"အိမ်ထောင်မှု ဘုရားတည်"

 

"အိမ်ထောင်မှု ဘုရားတည်"

"မိန်းမပျင်း ခြေဆင်း၊ ယောက်ျားပျင်း ကျောခင်း"ဆိုတဲ့စကား သိပ်မှန်တယ်။အခု မိနွယ်ယောက်ျားကိုကြီးက သက်သေပဲ။ညားပါပြီဆိုထဲက အခုချိန်အထိ ဘာအလုပ်မှ လက်ကြောတင်းတင်း မလုပ်ချင်ပဲ အချိန်ပြည့် ဖုန်းတစ်လုံးနဲ့ ကျောခင်းနေပုံက အမြင်ကပ်စရာ။ဘယ်လိုပျင်းတဲ့ ယောက်ျားပျင်းမှန်းမသိ။ဒါ့ကြောင့်လည်း မိနွယ်မိဘတွေက သဘောမတူ မကြည်ဖြူခဲ့ကြတာ။ဒါတောင် အချစ်ကိုကိုးကွယ်မိတဲ့ မိနွယ်က ဒါတွေကိုမမြင်ပဲ ငါ့လက်ထဲရောက်ရင် ပြင်တန်ကောင်းပါရဲ့ဆိုတဲ့စိတ်နဲ့ ဇွတ်တိုးယူခဲ့မိတာ။သူ့ရဲ့ ကူလီကူမာ အပြောတွေကို ယုံစားခဲ့မိတာလည်း ပါတာပေါ့လေ။
အခုလည်းကြည့်အုံးလေ အိမ်ထောင်ဦးစီးယောက်ျားဖြစ်ပြီး ဖုန်းတစ်လုံးနဲ့ အရည်ထွက်မတတ် အပျင်းထူနေပုံက ဆန်အိုးထဲဆန်မရှိတာ သူမသိ။အိမ်ရဲ့လိုအပ်ချက်တွေကိုလည်း စိတ်မဝင်စား။ဒါလား အိမ်ထောင်ဦးစီးယောက်ျား။စီးပွားကဖြစ်အုံးတော့မယ် မြင်ယောင်သေး။မိနွယ် အပူအပင်မရှိ ဖုန်းတစ်လုံးပွတ်ရင်း အေးရာအေးကြောင်း ကျောခင်းနေတဲ့ ကိုကြီးကိုကြည့်ပြီး အတော်ကြီး စိတ်ပျက်သွားမိတယ်။ပြီးတော့ ရည်ရွယ်ချက်မရှိတဲ့ ယောက်ျားပျင်းကို ယူမိတဲ့ ကိုယ့်ကိုကိုယ်လည်း နောင်တက ရချင်မိတယ်။ဒါပေမယ့် ကလေးတောင်ရပြီဆိုမှတော့ တည်မိတဲ့ဘုရား ဠင်းတနားနား ပေါက်တဲ့နဖူးမထူးဘူးဆိုပြီး နွားပျင်းသံချွန်ထိုး သီးခံပေါင်းရုံမှအပ ဘာတတ်နိုင်တော့မှာလည်း။ဒီလိုပဲ ပြောမှသိ ထိမှနာမယ့်သူမို့ အိမ်အခြေအနေကို သင်းသိအောင်တော့ မိနွယ် အာပေါက်အောင် ပြောရပေအုံးတော့မယ်ပေါ့။
"ကိုကြီး အခု ဆန်အိုးထဲ ဆန်မရှိတော့ဘူး။ပြီးတော့ သုံးစရာပိုက်ဆံလည်း လက်ထဲတစ်ပြားမှ မရှိတော့ဘူး"
"အဲ့ဒါ ငါက ဘာလုပ်ရမှာတုန်း"
"ဟင်"
ကလေးနို့တိုက်ရင်း ပြောလိုက်တဲ့ မိနွယ်စကားကို ဖုန်းနှိုက်မပျက် ကိုကြီးက ပြန်ပြောတော့ မိနွယ်ဒေါသ ထောင်းခနဲ ထွက်သွားမိတယ်။ကြည့်ပါအုံး ပြောပုံကိုက ယောက်ျားမဟုတ်တဲ့အတိုင်း အပူအပင်မရှိနဲ့။ သူနဲ့ဘာမှမဆိုင်သလိုလို။
"ဘာလုပ်ရမှာတုန်း ကိုကြီးရဲ့ အလုပ်ကလေးဘာလေး ထွက်လုပ်ပြီး ပိုက်ဆံရှာရမှာပေါ့"
"ဟ ငါလည်း တတ်နိုင်သလောက် ရှာပေးနေတာပဲ။နင်ကိုက အသုံးအစွဲကြီးနေတာ မတတ်နိုင်ဘူး"
ဟင် ကြည့်စမ်း ကြည့်စမ်း ပြောပုံကိုက သင်း ရံဖန်ရံခါ ထွက်လုပ်လို့ရတဲ့ ပိုက်ဆံလေးတစ်ပဲခြောက်ပြားကို မိနွယ်ကပဲ ပရမ်းပတာ သုံးဖြုန်းနေသလိုလို။ကြီးကြီးကျယ်ကျယ် လူအထင်ကြီးအောင်က ပြောနေလိုက်သေးတယ်။ဒီတစ်သက် သင်းလုပ်စာသာ မှီခိုစားနေရမယ်ဆိုရင် မိနွယ်တို့ လျှာပေါ်မြက်ပေါက်ပြီး လမ်းဘေးရောက်နေတာ ကြာပေါ့။
