ကြယ်ကလေးကပေးတဲ့…..အလင်းရောင်….(စ/ဆုံး)

 ကြယ်ကလေးကပေးတဲ့…..အလင်းရောင်….(စ/ဆုံး)

—————————-

“နောက်တစ်ခါဆိုရင်…ဖေဖေ့လိုလူကို မယူပါနဲ့မေမေ….”

သားရဲ့ခပ်တိုတိုစကားအဆုံးမှာ အမရာ စိတ်ရောလူပါ ဆွံ့အသွားခဲ့ရပါသည်….။နောက်တစ်ခါ….ဆိုရင်တဲ့လား။

သားဟာ အမရာ့စိတ်ကိုဖတ်တတ်နေပြီလား..။အမရာ့ ခံစားချက် တွေ…ခံယူချက်တွေ….ပြီးတော့ အမရာ့ရဲ့ လွတ်မြောက်လိုခြင်းတွေ
ကိုရော…ဆိုပါတော့…။

“ဘာလို့…အဲလိုပြောတာလဲသား…”

အိမ်စာလက်ကျန်တွေကိုရေးနေရာမှ အမရာ့ကိုမော့ကြည့်လာတဲ့
သားမျက်ဝန်းတွေဟာ မောင်နှင့်ဆင်တူလှသည်။မျက်ဆံအနက်တွေ
နှင့်မျက်အိမ်ရှည်မျောမျောတွေ…။မျက်လုံးချင်းဆုံမိတိုင်း…သနား
စရာကောင်းတဲ့မျက်လုံးလေးတွေ..ဟု တွေးဖြစ်ရသည့်
မောင့်မျက်လုံးတွေကို သားကအပိုင်ရထားခဲ့သည်။

လူတစ်ယောက်ကို ဦးနှောက်နဲ့ကော နှလုံးသားကပါ သနားစရာ
ကောင်းလိုက်တာဟု…ခံစားမိခြင်းဟာ ကိုယ့်ဘဝကိုကိုယ် နောက်
ပြန်ကြိုးတုပ်မိခဲ့ခြင်းပဲ ဆိုတာကိုတော့ အမရာက တော်တော်လေး ကိုအသိနောက်ကျခဲ့ရသူလည်း ဖြစ်ခဲ့သည်ပါပဲ..။

“မေမေက ဒီကနေထွက်သွားတော့မှာမလား…”

အခန်းထောင့်က အမရာ့လက်ပွေ့အိတ်ကို မေးဆတ်ပြရင်း သားကဆိုလာသည်။ဘုရားရေ…အမရာအိတ်ကို တိတိတဆိတ်ပဲ ပြင်ခဲ့
ပေမယ့် သားကသိနှင့်နေသည်။

သားကိုဘယ်လိုစကားနဲ့ စပြောရမလဲ အမရာခေါင်းကြီးနေခဲ့ပေ
မယ့် သားကအရင် စပြောလာခဲ့လေပြီ..။

“သားသိနေတာလား…”
“ဟုတ်ကဲ့…”

သားက တစ်ခွန်းပဲဖြေပြီး စာပြန်ရေးနေလေသည်။သား…ဝမ်းနည်း
နေမှာပေါ့…။သားနောက်ကျောကိုကြည့်ရင်း မျက်ရည်တွေက အလိုလို ကျလာခဲ့သည်။

ဒီအခြေအနေထိရောက်မသွားဖို့ကို အမရာ တတ်နိုင်တဲ့အတိုင်းအတာကုန်တဲ့အထိတော့ ကြိုးစားခဲ့တာပါပဲ..။သည်းခံရင်း…..
မသိချင်ယောင်ဆောင်ပေးရင်း….ခွင့်လွှတ်ပြီးရင်းခွင့်လွှတ်ရင်း…
နာကျင်ပြီးရင်းနာကျင်ရင်း တစ်ရက်ပြီးတစ်ရက် ကျော်ဖြတ်နိုင်ခဲ့
ပေမယ့် နောက်ဆုံးကျတော့လည်း ဒီအနေအထားကိုပဲ ရောက်ကို
ရောက်လာခဲ့တော့တာ…။

” သား…မေမေ့ကိုစိတ်ဆိုးနေလားဟင်..”

