ သူ့မျက်နှာပေါ်က အပြုံးက ကျွန်တော့်ရင်ထဲမှာ တစ်ခုခုကို ကျိုးပျက်သွားစေသလို ခံစားရစေတယ်။ အဲ့ဒါက ဟန်ဆောင်မှုမရှိတဲ့ တကယ့် အပြုံးအစစ်ပါ။ 

“မစ္စတာ မီလာ၊ ကျွန်တော် ရသွားပြီ”

"ကောင်းတယ် ငါ့တူ" မီလာက ခပ်တိုးတိုး ပြောတယ်။ "အခု ဂတ်စ်ကက် (Gasket) ကို စစ်ကြည့်။ အက်နေလား။အက်နေရင် အသစ်လုပ်မယ်။ ငါတို့က အသစ်လဲတာမျိုး မလုပ်ဘူး။ ပြန်ပြင်တာ။"

ကျွန်တော် ကြောင်ပြီး ရပ်နေမိတယ်။ လက်ထဲက အိမ်ရာကော်မတီရဲ့ သတိပေးစာက ရုတ်တရက် အဓိပ္ပာယ်မရှိတဲ့ အရာတစ်ခု ဖြစ်သွားခဲ့တယ်။ ဒီဂိုဒေါင်က ပရမ်းပတာ ဖြစ်နေတဲ့နေရာ မဟုတ်ဘူး။ အရာရာကို ပြန်လည်ပြုပြင်နေတဲ့ နေရာတစ်ခုပါ။

မီလာက နောက်ဆုံးတော့ ကျွန်တော့်ကို လှည့်ကြည့်လာတယ်။ စစ်ပွဲတွေ၊ ခက်ခဲတဲ့ ဆောင်းရာသီတွေနဲ့ ကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းခဲ့တဲ့ မျက်လုံးတွေ။ သူက ကျွန်တော့်ရဲ့ ဒေါသတွေ ပျောက်ဆုံးသွားပြီး ကြောင်အမ်းအမ်း ဖြစ်နေတာကို ကြည့်နေတယ်။

"သူ့ကို ပြန်ခေါ်သွားမလို့လား”

သူက မေးတယ်။ ကျွန်တော့်ကိုလည်း မကြောက်ဘူး၊ ကော်မတီကိုလည်း မမှုဘူး။ အေးအေးဆေးဆေးပါပဲ။

"ကျွန်တော်... စာတစ်စောင် ရထားလို့ပါ" 

ကျွန်တော်က စာရွက်ကို နောက်မှာ ဝှက်ရင်း မရေမရာ ပြောလိုက်မိတယ်။ "ခင်ဗျားက ဒီမှာ စီးပွားရေး လုပ်နေတာလို့ သူတို့က ပြောကြလို့။"

သူက ခပ်ရယ်ရယ် ရယ်လိုက်တယ်။ "စီးပွားရေး။ကျွန်တော် ဒီမှာ တစ်ပြားတစ်ချပ်မှ မရတာ နှစ်ပေါင်း ၂၀ ရှိပြီ။ ဒီကလေးတွေက သူတို့ရဲ့ ပျက်စီးနေတဲ့ အမှိုက်တွေကို ဒီကို ယူလာကြတယ်။ ကျွန်တော်က အဲ့ဒါတွေကို ဘယ်လိုပြင်ရမလဲဆိုတာ ပြပေးရုံပဲ။"

သူ ထရပ်လိုက်တယ် (ကျွန်တော် ထင်ထားတာထက် ပိုမြင့်တယ်)၊ သူ့လက်ကို အဝတ်စုတ်နဲ့ သုတ်ပြီး ကျွန်တော့်ကို ကမ်းပေးတယ်။ ကျွန်တော် ခေတ္တတွေဝေသွားပြီးမှ သူ့လက်ကို ပြန်ဆွဲနှုတ်ဆက်လိုက်တယ်။ ရုံးခန်းထဲမှာ နေတဲ့ ကျွန်တော့်ရဲ့ နူးညံ့တဲ့လက်ကို သူ့ရဲ့ ကြမ်းတမ်းတဲ့ လက်ဖဝါးကြီးက လွှမ်းမိုးသွားတယ်။ ကြမ်းတမ်းတယ်၊ စစ်မှန်တယ်၊ ရိုးသားလွန်းလို့ ကြောက်စရာတောင် ကောင်းတယ်။

"မင်းရဲ့ သားလေးကလေ" 

အီသန် မကြားအောင် သူ ခပ်တိုးတိုး ပြောတယ်။

 "သူက ပျက်စီးနေတဲ့ ကလေး မဟုတ်ပါဘူး။"

"သူက စိုးရိမ်စိတ် လွန်ကဲတတ်တဲ့ ရောဂါရှိတယ်" ကျွန်တော်က ကိုယ့်ဘက်ကနေ ခုခံပြီး ပြောမိတယ်။ "သူ့မှာ စနစ်တကျ ထိန်းချုပ်မှုတွေ လိုအပ်တယ်။"