"အမလေး ကိုကြီးရယ် စဉ်းစဉ်းစားစားလည်း ပြောပါအုံး။အခု မိနွယ်တို့သုံးစားနေတာက ကိုကြီးရှာပေးတဲ့ တစ်ပဲခြောက်ပြားပိုက်ဆံနဲ့များ မှတ်နေသလား။တကထဲ စိတ်လိုမှ ထွက်လုပ်ပြီး အချိန်ပြည့် ဇိမ်နဲ့အပူအပင်မရှိ ထိုင်စားနေတဲ့ လူကများ ကြီးကြီးကျယ်ကျယ် ပြောရတယ်လို့ အံ့ဩပ"
"ဟာ မသိဘူးကွာ။နားကိုငြီးတယ်။အဲ့ဒါကြောင့် ငါအိမ်မနေချင်တာ"
"အော် မနေချင်လည်း မတတ်နိုင်ဘူး။ပြောစရာရှိတာတော့ ပြောရမှာပဲတော်ရေ့။ဘယ့်နှယ့် အိမ်ထောင်ဦးစီးယောက်ျားဖြစ်ပြီး အလုပ်ကြမလုပ်ချင်ပဲ အချိန်ပြည့် ဖုန်းတစ်လုံးနဲ့ ကျောခင်းအပျင်းထူ ရေသာခိုအချောင်နေချင်လို့ ဖြစ်မတဲ့လား"
"ဟ ငါဘာထွက်လုပ်နေစရာလိုလည်း နင့်အမေသူဌေးမကြီးတစ်ယောက်လုံး ရှိနေတာပဲဟာ။အရင်လိုပဲ နင့်အမေဆီဖုန်းဆက်ပြီး လှမ်းတောင်းလိုက်ပေါ့"
"ဟင်"
တာဝန်မဲ့စကားကို အလွယ်ကလေး ပြောချင်ရာပြောပြီး ထထွက်သွားတဲ့ ကိုကြီးကိုကြည့်ပြီး မိနွယ် မျက်ရည်ဝဲမိသွားတယ်။ဒါလား မိနွယ် အားကိုးဖို့ ယူထားတဲ့ယောက်ျား။ထစ်ခနဲရှိ အမေ့ကိုပဲ နားပူခိုင်းနေတော့တာ။အမှန်ဆို မိနွယ်တို့သားမိကို သင်းအိမ်ထောင်ဦးစီးပီသစွာ တာဝန်ယူ ကြိုးစားရှာဖွေကျွေးရမှာ မဟုတ်ဘူးလား။အခုတော့ မဟုတ်ပေါင်။သင်းက တနေ့တနေ့ ဘာအလုပ်မှမလုပ်ချင်ပဲ ကျောလေးတခင်းခင်း ဖုန်းလေးတပွတ်ပွတ်နဲ့ အမေ့နှာခေါင်းပေါက်နဲ့ပဲ အမြဲ အသက်ရှူဖို့ ကြိုးစားနေတော့တာ။ဒါကို မိနွယ်က သဘောမကျတာ။
အမေ့ခမျာလည်း မိနွယ်တို့ကို သဘောမတူလို့ ပစ်ထားခဲ့ပေမယ့် မိနွယ်မျက်ရည်ခံထိုး အပူကပ်သမျှ အဖေမသိအောင် အဝေးကနေ ပံ့ပိုးပေးရှာပါတယ်။ကုန်ကုန်ပြောရရင် မိနွယ်တို့ အခုလို အိနြေ္ဒရရ နေနိုင်စားနိုင်နေတာဟာ အမေ့ပေးကမ်းမှုတွေကြောင့်ပါ။နောက်ဆုံး မိနွယ်မွေးစရိတ်ကအစ အမေကပဲ ထုတ်ပေးခဲ့ရှာတာ။အခုလည်း မိနွယ်လှမ်းအပူကပ်ရင် အမေက ထုတ်ပေးအုံးမှာပဲ။ဒါပေမယ့် မိနွယ် အမေ့ကို သနားလှပြီ။လိုအပ်တိုင်း အခွင့်အရေးလည်း မယူချင်တော့။ဘယ့်နှယ့် အချိန်ပြည့် အချောင်ခို အပျင်းထူပြီး အမေ့ကိုကြည့် အားကိုးနေလို့ ရမတဲ့လား။အိမ်ထောင်တစ်ခုထူထောင်ပြီး ကိုယ့်ဘဝနဲ့ကို ဖြစ်နေပြီဆိုမှတော့ ကိုယ့်အားကိုလည်း ကိုးအုံးမှပေါ့။ဒါမှ အဖေနဲ့အမေ သဘောကျပြီး မိနွယ်တို့ကို ပြန်လက်ခံချင်မှာမဟုတ်လား။ဒါကို သင်းက ဘယ်လောက်ပြောပြော နားမဝင်။အဆီအနှစ် မထုတ်ချင်ပဲ ဘဝကိုရေသာခိုဖို့ပဲ တွေးနေခဲ့တာ။ဘယ်လောက်အောက်တန်းကျတဲ့ စိတ်ဓာတ်ပါလည်း။ကြာတော့ မိနွယ် ကိုကြီးအချိုးတွေကို ဘဝင်မကျချင်တော့။