နောက်လှည့်ကြည့်လာသည့် သားမျက်လုံးတွေက ဆယ့်လေးနှစ်
အရွယ်ထက် ရင့်ကျက်လွန်းနေသလား အမရာထင်ရပါသည်။

သားဟာ ငယ်ငယ်လေးတည်းက တိတ်တိတ်ဆိတ်ဆိတ်လေးပဲ
နေတတ်တဲ့ကလေးလေး..။တအားဆော့တာမျိုးလည်းမရှိပဲ သူ့ဘာသာပဲ ခပ်ငြိမ်ငြိမ်နေတတ်သလို မလိုအပ်ပဲလည်း အမေကိုတောင်မှ အပိုစကားမဆိုတတ်ချေ။

ဥာဏ်ကောင်းပြီး ဘယ်သောအခါမှ အတန်းပညာရေးမှာကော
လူမှုဆက်ဆံရေးမှာပါ ဆိုးဆိုးဝါးဝါးမရှိခဲ့ဖူးခြင်းအတွက်လည်း
သိပ်ဂုဏ်ယူခဲ့ရတဲ့ ကလေးပါပဲ။

ဒီလိုသားဟာ အရိပ်အကဲသိလွန်းတာကို အမရာမေ့နေခဲ့တာပဲ
ဖြစ်ပါမည်။လွန်ခဲ့တဲ့လအနည်းငယ်တည်းက အမရာ တိတ်တဆိတ်
ပြင်ဆင်နေခဲ့သမျှကို သားဟာ သိနေခဲ့ပုံရသည်။

“စိတ်မဆိုးပါဘူးမေမေ…ဒီကထွက်သွားလို့ရရင် မေမေပျော်မှာမလား…”

အမရာမဖြေနိုင်…။အမရာ…ပျော်မှာလား…။အိမ်ထောင်ဆိုတဲ့…
လောင်းရိပ်တစ်ခုအောက်မှာ ဆယ့်ငါးနှစ်ကျော် နစ်မြုပ်ခဲ့ပြီးနောက်
ပျော်စရာဆိုတာတွေ ပျောက်ရှခဲ့ကုန်သော…. အရင်တုန်းက ပျော်ခဲ့ ဖူးတာတွေကိုတောင်မှ ခပ်ရေးရေးသာ မှတ်မိပါတော့သော အမရာ
ဒီအရိပ်ကနေ လွတ်မြောက်ခဲ့ရင် ပျော်မှာမလား….။

အချစ်ဆိုတဲ့ခေါင်းစဉ်နဲ့စတင်ခဲ့ကြပေမယ့် အဲဒီအချစ်ကပဲ လူတစ်
ယောက်ကို ဘဝပါပြောင်းစေတတ်ပါသလား….။

မောင်ဟာ အမရာနဲ့လက်ထပ်ပြီးပြီးချင်းမှာပဲ ဝှက်ထားခဲ့ပုံရသော
လက်သည်းတွေကို ထုတ်ပြခဲ့လေသည်။

ယောက်ျားတွေဟာ သူ့ထက်နှစ်ဆသုံးဆလောက် တော်တတ်တဲ့
မိန်းမတွေကို သဘောမကျမှန်း…၊ သူတို့ထားရာနေ စေရာသွားမယ့်
မိန်းမမျိုးကိုသာ အလိုရှိမှန်း… အမရာ ကြိုလည်းမသိခဲ့သလို ကြို
လည်းမတွေးဖူးခဲ့သမျှအရာရာကို မောင်ဟာ ရက်ရက်စက်စက် ပေးခဲ့
လေသည်။

“သား…မေမေနဲ့လိုက်ခဲ့ချင်လားဟင်..”