"သူက ပျင်းနေတာပါ" မီလာက ပြတ်ပြတ်သားသား ပြောတယ်။ "သူ့ဦးနှောက်က အရှိန်အဟုန်နဲ့ သွားနေတာကို မင်းက နံရံတွေကာထားတဲ့ အခန်းထဲမှာ စခရင် (Screen) တွေရှေ့မှာ ထားထားတယ်။ သူက ခက်ခဲတဲ့ အရာတွေကို ရင်ဆိုင်ဖို့ လိုအပ်တယ်။ သူ့လက်တွေနဲ့ ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်ဆိုတာကို ခံစားဖို့ လိုအပ်တယ်။ တစ်ခုခု ပျက်သွားရင် လွှင့်ပစ်ရမှာ မဟုတ်ဘဲ ပြန်ပြင်ရမယ်ဆိုတာကို သူ သင်ယူဖို့ လိုအပ်တယ်။"


ကျွန်တော် အီသန်ကို ကြည့်လိုက်တယ်။ သူက တခြားကောင်လေးတွေနဲ့ ရယ်မောရင်း ကိုယ်ပေါ်က ဆီချေးတွေကို စစ်ပွဲကရလာတဲ့ ဒဏ်ရာတွေလို ဂုဏ်ယူပြနေကြတယ်။ သူတို့က အဖွဲ့အစည်းတစ်ခု ဖြစ်နေကြပြီ။ ကျွန်တော်ကတော့ နှစ်ပေါင်းများစွာ သူ့ကို ဆေးတွေတိုက်ပြီး ပုံစံခွက်ထဲ အတင်းသွတ်သွင်းဖို့ ကြိုးစားခဲ့တာ။

မစ္စတာ မီလာကတော့ သူ့လက်ထဲကို ဂွ တစ်ချောင်း ပေးလိုက်ရုံနဲ့ သူ့ဘဝအတွက် အဓိပ္ပာယ်တစ်ခု ပေးလိုက်နိုင်တယ်။

"ငါတို့က ‘သုံးပြီးရင် လွှင့်ပစ်တဲ့' ခေတ်ကြီးထဲမှာ နေနေကြတာ" မီလာက ဖွင့်ထားတဲ့ တံခါးအပြင်ဘက်က တစ်ပုံစံတည်း တူညီနေတဲ့ အိမ်လှလှကြီးတွေကို ငေးကြည့်ရင်း ပြောတယ်။ "ပေါင်မုန့်ကင်စက်ပဲဖြစ်ဖြစ်၊ ကားပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ်... အလုပ်မလုပ်တော့ရင် လွှင့်ပစ်လိုက်ကြတာပဲ။ ဒါပေမဲ့ ဘာတစ်ခုမှ ပြင်လို့မရဘူးဆိုတာ မရှိဘူး။ စိတ်ရှည်မှုနဲ့ ဇွဲရှိရင် အားလုံး ပြင်လို့ရတယ်။"

ကျွန်တော် လက်ထဲက သတိပေးစာကို ကြည့်လိုက်တယ်။ "အမြင်မတော်ခြင်း"၊ "ခွင့်ပြုချက်မရှိဘဲ လူစုလူဝေး လုပ်ခြင်း" တဲ့။

ကျွန်တော် ထောင့်က အမှိုက်ပုံးထဲကို အဲ့ဒီစာရွက်ကို ပစ်ထည့်လိုက်တယ်။

"အဲလေ... ခင်ဗျား..." 

ကျွန်တော် ချောင်းတစ်ချက်ဟန့်လိုက်တယ်။ "ကျွန်တော့်ရဲ့ ၁၉၆၉ ခုနှစ်ထုတ် Camaro ကားဟောင်းကြီးရဲ့ စက်ပစ္စည်းတွေကိုရော ပြန်ပြင်လို့ ရဦးမလား။ဂိုဒေါင်ထဲမှာ ဖုန်အလိမ်းလိမ်းနဲ့ ပစ်ထားတာ ၁၅ နှစ်ရှိပြီ။ မိန်းမကတော့ အမှိုက်ထဲ ရောင်းပစ်တော့မလို့။"

မီလာက ပြုံးလိုက်တဲ့အခါ သူ့မျက်နှာပေါ်က အရေးအကြောင်းတွေက ပျောက်ကွယ်သွားသလိုပဲ။ "ယူလာခဲ့လေ။ ဒါပေမဲ့ သံချေးတွေကိုတော့ မင်းဘာသာမင်း တိုက်ရမယ်။ ငါက မင်းရဲ့ အစေခံ မဟုတ်ဘူး၊ ဒါကလည်း ပရဟိတ မဟုတ်ဘူး။"


ကျွန်တော် အဲ့ဒီမှာ နှစ်နာရီလောက် နေခဲ့တယ်။ ကျွန်တော့်ရဲ့ ဈေးကြီးတဲ့ ဖိနပ်တွေ ပျက်စီးသွားပြီး အင်္ကျီမှာလည်း ဆီကွက်တွေ ပေကုန်တယ်။ ဒါပေမဲ့ အီးမေးလ်ကို တစ်ခါမှ ထုတ်မစစ်ဖြစ်ခဲ့ဘူး။

နေဝင်ချိန်မှာ အိမ်ကို လမ်းလျှောက်ပြန်တော့ အီသန်က ဖုန်းကို ထုတ်မကြည့်ဘူး။ သူက ယုံကြည်မှု အသစ်တွေနဲ့ လမ်းလျှောက်နေတယ်၊ သူ့လက်တွေကတော့ အလုပ်ကြမ်းလုပ်ထားလို့ မည်းမှောင်နေတယ်။

"ဖေဖေ”

"အေး သား..."