တကယ်ပါ ကိုကြီးအချိုးတွေက မိနွယ်နဲ့ မယူခင် အချိုးတွေနဲ့ လားလားမှမဆိုင်။မိနွယ်အပေါ်လည်း ကြင်နာယုယဂရုစိုက်မှုတွေဆိုတာ လျော့ပါးလာသလိုပါပဲ။မရခင်တုန်းကများဆို သူပဲ မိနွယ်ကိုခေါင်းပေါ်တင်ပြီး ဖူးဖူးမှုတ်ချစ်ပြီး အရာရာမိနွယ်အလိုကျ ထားခဲ့တာ။မိနွယ်တက်တဲ့ကျောင်းအထိတောင် လာပြီး ဂရုစိုက်ခဲ့တာ။အဲ့တုန်းက မိနွယ်အချစ်မှမရရင်ပဲ သေရပါတော့မယ်လိုလို အသက်ငင်မတတ်ပြောခဲ့တာ။ယူပြီးရင်လည်း ဝမ်းဝခါးလှအောင် မိဘကိုအားမကိုးပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ကြိုးစားရပ်ပြီး ထားပါမယ် ရှာကျွေးပါမယ်ဆိုပြီး ကတိတွေ အထပ်ထပ် ပေးခဲ့တာ။အခုတော့ ဒါတွေက ဘယ်ရောက်လို့ ဘယ်ပျောက်ကုန်မှန်းမသိ။ မိနွယ်တို့ ယူပြီးဘာကြာတုန်း ကိုကြီးရဲ့အချိုးတွေ အပြောတွေ အမူအရာတွေက တဖြည်းဖြည်း ဆားမပါတဲ့ဟင်းလို့ ပေါ့ပျက်ပျက်ဖြစ်ပြီး ပြောင်းပြန်ဖြစ်သွားခဲ့တော့တာ။
မှတ်မှတ်ရရ မိနွယ်မိဘတွေက မိနွယ်တို့ကို လက်မခံပဲ သတင်းစာမှာ သမီးအဖြစ်ကနေ အမွေပြတ်စွန့်လွှတ်ကြောင်း ထည့်ပြီးနောက်ပိုင်း ကိုကြီးအချိုးတွေ သိသိသာသာ ပြောင်းခဲ့တော့တာ။ မိနွယ် ဝမ်းနည်းမိပေမယ့် ချစ်တဲ့စိတ်နဲ့ သီးခံပြီး ဘဝကို ဆက်ခဲ့လိုက်တယ်။ကိုယ်က နောက်ဆုတ်လို့မရတဲ့ အခြေအနေတစ်ခုကို ရောက်နေခဲ့ပြီ မဟုတ်လား။ဒီအချိန် မိနွယ်ဘဝဟာ ထင်သလို မပျော်ရွှင်ရပဲ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းပြီး အဆင်မပြေမှုတွေကြားမှာ အလူးအလိမ့် ခါးဆီးခံခဲ့ရတယ်။ကိုကြီးရဲ့ အစားတလုတ် တုတ်တစ်ချက်နဲ့အတူ မူးမူးရူးရူးနဲ့ ငြူစူဆောင့်အောင့် ပြောဆိုသံတွေကိုလည်း မိနွယ် ခံခဲ့ရတယ်။ဒီကြားထဲ ယောက်ခမ ယောင်းမတွေရဲ့ ဒဏ်ကိုလည်း နားပူအောင် မိနွယ် ခံခဲ့ရသေးတယ်။ဒါတောင် မိနွယ် ကိုကြီးနောက်လိုက်ခဲ့တာ လက်ကြည့်မဟုတ်ပါဘူး။အမေတို့ဆင်ထားတဲ့ လက်ဝတ်လက်စားလေးတွေ ပါခဲ့ပါသေးတယ်။မိနွယ် မနှမြောခဲ့ပါဘူး။ငြူစူဆောင့်အောင့်နေတဲ့ ယောက်ခမကို ချွတ်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်က မိနွယ်တို့မှာ အားကိုးခိုကပ်နေစရာဆိုလို့ ယောက်ခမအိမ်ပဲ ရှိတာမဟုတ်လား။
"ဟဲ့ ငစိုး နင့်မိန်းမက ဒီအိမ်မှာ ဘာအလုပ်မှမလုပ်ပဲ အခန့်သားထိုင်စားနေရအောင် သူဌေးသမီး မဟုတ်တော့ဘူးဟဲ့။ငါ့အရက်ဆိုင်မှာ ဝင်လုပ်ကူဖို့ပြောအုံး။ဘယ့်နှယ့် အလိုက်ကန်းဆိုးမသိ သူမို့ နေ နေနိုင်တယ် အံ့ပ"
"ဟုတ်ပ သူ့ကိုယ်သူ အခုချိန်အထိ သူဌေးသမီးများ မှတ်နေသလား မသိ။ဘယ့်နှယ့် သူဌေးသမီးရလို့ အနေအစားချောင်မလား မှတ်ပါတယ်။ အမွေပြတ်စွန့်လွှတ်လိုက်လို့ ဘာခြူးတစ်ပြားမှ မရပဲ သူ့ကိုတောင် တင်ကျွေးနေရတယ်။စိတ်ပျက်တာ တကယ်ပဲ"
"ဟဲ့မိနွယ် ကြားတယ်နော်။သွား အမေနဲ့လိုက်သွားပြီး အရက်ကူရောင်းချည်"
"ဟင်"
