မေတ္တာ တစ်ဖက်စောင်း(စ/ဆုံး)
——————————-
ကျွန်မ ခွဲစိတ်ဖို့အတွက်
ဆေးရုံကို တက်ရတဲ့နေ့မှာပေါ့
အထုပ်အပိုးတွေကိုဆေးရုံအပြင်ဖက်မှာ ကျွန်မအဒေါ်တို့နဲ့ ထားခဲ့ပြီး ဆေးရုံတက် register လုပ်ဖို့
ကျွန်မ တစ်ယောက်ထဲဝင်သွားရတယ်
စိတ်ထဲကြောက်စိတ်ဖြစ်လားဆိုတော့အနည်း အကျဉ်းလောက်ပါပဲ
ထိုင်ခုံလေးတွေတန်းစီထားတဲ့နေရာမှာ ကျွန်မ ထိုင်လိုက်တယ်
ကျွန်မ ဘေးမှာ မျက်ရည်စမ်းစမ်းနဲ့
ကြီးတော်တစ်ယောက် တရှုံ့ရှုံ့ငိုနေတယ်
ဒါနဲ့ ကျွန်မက ပဲစပြီး
အေမ ဘာဖြစ်လို့လဲ ကြောက်လို့လား အဖော်မပါဘူးလားဆိုတဲ့
မေးခွန်းကို မေးလိုက်ပါတယ်
သူကလည်း အဖော်တော့ပါပါတယ်
အမေနည်းနည်းကြောက်လို့ပါ
သမီးရယ်ဆိုပြီး အသံတုန်တုန်နဲ့ ပြန်ဖြေရှာတယ်
ကျွန်မက
အမေရယ်မကြောက်နဲ့နော်
ဘာမှမဖြစ်ဖူး ဒီဆေးရုံက ဆရာဝန်တွေက သိပ်တော်တာ ခွဲစိတ်တိုင်းအောင်မြင်တယ်
ဆိုပြီး ခွန်အားရစေတဲ့စကားတွေ
ပြောပေးလိုက်ပါတယ်
ခဏနေတော့
ဆရာမဆီက ဒေါ်အုံးချိန်ဆိုတဲ့
နာမည် ရယ် ကျွန်မ နာမည်ရယ်
ရှေ့ဆင့်နောက်ဆင့်ခေါ်ပါတယ်
ဒါနဲ့ပဲ သူနဲ့ကျွန်မ ကုတင်ဘေးချင်းကပ် ကျပါတယ်
နှစ်ယောက်လုံးပက်လက်အနေအထားပေါ့
ကျွန်မနာမည်ကိုလည်း သေချာ
ရေးထားပါရဲ့နဲ့ မြနဲ့ မြတ်မှားခေါ်လို့
ကျွန်မ နဲ့နာမည်က မြပါဆရာမလို့
လှမ်းပြောရသေးတယ်
အဲဒီအချိန်မှာပဲ သူနာပြုဆရာမလေးတစ်ယောက်က ဒေါ်အုံးချိန်
လားရှိန်လားလို့ လာမေးပြန်တယ်
ကြီးတော်က ကျွန်မ နာမည်က ရှိန်ပါ လူတွေ ချိန်လို့ခေါ်ရင်း ဒေါ်အုံးချိန်ဖြစ်သွားတာလို့ အသံတုန်တုန်နဲ့ပဲပြန်ဖြေရှာတယ်
ဒီလိုနဲ့ registerလုပ်ပြီးတော့
ကျွန်မ တို့ကို ကုတင်နေရာချပေဖို့ခေါ်သွားတော့ လူနာစောင့်ပါလိုက်ရတယ်
အမေဒေါ်အုံးချိန်မှာ အသက်၂၇နှစ်အရွယ်လောက် ကောင်မလေးတစ်ယောက်ပါလာတယ်
ကောင်မလေးက ကွမ်းတအားစားပုံရတယ်
အမေဒေါ်အုံးချိန်က ကျွန်မကို
ကျွန်မ နဲ့အတူတူတစ်ရက်ထဲခွဲရရင်သိပ်ကောင်းမှာပဲလို့လဲ တစ်ဖွဖွပြောရှာတယ်
ကျွန်မ ကိုတော်တော်ခင်သွားပုံရတယ်