တကယ်တော့..သားကိုချန်ခဲ့မှ ဒီအရိပ်ကနေ အမရာလွတ်မြောက်
နိုင်မှာ..။မောင်ဟာ အမရာကို သားနှင့် နှစ်ပေါင်းများစွာချည်နှောင်
ထားခဲ့သည်။

တကယ့်တကယ် လွှတ်ပေးမယ်ဆိုတဲ့အချိန်ကျတော့လည်း….
သားကိုချန်ခဲ့မှ…ဆိုတဲ့ ကြိုးနဲ့ ထပ်ပြီး ချည်ချင်သေးပုံရတာပါပဲ…။

” ဖွားဖွားကြီးနဲ့ ဖေဖေက ကျွန်တော်ပါရင် မေမေ့ကိုမလွှတ်ဘူး မလား…မေမေပဲသွားပါ…ဒီမှာကျန်ခဲ့လည်း ကျွန်တော့်ကို နှိပ်စက်
မယ့်သူမရှိပါဘူး…”

အမရာမျက်ရည်တွေကိုဘယ်လိုမှ ဆက်မထိန်းနိုင်။သားကို တင်း
တင်းဖက်ရင်း ချုံးပွဲချငိုမိတော့သည်။

သားဟာ အမရာ့ကို သူတို့နှိပ်စက်သမျှကိုလည်း သိနေခဲ့ပြန်ပါ
သည်။သူဌေးချွေးမ…၊ သူဌေးမိန်းမ…ဆိုတဲ့ဝေါဟာရတစ်ခုကိုပေးပြီး
အဲဒီဂုဏ်ပုဒ်နောက်ကွယ်မှာ အမရာကြိုးစားဖန်တီးထားသမျှ ဘွဲ့..
အလုပ်…ရာထူးမှန်သမျှကိုရုတ်သိမ်းခဲ့ကြသည်။

အသိမိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေဆီကဖိတ်စာလာလို့
ဖိတ်စာမှာ ဒေါ်အမရာ+ခင်ပွန်း ဆိုတဲ့နေ့ဟာ ယောက်ခမတွေဆီက
ပစိပစပ်ပြောသမျှကို သိမ်ငယ်စွာလက်ခံရတဲ့နေ့…။

လမ်းမှာတစ်ယောက်ယောက်ကများ မောင့်ကို ဒေါ်အမရာ့ယောက်ျား
လေ…လို့များ နှုတ်ဆက်ခံလာရတဲ့နေ့တွေဟာ မောင့်ဆီက ခနဲ့တဲ့တဲ့
စကားတွေနဲ့ တိတ်ဆိတ်နေခဲ့ရတဲ့နေ့….။

ဒီလိုတွေနဲ့ပဲ အမရာ့နေရာဟာ တစ်စတစ်စကျဉ်းမြောင်းလာခဲ့တော့တာ…။
မီးဖိုချောင်မှာ ကူဖော်လှောင်ဖက်လုပ်ဖို့….။ဧည့်သည်လာရင် ဧည့်
ခန်းမှာ ပညာတတ်မိန်းမကိုယူထားတာ..ဆိုတဲ့… အလှပြဖို့….။

ထက်လှပါတယ်ဆိုတဲ့…အသိဥာဏ်တွေဟာ မောင့်ရဲ့ ချစ်လို့
အပြင်မှာစိတ်မချဘူး..ဆိုတဲ့စကားနောက်မှာ တုံးအသွားခဲ့သည်။

မောင်နဲ့အတူတူ ကမ္ဘာပတ်မယ့်စိတ်ကူးတွေဟာ….မောင့်ရဲ့ မင်းကပိုက်ဆံရှာတတ်လို့လား…ဆိုတဲ့စကားအောင်မှာ ရှက်ရွံ့စွာပဲ
ပျောက်ဆုံးကုန်ခဲ့ရသည်။
အမရာ မျှော်လင့်ထားခဲ့သမျှသော အနာဂတ်တွေဟာ မှောင်မိုက် စွာနဲ့ပဲ ငြိမ်သက်နေခဲ့လိုက်ရတာ သားတစ်သက်တာပါပဲ…..။

” မေမေသွားချင်တဲ့နေရာကို သွားပါမေမေ….မေမေလုပ်ချင်တဲ့
အလုပ်တွေဆက်လုပ်ပါ….ဘယ်မှာပဲနေနေကျွန်တော်က အမြဲတမ်း
မေမေ့သားပါပဲ…”

“သားရယ်….”