မိနွယ်ပါလာတဲ့ လက်ဝတ်လက်စားတွေလည်းကုန်ရော ကိုကြီးတို့မိသားစုလေသံက တစ်မျိုးပြောင်းလာခဲ့ပါတော့တယ်။မိနွယ် လက်ဝတ်လက်စားတွေ ထုခွဲရောင်းချစားနေတုန်းကတော့ ဒီလေသံ ဒီအချိုးမျိုးမဟုတ်။သမီး သမီးနဲ့ မိနွယ်အတွက် ဆန်ကောင်းကောင်း ဟင်းကောင်းကောင်းတောင် ချက်ပြုတ်ကျွေးခဲ့သေးတာ။အခု မိနွယ်ပစ္စည်းတွေလည်းကုန် အမေတို့ကလည်း အမွေပြတ်စွန့်လွှတ်တယ်လည်းဆိုရော မိနွယ်အပေါ် ဆက်ဆံတဲ့ အချိုးတွေက ချက်ချင်းကို ပြောင်းကုန်ကြတော့တာ။
ဒီထက်ဆိုးတာက မိနွယ် တစ်သက်နဲ့တစ်ကိုယ် အိပ်မက်ထဲတောင် ထည့်မမက်ဖူးတဲ့ အရက်ရောင်းတဲ့အလုပ်ကို မိနွယ်ကို ခိုင်းပါတော့တယ်။ မိနွယ်ထိတ်လန့်သွားမိတာ အမှန်။ဖြစ်နိုင်ရင် လမ်းဘေးအရက်ဆိုင်မှာ အရက်သမားတွေ တရုန်းရုန်းနဲ့ မူးမူးရူးရူးတွေကြား မိနွယ်အရက်မရောင်းချင်ပါ။ရောင်းလည်း မရောင်းရဲပါ။ဒီအလုပ်ကိုလုပ်ရမှာ မိနွယ်သိပ်ကို ရှက်မိပါတယ်။မတော် ဒီအလုပ် လုပ်နေတဲ့ မိနွယ်ကို အသိတစ်ယောက်ယောက်မြင်သွားခဲ့လို့ အဖေနဲ့အမေတို့ သိခဲ့ကြရင် ဘယ်လောက်တောင်အရှက်ရပြီး သိက္ခာကျလိုက်လေမလည်း။အို မိနွယ် ဒီအလုပ်ကို မလုပ်ချင်ပါဘူး။မိနွယ်ကို ဒီအလုပ် လုပ်ခိုင်းတဲ့ ကိုကြီးကိုလည်း မိနွယ်အံ့ဩတယ်။
"ဟို ကိုကြီးရယ် မိနွယ် ဒီအရက်ရောင်းတဲ့ အလုပ်တော့ မလုပ်ပါရစေနဲ့။မိနွယ် တစ်ခြားအလုပ်ပဲ လုပ်ပါရစေ ကိုကြီးရယ် နော်"
"ဘာ နင်က ဒီအလုပ်ကိုမလုပ်ချင်ဘူး ဟုတ်လား။မလုပ်လို့မရဘူးမိနွယ်။နင်ကငါ့မိန်းမ ငါခိုင်းတဲ့အတိုင်း နင်လုပ်ကိုလုပ်ရမယ်။အေး တစ်ခုတော့ရှိတယ် နင်ဒီအလုပ်ကို မလုပ်ချင်ဘူးဆိုရင် နင့်အမေဆီသွားပြီး ငါတို့ကိုတိုက်ကြီးပေါ် အမြန်ပြန်ခေါ်တင်ဖို့ရအောင်ပြော ဒါပဲ"
"ဟင်"
ကိုကြီးရဲ့စကား ကြားလိုက်ရတော့ မိနွယ် အံ့ဩသွားမိတယ်။ဒါပေမယ့် မိနွယ်အရက်ဆိုင်မှာ မလုပ်ချင်၍ ကိုကြီးပြောတဲ့အတိုင်း အဖေမသိအောင် မိနွယ်အမေနဲ့ သွားတွေ့ပြီး အသနားခံပြောခဲ့လိုက်ပါတယ်။ဒါပေမယ့် အမေက မိနွယ်ကို သနားပြီး လက်ခံချင်ပေမယ့် ခါးခါးသီးသီး ဖြစ်နေတဲ့အဖေက မိနွယ်တို့ကို လက်မခံခဲ့ပါဘူး။ဒါကြောင့် အမေက မိနွယ်တို့အိမ်ခွဲနေရအောင် လိုနေတဲ့ငွေကြေးကို အဖေမသိအောင် လက်သိပ်ထိုး ထုတ်ပေးခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းလည်း အမေက မိနွယ်တို့ဆီ မလာနိုင်ပေမယ့် မိနွယ်အပူကပ်သမျှ အချိန်တိုင်း အဝေးကနေ ထုတ်ပေးနေခဲ့ပါတယ်။
မိနွယ်တို့နေတဲ့ရပ်ကွက်နဲ့ အမေတို့နေတဲ့ရပ်ကွက်က အတော်ကြီး အလှမ်းဝေးလှပါတယ်။မိနွယ်တို့က ယောက်ခမတွေငှားနေတဲ့ မြို့အစွန်က စျေးသက်သာတဲ့ ဆင်းရဲသားရပ်ကွက်ကလေးမှာပါ။ဘာပဲပြောပြော မိနွယ် ယောက်ခမ ယောင်းမစက်ကွင်းနဲ့ အရက်ရောင်းရမယ့်ဘေးက လွတ်သွားခဲ့လို့ မိနွယ် အမေ့ကို ကျေးဇူးတင် ဝမ်းသာခဲ့ရပါတယ်။အဲ့ဒီကထဲက နဂိုလက်ကြောတင်းတင်းမလုပ်ချင်တဲ့ ကိုကြီးက အလုပ်ကို ပိုပြီး ပျင်းရိလာခဲ့ပြီး ထစ်ကနဲရှိ အမေ့ကိုပဲ အားကိုးနေခဲ့တော့တာ။ဘယ်လောက်သေးသိမ်တဲ့ စိတ်ဓာတ်ပါလည်း။