ကုတင်နေရာရောက်ရောက်ချင်း ပဲ ကျွန်မ အတွက် သွေးလိုရင်လှူဖို့လိုက်လာတဲ့မောင်လေးတွေက သွေးလှူဘဏ်ကို ကျွန်မလာခဲ့ဖို့ကျွန်မဆီက စာရွက်တွေပါမှသူတို့
သွေးဖောက်လို့ရမယ့်အကြောင်း
ဖုန်းဆက်လာတာနဲ့ ကျွန်မ လိုက်သွားရတယ်
ကျွန်မ ပြန်လာတော့ သူမကနေရာချပြီးပြီ
ကျွန်မကိုလည်းသူ့ဘေးမှာနေပါသမီးရယ်လို့ပြောရှာတယ်
သူ့ဘေးက အရမ်းမှောင်တော့
ကျွန်မ ကအသက်ရှူကြပ်တတ်တော့ ပြတင်းပေါက်ရှိတဲ့နေရာမှာ
ပဲနေလိုက်တယ်
အမေရယ်တစ်ခန်းထဲပဲ အားမငယ်ပါနဲ့လို့ကျွန်မသူမကိုနှစ်သိမ့်လိုက်ပါတယ်
ညနေရောက်တော့
သူကျွန်မကုတင်ဖက်ကိုကူးလာတယ်
ပြီး တော့ကျွန်မအဒေါ်နဲ့
စကားတွေပြောတယ်
သူ့မှာ လယ်နှစ်ဧက ရှိတယ်
အုန်းခြံလည်းရှိတယ်တဲ့
အုန်းသီးတစ်ခါတစ်ခါချရင်
အလုံးရာချီရကြောင်း
ဆေးရုံတက်ဖို့ဘယ်သားသမီးဆီ
ကမှ ငွေကြေးအထောက်အပံ့မယူရကြောင်း တွေပြောတော့
ကျွန်မ ကတောင် အမေက သမီးထက်အများကြီးချမ်းသာတာ
ဘာအားငယ်စရာရှိလဲလို့
ဝင်နောက်လိုက်ပါသေးတယ်
သူမက ဆက်ပြီး
သူ့မှာ သားသမီးသုံးယောက်ရှိကြောင်း သူ့သမီးအကြီးက ရန်ကုန်မှာအိမ်ထောင်ကျပြီး ကလေးတဖက်နဲ့မို့ဆေးရုံလာမစောင့်နိုင်ကြောင်း
အငယ်နှစ်ယောက်ကတော့ အထည်ချုပ်မှာအလုပ်လုပ်တယ်တဲ့
အခုလည်းအထည်ချုပ်စက်ရုံက
တစ်ရက်ပျက်ရင်ခြောက်သောင်း
လောက်ဖြတ်ခံရမှာမို့ မလာခဲ့နဲ့လို့
သူ့သားသမီးတွေကိုပြောထားတယ်တဲ့လေ
ဒါကြောင့်ရွာကသူ့တူမလေးကိုလူနာစောင့်ခေါ်လာလိုက်တာဆိုပြီး
အဒေါ် ကို ပြောပြနေလေရဲ့
ရွာမှာဆို ဘယ်လိုအပေးအကမ်းရက်ရောကြောင်း
သူ့သားကို ပိုက်ဆံ အကုန်ခံပြီး
သုံးခါတောင် ရှင်ပြုပေးခဲ့ဖူးတာတွေရောစုံလို့ပေါ့
ကျွန်မ အဒေါ် ကလည်း
ကျွန်မ က အမေမရှိတော့ကြောင်း
တစ်ကောင်ကြွက်ဖြစ်ကြောင်း
အဖေ့က အသက်အရမ်းကြီးနေပြီဖြစ်ကြောင်း ပထမတစ်ခါ
ခွဲစိတ် ရတာ ၄လပဲရှိသေးကြောင်း
စိတ်ဓာတ်ဘယ်လို သန်မာကြောင်း သူမကိုဖောက်သည်တွေချ နေလေရဲ့
အဲ့ဒီစကားတွေကြားပြီး
သူမ က ကျွန်မ ကို သနားသွားပုံရတယ်
မခွဲခင်ရက်တွေမှာ