"မနက်ဖြန်ကျရင် အိမ်နီးနားချင်းရဲ့ စက်ဘီးကွင်းဆက်ကို ပြင်ပေးကြမလို့။ မစ္စတာ မီလာက ပြောတယ်... အဲ့ဒါက ပျက်နေပြီ၊ ဒါပေမဲ့ သေချာ အပူပေးပြီး ပြန်ဆက်ရင် ရတယ်တဲ့။"

"ကောင်းတာပေါ့ သားရဲ့။"

"ဖေဖေ”

"ပြောလေ..."

"အဲ့ဒီနေရာမှာ ရှိနေရင် သားမကြောက်ဘူး။ ရင်ထဲမှာလည်း အသက်ရှူ မကျပ်တော့ဘူး။ ဆူညံသံတွေကလည်း... အဓိပ္ပာယ်ရှိသလို ခံစားရတယ်။"

ကျွန်တော် သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ဖက်ထားလိုက်တယ်။ ဆီချေးနံ့တွေ ရနေပေမဲ့ နှစ်ပေါင်းများစွာအတွင်း အနွေးထွေးဆုံး ဖက်ထားမိတာပါ။

ကျွန်တော်တို့ဟာ အရာရာကို အလွယ်တကူ ရနိုင်တဲ့ ကမ္ဘာကြီးကို တည်ဆောက်ခဲ့ကြတယ်။ လက်ဗွေနှိပ်ရုံနဲ့ ထမင်းစားလို့ရတယ်၊ အိမ်နေရင်း အလုပ်လုပ်လို့ရတယ်၊ အရာရာက ချက်ချင်းလက်ငင်းပဲ။ ဒါပေမဲ့ "သန့်ရှင်းစင်ကြယ်" တဲ့ အရာတွေကို လိုက်လံရှာဖွေရင်းနဲ့ လက်သည်းကြားထဲက မြေကြီးတွေက ပေးတဲ့ ဆေးစွမ်းကို ကျွန်တော်တို့ မေ့လျော့ခဲ့ကြတယ်။ ကျွန်တော်တို့ဟာ အလုပ်ရုံတွေအစား အကာအကွယ်ပေးထားတဲ့ အခန်းကျဉ်းလေးတွေကို ရွေးချယ်ခဲ့ကြပြီးမှ ငါတို့ကလေးတွေ ဘာလို့ ဒီလောက် နုနယ်နေရတာလဲလို့ အံ့သြနေခဲ့ကြတယ်။

ကျွန်တော်တို့ဟာ ကျရှုံးမှာကို ကြောက်တဲ့ မျိုးဆက်တစ်ခုကို မွေးထုတ်နေကြတာ။ ဘာလို့လဲဆိုတော့ သူတို့က ကျရှုံးမှုဆိုတာ 'မူလီတစ်လုံး စားသွားတာ' နဲ့ တူတယ်ဆိုတာကို မသိခဲ့ကြလို့ပဲ။ ပြန်လှည့်ထုတ်၊ ဆီထည့်၊ ပြီးရင် နောက်တစ်ခါ ထပ်ကြိုးစားရုံပဲပေါ့။

မနေ့က အိမ်ရာကော်မတီက နောက်ထပ် သတိပေးစာတစ်စောင် ပို့လာပြန်တယ်။ "ခွင့်ပြုချက်မရှိဘဲ လူစုတာကို ရပ်တန့်ဖို့" တဲ့။

ကျွန်တော် ပြန်စာပို့လိုက်တယ်။

“ဒါက လူစုတာ မဟုတ်ဘူး၊ ဒါက စာသင်ခန်းတစ်ခုပါ။ ခင်ဗျားတို့ ကန့်ကွက်ချင်ရင် ဒီကို လာခဲ့ကြ။ ခင်ဗျားတို့ရဲ့ ကျဉ်းမြောင်းတဲ့ အမြင်တွေကို ဘယ်လိုပြင်ရမလဲဆိုတာ ကျွန်တော်တို့ ပြပေးပါ့မယ်။"

ဒီတစ်ပတ် ပိတ်ရက်မှာတော့ ကျွန်တော် ဂေါက်ရိုက်မသွားတော့ဘူး။ ကျွန်တော် လက်တွေ့သုံးတဲ့ ကိရိယာတွေ သွားဝယ်တော့မယ်။ ဘာလို့လဲဆိုတော့ တကယ်တမ်း ပြန်ပြင်ဖို့ အလိုအပ်ဆုံးသူက ကျွန်တော် ကိုယ်တိုင် ဖြစ်နေလို့ပါပဲ။


#ဟမ်စိုင်း(ဆေး-မန်း) 

ဘာသာပြန် Daily Stories