"ဟ သူတို့မွေးထားတာ နင်တစ်ယောက်ထဲ။နင်မသုံးလို့ ဘယ်သူသုံးမှာလည်း။အလကားအဖိုးကြီး နို့မို့ဆို ငါတိုက်ကြီးပေါ်ရောက်ပြီး ကားတဝီဝီမောင်းနေရပြီ"
"ဟင် ဒါ ဒါဆို ကိုကြီးက မိနွယ်ကိုယူခဲ့တာ ချစ်လို့မေတ္တာရှိလို့ မဟုတ်ပဲ ပစ္စည်းတွေမက်လို့ ယူခဲ့တာပေါ့"
"သိပ်သေချာတာပေါ့ဟာ။ဘာလည်း နင်ကမယုံဘူးလား။အေးလေ နင်က အချစ်စိတ်တက်နေတော့ ဒီယုန်မြင်လို့ ဒီခြုံထွင်ခဲ့တဲ့ ငါ့အကြံကို နင်ဘယ်မြင်ခဲ့မှာလည်း ဟားး"
"ဟင်"
မိနွယ်အမေးကို မတွန့်မဆုတ် လှောင်ပြောင်ရယ်မောသံနဲပြန်ပြောနေတဲ့ ကိုကြီးစကားတွေကိုကြားတော့ မိနွယ် အံ့ဩမှုနဲ့အတူ မျက်ရည်ဖြိုင်ဖြိုင် စီးကျလာခဲ့ပါတယ်။ကိုကြီးကတော့ ဒါကိုမသိ။အောင်နိုင်သူကြီးတစ်ယောက်လို ရယ်ရယ်မောမောနဲ့ ပြောပြီး ထွက်သွားခဲ့တယ်။မိနွယ်မှာသာ ရင်တွေနာ ခက်ရခက် ဝေဒနာတွေနဲ့ ပြည့်နေခဲ့တယ်။ရက်စက်လိုက်တာ ကိုကြီးရယ်။မိနွယ်မှာတော့ ကိုကြီးရဲ့အပြောတွေ အချစ်တွေကို ယုံစားပြီး ဘဝပုံပေးချစ်ခဲ့လိုက်ရတာ။မိဘတွေ မကြည်ဖြူ တားနေတဲ့ကြားက လိုက်ပြေးခဲ့ပြီး မိုက်လုံးကြီးခဲ့တာ။အခုတော့ ကြည့်ပါအုံး သင်းက မိနွယ်ပိုင်ဆိုင်မယ့် အမွေပစ္စည်းတွေကို မိနွယ်ထက်ပိုချစ် ပိုမက်မောနေခဲ့တာကိုး။ဒါကြောင့်လည်း ဒီအရေတွေကိုမြင်လို့ အဖေနဲ့အမေက သဘောမတူ မကြည်ဖြူခဲ့ကြတာ ထင်ပါရဲ့။မိနွယ်အခုမှ ကိုယ့်အမှားကိုကိုယ်မြင်ပြီး နောင်တတွေရနေခဲ့မိတယ်။ဒါပေမယ့် အရာရာဟာ နှောင်းခဲ့လေပြီ။
" မိနွယ် နင့်အမေဆီ ဖုန်းဆက်ပြီးပြီလား။ဒီတစ်ခါ နင့်အမေနဲ့သွားတွေ့ရင် ကလေးဗန်းပြပြီး အိမ်ပေါ်အမြန်ပြန်ခေါ်အောင် ထပ်ပြောနော်။ဒါမှ ငါတို့ဒီလိုဆင်းရဲတဲ့ ဘဝက လွတ်မှာကျွတ်မှာဟ"
မူးမူးရူးရူးနဲ့ အချိန်မတော်မှ ပြန်လာပြီးပြောတဲ့ ကိုကြီးစကားတွေက မိနွယ်နားထဲ ခါးသီးလွန်းနေခဲ့တယ်။ဘယ့်နှယ့် ယောက်ျားဖြစ်ပြီး အဆီအနှစ်မထုတ် ရှာတော့မကျွေးချင်ပဲ အရက်ကလေးတမြမြနဲ့ ထစ်ခနဲရှိ အမေတို့ဆီဖုန်းဆက် တောင်းခိုင်း ခေါ်ခိုင်းဖို့ပဲ သိတယ်။အဖေတို့အမေတို့ ကျေနပ်ကြည်ဖြူလက်ခံချင်အောင်တော့ ဘာတစ်ခုမှ မကြိုးစားပဲ ဘဝကို အချောင်ဖြတ်လမ်းက လိုက်ချင်နေခဲ့တာ။မွေးထားတဲ့ကလေးကိုတောင် ချမ်းသာမပေး ခုတုံးက လုပ်ချင်သေးတယ်။သူ့ဦးနှောက်ထဲ အချိန်ပြည့်တောင်းဖို့နဲ့ အိမ်ကြီးပေါ်တက်ရဖို့အရေးပဲ တွေးနေခဲ့လေသလား မသိ။အင်းလေ အစကထဲက သင်းကဒီအကြံနဲ့ စခဲ့တာကိုး။ဒီအကြံအောင်မြင်ဖို့အရေးပဲ တွေးနေခဲ့မှာပေါ့။သိပ်ကိုရွံဖို့ကောင်းတဲ့ ပိုင်းလုံးစိတ်ဓာတ်။