အမရာကသာ ဆက်ငိုနေပေမယ့် သားဟာ မျက်ရည်တစ်စက်မှ မကျပါလား…။သားကို အမရာတို့က စိတ်ဒဏ်ရာတွေ ပေးမိခဲ့ကြပြီပဲ..။

အမရာပုခုံးကို ပြန်ဖက်ထားသည့် သားလက်တွေဟာ နွေးထွေး
လိုက်တာ။မောင့်လက်တွေဟာလည်း ဒီလိုပဲနွေးထွေးခဲ့ဖူးတာပါပဲ။

ဘယ်အချိန်တုန်းကစပြီး အေးစက်သွားခဲ့လဲ အမရာ မမှတ်မိပေမယ့် မောင့်ဆီမှာ အမရာနဲ့ပတ်သက်ပြီး နွေးထွေးခြင်းတွေရှိခဲ့ဖူးကြောင်းကို
တော့ ခပ်ရေးရေးမှတ်မိနေသေးတာပါပဲ..။

“ဒီခေတ်ကြီးထဲမှာ မေမေဘယ်နေရာမှာပဲနေနေ ကျွန်တော်နဲ့ဝေးစရာ မရှိပါဘူး…မေမေ့ဖုန်းကိုကျွန်တော်စောင့်နေပါ့မယ်”

အမရာ ဘာစကားမှမပြောနိုင်..။အမရာကမွေးထားခဲ့တဲ့ ကလေး
သေးသေးလေးဟာ အမရာ့ကိုနှစ်သိမ့်စကားဆိုနိုင်သည်အထိကို
အရွယ်ရောက်နေခဲ့ပြီလား…..။အမရာ့ဘဝတစ်လျှောက်မှာ သားကို
ကောင်းကောင်းပြုစုတည့်မတ်ပေးနိုင်ခဲ့သည်…ဆိုတာကလွဲရင်
တကယ့်အောင်မြင်မှုဟာ ဘာမှမရှိတော့ဘူးထင်ပါသည်။

သားနဖူးလေးကို မြတ်နိုးစွာပဲနမ်းဖြစ်သည်။သားကိုငဲ့ညှာစွာဖြင့်
ဒီလောက်နှစ်တွေအများကြီးသည်းခံနေထိုင်ခဲ့ပြီးနောက်မှာတော့
အခုချိန် မထွက်သွားမိဘူးဆိုရင်…ဒီအရိပ်ကနေ အမရာ
ဘယ်တော့မှလွတ်မြောက်နိုင်တော့မှာမဟုတ်ဘူး …ဆိုတာပဲ
ထပ်ထပ်တွေးရရင်း ယိုင်နဲ့နဲ့ဆုံးဖြတ်ချက်တွေကို ပြန်ပြန်ထိန်းရပြန်
သည်။

ကိုယ်ထိလက်ရောက်စော်ကားခြင်းမရှိပေမယ့် စိတ်ဝိဥာဉ်တွေ အခါခါသေဆုံးနေခဲ့ရပါသော ဒီအိမ်ထောင်မှုခရီးကြမ်းထဲမှာတော့ဖြင့်
အဖန်ငါးရာငါးကမ္ဘာအကြောင်းကို ထပ်တလဲလဲတွေးဖြစ်နေတဲ့
ကိုယ့်စိတ်ကိုယ်ကြောက်လွန်းလာတဲ့အဆုံးမှာမှ အမရာ ဒီဆုံးဖြတ်
ချက်ကို ခက်ခက်ခဲခဲချခဲ့ရတာပါပဲ….။

အရှင်မထွက်နိုင်ရင်….အသေထွက်မယ်….ဆိုတဲ့အထိ တရားမရှိ
နိုင်တော့လောက်အောင် လိုချင်လာခဲ့ရသော လွတ်မြောက်ခြင်းတွေကို အမရာ တစ်ကြိမ်တော့အမိအရဖမ်းဆုပ်ရပါမည်။

ဒီလွတ်မြောက်ခြင်းထဲမှာ သားကို အပါခေါ်သွားနိုင်လောက်တဲ့အထိ မတတ်စွမ်းနိုင်ခဲ့သေးခြင်းအတွက်တော့ အမရာ ရင်ကွဲရပြန်ပါသည်။

“သွားတော့လေ..မေမေ…ကွင်းချိန်းနောက်ကျလိမ့်မယ်….”