ကျွန်မ ဘုရားရှိခိုး တရားထိုင်နေရင် နောက်ကနေယပ်တောင်လာခပ်ပေးတယ်
ကျွန်မ တို့က မခွဲစိတ်ခင်အရည်ပဲသောက်ရတာမို့ ကျွန်မ ကုတင်ပေါ်
Royal D ဗူးလေး လာထားပေးတယ်
ကျွန်မ ကလည်း ပဲနို့ဗူးလေးတွေပြန်သွားပေးလိုက်ပါတယ်
ဒီလိုနဲ့ခွဲစိတ်ပြီးအခန်းပြောင်းရတော့ သူနဲ့ ကျွန်မက
ဘေးချင်းကပ်ကုတင်ကျတယ်
ကျွန်မက
ပိုးသတ်ဆေး ဓာတ်မတည့်မှုကြောင့် နှစ်ရက်တိတိအန်တယ်
သူမက တော့ အဖျားဝင်သွားပြီး
လုံးဝအစာကမဝင် အပေါ်က အန်
အောက်ကဝမ်းတွေလျှောပြီး
ကဂျီကဂျောင်တွေအမျိုးအမျိုးလုပ်နေတာနဲ့
လူနာစောင့်သူတူမလေးခမျာ
ပင်ပန်းလိုက်တာမှ တစ်ယောက်ထဲ
ဒေါင်ချာဆိုင်းပြီး အညစ်အကြေးတွေလည်းလုပ်ရတော့
ထမင်းမစားနိုင်ပဲ ကွမ်းတွေချည်းစားနေလို့ ကျွန်မ တို့ညီအစ်မကတောင် ကွမ်းတွေ
သိပ်မစားဖို့သတိပေးလိုက်သေးတယ် ဒီလိုနဲ့မစားနိုင်
မအိပ်နိုင်နဲ့ လူမမာပုံလေးကိုဖြစ်လို့
အဲ့အချိန်မှာ သူမက သက်သာစပြုလာပြီပေါ့
ကျွန်မ နဲ့ကျွန်မညီမလေးက သူ့တူမလေး ကိုဆေးတွေတိုက်
ထမင်းတွေအတင်းစားခိုင်း
မုန့်နဲ့အအေးတွေတိုက်ပေါ့
ကြီးတော်ကိုလည်း ကျွန်မ ညီမလေးက သူ့တူမလေး တော်တော့နေမကောင်းပုံရကြောင်းပြောပြတယ်သူလည်း မြင်မှာပါ
ဒါပေမယ့် ကြီးတော်က
သူ့သားသမီးတွေph ဆက်လာတိုင်းသူသက်သာကြောင်း သူ့ဆီမလာလည်းရကြောင်း ကိုပဲတစ်ဖွဖွပြောတယ်
နောက်တစ်နေ့ညမှာတော့
လူနာစောင့်ကောင်မလေး လုံးဝ မလှုပ်နိုင်တော့ပဲ အတောင့်လိုက်ကြီး
ဖြစ်သွားလို့
ကျွန်မ ညီမလေးအပါအဝင် လူနာစောင့်တွေဝိုင်းပြီးဆေးတွေလိမ်းကြ
နှိပ်ကြနဲ့ နောက်ဆုံးသူနာပြုဆရာမလေးတွေကိုခေါ်ပေးလိုက်တော့မှပဲ
သက်သာသွားတယ်
မိုးလင်းတော့ သူ့သမီး အကြီးဆုံးနဲ့ သားအငယ်ရောက်လာတယ်
သူ့တူမလေးလည်းပြန်တော့မယ်ပေါ့
သူ့တူမလေးက ပြန်ခါနီး
သွားတော့မယ်နော် ကြီးကြီးလို့
နှုတ်ဆက်တော့
ကြီးတော်က ကလေးမလေးရဲ့
မျက်နှာတောင်မကြည့်ပဲ
အေးအေးတဲ့
တစ်ခွန်းပဲပြန်ပြောတယ်
ကျွန်မ တို့ ညီအစ်မလည်း
မတိုင်ပင်ရပါပဲ အကြည့်ချင်းဆုံသွားတော့တယ်
မြဆုမွန်မွန်
21.7.2025