ဒီလောက်မပူမပင်နဲ့ အိနြေ္ဒရရ စားနေသောက်နေနိုင်အောင် အဝေးကနေ အမေက သိုသိုဝှက်ဝှက်နဲ့ ထောက်ပံ့ပေးနေခဲ့တာတောင် လွန်လှပေါ့။အဖေလည်း ဒါကို သိချင်သိနေခဲ့မှာပါ။ကိုကြီးစိတ်ဓာတ်ကို သဘောမကျ၍ အိမ်ကိုပြန်မခေါ်တာကလွဲရင် အဖေလည်း သိပေမယ့် မသိဟန်ဆောင်ခဲ့တာ ဖြစ်မှာပါ။ဒါကို သင်းက လက်ခံချင်အောင် ကြိုးစားမပြပဲ ဒီထက်ပို ဘာတွေများ လိုချင်နေသေးတာလည်း။
အကယ်၍ အဖေတို့က မိနွယ်တို့သားမိကို သနားပြီး လက်ခံလို့ အိမ်ကြီးပေါ်ရောက်သွားခဲ့ရင်တောင် သင်းအချိုးက လိမ္မာသိတတ်မည်မဟုတ်။ အောက်ခြေလွတ် ဘဝမေ့ပြီး ပစ္စည်းတွေကို ပရမ်းပတာ သုံးဖြုန်းပစ်မှာ မြင်ယောင်သေး။အဖေ တစ်သက်လုံး အောက်ခြေဘဝကနေ ပင်ပင်ပန်းပန်း ရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းတွေကို သင်းလက်ချက်နဲ့ သဲထဲရေသွန် အဖြစ်မခံနိုင်။တကယ်ဆို သားသမီးဖြစ်တဲ့ မိနွယ်တို့ကတောင် သိတတ်လိမ္မာရအုံးမှာ မဟုတ်လား။ကြာတော့ မိနွယ်လည်း အမေတို့ကို မျက်နှာပူ အားနာလှပြီ။ဒီထက်ပို ဒုက္ခလည်းမပေးချင်တော့။မပေးရက်တော့။
"မဆက်တော့ဘူး။ဒီကရှေ့မိနွယ် အမေတို့ကို ဒုက္ခမပေးတော့ဘူးလို့ ဆုံးဖြတ်ထားတယ်"
"ဟင် ဘာ ဘယ်လို မဆက်တော့ဘူး ဟုတ်လား"
"ဟုတ်တယ် အခုမိနွယ်က အပျိုမဟုတ်တော့ဘူး။အိမ်ထောင်သည်ကလေးတစ်ယောက်အမေ ဖြစ်နေပြီ။ထစ်ကနဲရှိ မိဘကိုဒုက္ခလှမ်းပေးတဲ့ သမီးမိုက် မဖြစ်ချင်တော့ဘူး"
"ဒါ ဒါဆို နင်က အဲ့ဒီအိမ်ပေါ် ပြန်တက်ဖို့ စိတ်မကူးတော့ဘူးပေါ့ ဟုတ်လား"
"ဟုတ်တယ်"
"မရဘူးမိနွယ် မရဘူး။နင် နင့်အမေဆီဖုန်းဆက်ပြီး အဲ့ဒီအိမ်ပေါ် ပြန်တက်နိုင်အောင် လုပ်ကိုလုပ်ရမယ် ဒါပဲ"
"အို မလုပ်ဘူးဆို မလုပ်ဘူးပဲ။အစထဲက အဖေက ကိုကြီးနဲ့သဘောတူခဲ့တာ မဟုတ်ဘူး။အဖေ့စိတ်ကို မိနွယ်သိတယ်။ ဘယ်တော့မှလည်း ပြန်ခေါ်မှာ မဟုတ်ဘူး။ဒီမယ်ကိုကြီး ကိုကြီးမိနွယ်တို့သားမိကို ရှာမကျွေးရင်နေ။မိနွယ်ကိုယ့်ဘဝကို ကိုယ့်ဘာသာ ရုန်းကန်နေတော့မယ်"
"ဘာလည်း နင်ကငါ့ကိုအာခံတာလား။အေး လုပ်ပေါ့။လုပ်ကြည့်လိုက်လေ။မွဲချင်တဲ့ခွေး ပြာပုံတိုးတဲ့ကောင်မ။နင်ဘယ်လောက်တောင့်ခံပြီး ရုန်းနိုင်မလည်းဆိုတာ ကြည့်ရသေးတာပေါ့"
ဟင် ကြည့်စမ်း ကြည့်စမ်း မိနွယ်ကို ပြောသွားလိုက်တာများ မွဲချင်တဲ့ခွေး ပြာပုံတိုးသလေး ဘာလေးနဲ့။အခု မိနွယ် ဘယ်သူ့ကြောင့် ပြာပုံတိုးဘဝရောက်နေရတာလည်းဆိုတာ သင်းမသိလေရော့သလား။
"ဟုတ်တယ်ဟေ့ ဟုတ်တယ် ဟောဒီ အမိုက်မ မိနွယ်က မွဲချင်လို့ ပြာပုံမှာဝပ်နေတဲ့ နင့်လိုခွေးဆီကို တည့်တည့် တိုးခဲ့မိတာဟဲ့ သိပြီလား"