သားက အမရာ့လက်ထဲ လက်ပွေ့အိတ်ကိုထည့်ပေးပြီးဆိုလာ
သည်။နောက်…သူ့စာရေးစားပွဲဆီပဲ ပြန်ထိုင်ပြီးစာဆက်ရေးနေခဲ့သည်။သား…ငိုနေမလား..။သား..ဝမ်းနည်းနေမလား…။အထီးကျန်နေမှာလား…။

” မေမေ့အတွက် နောက်တစ်ခါဆိုတာမရှိတော့ဘူးသား….အဲဒါလေး
မေမေပြောခဲ့ချင်တယ်…သိလား..တစ်ခါမှားပြီးသားအမှားကို မေမေ ဘယ်တော့မှ ထပ်မမှားဘူး…ဒါပေမယ့်….အဲဒါက မေမေ့ရွေးချယ်မှုရဲ့အမှား…သားနဲ့မဆိုင်ဘူး….ဒါကိုသားသိထားဖို့လိုတယ်….သားရှိခဲ့လို့ မေမေ့ဘဝတစ်လျှောက်လုံးမှာ အမြဲတမ်း ပျော်ရွှင်ခဲ့တယ်….အဲဒါ
သားသိတယ်မလားဟင်…”

“ဟုတ်ကဲ့….”

” မေမေဘယ်နေရာကိုပဲရောက်နေနေ…
မေမေ့အတွေးထဲမှာ သား အမြဲရှိနေမှာ…နော်…”

အမရာ့ရင်ထဲမှာ ပူလောင်လွန်းလှပါသည်။
သားဟာ နောက်ဆို အမရာ့ ကို မုန်းနေမလား..။
သူ့အဖွားနဲ့အဖေလက်အောက်မှာနေထိုင်ရင်း
နောက်ဆို သူတို့လိုများ ရင့်သီးလာလေမလား…။

သူတို့လိုများ အရာရာကိုငွေနဲ့တန်ကြေးဖြတ်နေမလား…။

နောက်ထပ်သော အမရာ တစ်ယောက်
ထပ်ပေါ်လာစေမယ့်တရားခံများဖြစ်သွားလေမလား…..။

တွေးပူလွန်းရပြန်ပါသည်။

လက်ပတ်နာရီပေါ်ကအချိန်က
သွားရတော့မည်ဆိုတာပြနေပေမယ့်
နေရာကနေ အမရာခြေတစ်လှမ်းမှ မရွေ့နိုင်သေး….။

” စိတ်ချပါမေမေ…ကျွန်တော် ဘယ်တော့မှ
ဖေဖေ့လိုလူ ဖြစ်မလာစေရပါဘူး…”

အလိုက်သိတတ်လွန်းတဲ့သားဟာ အမရာ့ကို
ကျောခိုင်းထားနေရင်းကတောင်မှပဲ
အမရာ့ရဲ့နောက်ဆံတင်းမှုကို သိနေခဲ့ပြန်ပါသည်။

ရင်ကွဲပက်လက်ဆိုသောစကားကိုတော့ သားစကားအဆုံးမှာ
အမရာ ထိထိမိမိခံစားလိုက်ရတယ်….ဆိုတာပဲ…
မှတ်မိနေမိပါတော့သည်။

💔💔💔💔💔

ကြယ်ကလေးကပေးတဲ့…..အလင်းရောင်….

ညတာရာလင်း(ထားဝယ်)
14.10.2023
7:33pm

#ညတာရာလင်း