မိနွယ်လည်း မူးမူးရူးရူးနဲ့ ပြောထွက်သွားတဲ့ ကိုကြီးကို အိမ်ထဲကနေ လှမ်းအော်ပြောလိုက်တော့တယ်။ဒီအချိန် မိနွယ်ရင်ထဲမှာ ဒေါသတွေကလွဲပြီး ဘာမှမရှိ။ပတ်ဝန်းကျင် အိမ်နီးချင်းတွေကိုလည်း မရှက်နိုင်။မအော်စဖူး အသံကုန်ဟစ်ပြီးကို အော်ပြောနေမိတော့တယ်။ဒါကို သင်းက မခံနိုင်ဖြစ်ပြီး မိနွယ်ဆီ ပြန်လှည့်လာပြီး ရိုက်ပါတော့တယ်။ရိုက်လေ ရိုက်ပေါ့ ဒါတွေဟာ မိနွယ် အမိုက်မအဖို့တော့ အရေထူ ရိုးနေခဲ့ပါပြီ။ဒီအချိန် မိနွယ် အံကြိတ်ခံရင်း အဖေနဲ့အမေတို့ စေတနာ မေတ္တာနဲ့ တားခဲ့တဲ့စကားတွေကို နားထဲပြန်ကြားနေခဲ့မိတော့တယ်။
"အဖေတို့က ဒီကောင်လေးကို ပညာမတတ် ငွေကြေးမချမ်းသာလို့ သဘောမကျတာ မဟုတ်ပါဘူး သမီးရယ်။သူ့ရဲ့စိတ်ဓာတ်နဲ့မျိုးရိုးကို အဖေက သဘောမကျတာပါကွယ်။အခုလည်း ကြည့်အုံးလေ ဦးလေးအိမ်လာနေပြီး အလုပ်လုပ်တယ်သာဆိုတယ် အဖေ့အမြင်တော့ ရပ်ကွက်ထဲ လပ်ယားလပ်ယားနဲ့ အမြဲမူးနေတာပဲ။လူကြီးလည်းလူကြီးမှန်းမသိ။သိပ်မိုက်ရိုင်းတာ။ဒါကို ငါ့သမီးလိုပညာတတ်က ဘယ်လိုမျက်စိနဲ့ကြည့်ပြီး သဘောကျသလည်းဆိုတာ အဖေတော့ အံ့ဩတယ်။အကယ်၍ အဖေတို့ အတန်တန် နားဝင်အောင်ပြောပြီး တားနေတဲ့ကြားက ငါ့သမီးမိုက်လုံးကြီးသွားမယ်ဆိုရင်တော့ အဖေက လုံးဝလှည့်ကြည့်မှာ မဟုတ်ဘူးနော်သမီး"
"ဟုတ်တယ်သမီး လူဆိုတာ မျိုးနဲ့ရိုးနဲ့နေတာ။လူမှာအမျိုး ကြက်မှာအရိုးတဲ့ သမီးရဲ့။လူနှစ်ယောက်ဘဝတစ်ခုထူထောင်တယ်ဆိုတာ အဲ့ဒီလူနှစ်ယောက်နဲ့တင် ပြီးတာမဟုတ်ဘူး။နောက်က အသိုင်းအဝိုင်း နှစ်ခုပါ ပေါင်းစပ်ကြရတာ။အခု ဒီကောင်လေးမိဘတွေ သတင်းကြားရတာ မကောင်းဘူး။ဖအေက နောက်မယားနဲ့။မအေက ရပ်ကွက်ထဲ အရက်ပုန်းရောင်း။ဒီကောင်လေးဆိုတာလည်း သမီးအဖေပြောသလိုပဲ လက်ကြောကမတင်း လူ့ဂွစာ အရက်ကလေးတမြမြနဲ့ ရည်းစားတွေလည်း မှိုလိုပေါက်ဆိုပဲ။ငါ့သမီးကိုလည်း ဒီကောင် တကယ်မေတ္တာရှိတာ ဟုတ်ဟန်မတူပါဘူးကွယ်။ကုန်ကုန်ပြောရရင် သမီးရယ် သူတို့နဲ့အမေတို့ မျိုးရိုးအဆင့်အတန်း ဘဝရပ်တည်မှု အခြေအနေခြင်းက မိုးနဲ့မြေလို ကွာခြားတယ်။တစ်ခြားစီ။ဘယ်လိုမှ မအပ်စပ်ဘူး။ ငါ့သမီးနဲ့လည်း မတန်ပါဘူးသမီးရယ်။အမေတို့မှာ သားသမီးဆိုလို့ ငါ့သမီးတစ်ယောက်ပဲ ရှိတယ်။သမီးလေးဘဝ လူတော်လူကောင်းနဲ့တွေ့ပြီး ဒီထက်မြင့်မားပြည့်စုံတဲ့ ဘဝမှာပဲ အမေတို့မြင်ချင်တယ်။ဒီတော့သမီးရယ် ဒီဘာမဟုတ်တဲ့ ကောင်စားမျိုးနဲ့တော့ ငါ့သမီးလေးကို အမေတို့ သဘောမတူနိုင်ဘူးကွယ်။အမေတို့အဖေတို့ စကားကို နားထောင်စမ်းပါ သမီးရယ်"
မှန်လိုက်တာ အဖေတို့အမေတို့ရယ်။အခု သမီးမယ် အဖေတို့အမေတို့ ပြောစကားတွေကို နားမထောင်ပဲ စရိုက်မတူ စိတ်ဓာတ်အောက်တန်းကျတဲ့ လူတစ်ယောက်ကို လင်တော်ခဲ့မိလို့ ဒုက္ခတွေရောက် ဒူးနဲ့မျက်ရည်သုတ်ပြီး စိတ်အဆင်းရဲကြီး ဆင်းရဲနေရပါပြီ။မိနွယ် ကိုယ့်ကိုရိုက်နှက်ပြီး မူးမူးနဲ့ အိပ်ပျော်သွားတဲ့ ကိုကြီးကိုကြည့်ပြီး အားရပါးရ ငိုချလိုက်ပါတော့တယ်။
ဒါပေမယ့် မိနွယ် ကိုယ့်ဒုက္ခအပူမီးကို မိဘတွေဆီ အပူမကပ်တော့ပဲ ရပ်ကွက်ထဲမှာ ပြောင်းဖူးပြုတ်လေး လည်ရောင်းရင်း ကိုယ့်မိုက်ပြစ်ကို ခါးဆီးရင်ဆိုင် ဖြတ်သန်းခဲ့တော့တယ်။မကြာပါဘူး စားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ မိနွယ်တို့ အိမ်ဆက်မငှားနိုင်ကြတော့ပဲ ယောက်ခမတွေ ငှားနေတဲ့ အိမ်ခန်းကျဉ်းကျဉ်းလေးထဲကို တစ်ကြော့ပြန် ပြန်ရောက်ခဲ့ကြပါတော့တယ်။ထုံးစံ ယောက်ခမ ယောင်းမရဲ့ ငြိုငြိုငြင်ငြင် စကားသံတွေကို မိနွယ် ပြန်ခံခဲ့ရတယ်။အသုံးမကျတဲ့ ယောက်ျားကိုရထားတော့လည်း မိနွယ်အငြူစူခံရတာ မဆန်းပါဘူး။ဖြစ်နိုင်ရင် မိနွယ်လည်း ဒီလိုအိမ်ကျဉ်းလေးထဲမှာ အငြူစူခံဘဝနဲ့ မနေချင်ပါဘူး။မတတ်သာတဲ့ဘဝနဲ့ အမေတို့ကို ဒုက္ခဆက်မပေးချင်တာကြောင့် မိနွယ် ကြုံလာတဲ့ဘဝမှာ ကြိတ်မှိတ်သီးခံ နေခဲ့လိုက်ပါတယ်။
"ဟဲ့ငစိုး နင်ယူထားတာ သူဌေးသမီးဆို။အခု ဘယ့်နှယ့် တိုက်ပေါ်မရောက်ပဲ ငါ့အိမ်စုပ် ပြန်ရောက်လာရတာတုန်း။နေရထိုင်ရတာ ကျဉ်းရတဲ့ အထဲတော်"
"ဟုတ်ပါ့"
"ဒီကောင်မ သောက်သုံးမကျလို့ပေါ့ဗျာ။ဟိုအဖိုးကြီး အဖွားကြီးတွေလည်း အလကားပဲ။လူကိုများ မတူမတန်သလိုလိုနဲ့ ပစ္စည်းမာန်တက် ဂုဏ်မောက်နေကြတယ်။ကျုပ်မယ် သူဌေးသမီးရလို့ တိုက်ကြီးပေါ်ချမ်းချမ်းသာသာနဲ့ ဇိမ်နဲ့နေရမလား မှတ်ပါတယ်။ဒီဆင်းရဲတွင်းနက်တဲ့ လမ်းဘေးကျူးသာသာဘဝက လွတ်တယ်ကို မရှိဘူး တောက်"
သားမိတတွေ အတိုင်အဖောက်ညီညီပြောနေကြတဲ့ စကားသံတွေက မိနွယ်နားထဲ ခါးလိုက်တာလွန်ပါရော။သူများပစ္စည်းနဲ့ အချောင်ဇိမ်ထုတ်ချင်တဲ့ ကိုကြီးရဲ့စကားက တယ်လည်း တရားကြဖို့ ကောင်းပါရဲ့။ကိုယ်ကိုတိုင်က ဘာအဆီအနှစ်မှ မထုတ်ချင်ပဲ အားအားရှိ မိနွယ်ကိုပဲ မကျေမချမ်းနဲ့ ရန်ဆွယ်ငေါငေါလုပ်နေခဲ့တာ။ကြာတော့ မိနွယ်လည်း ဒီဒဏ်တွေကို စိတ်ပျက်စိတ်ကုန်လှပါပြီ။တစ်ခါတစ်ခါ သားလေးကိုခေါ်ပြီး မိနွယ် မိဘတွေဆီ ပြေးသွားလိုက်ချင်မိတယ်။အဖေက မိနွယ်ကို စိတ်ဆိုးပြီး ဘယ်လောက်ပဲပစ်ထားထား မိနွယ်ခေါင်းတစ်ချက်ဝှေ့လိုက်တာနဲ့ မိနွယ်တို့သားမိကို ပြန်လက်ခံမှာ သေချာပါတယ်။ဒါပေမယ့် မိနွယ် ကိုကြီးရဲ့ စိတ်ဓာတ်ကို မနှစ်မြို့၍ မသွားရဲခဲ့။သင်းက ဒီအခွင့်အရေးကို အမြဲချောင်းနေခဲ့တာ မဟုတ်လား။မိနွယ်ကြောင့် အဖေနဲ့အမေ စိတ်မဆင်းရဲစေချင်။ဖြစ်လာသမျှ လောကဓံကို မိနွယ်ခါးဆီးခံရုံပေါ့။ဒါကလည်း ဘယ်သူမပြု မိမိအမှုဆိုသလို မိနွယ်အချစ်ကိုကိုးကွယ်ပြီးမိုက်လုံးကြီးခဲ့လို့ ဖြစ်ခဲ့ရတာ မဟုတ်လား။မိနွယ် တောင့်ခံနိုင်ရမှာပေါ့။
အခုဆို မိနွယ်ပုံစံသွင်ပြင်က အရင်မိနွယ်ပုံစံသွင်ပြင်နဲ့ လားလားမှမဆိုင်။သူဌေးသမီးတစ်ယောက်ပါလို့ ပြောရင်တောင် ဘယ်သူမှ ယုံနိုင်ဖွယ်မရှိ။လောကဓံခါးခါးရိုက်ချက်နဲ့ စိတ်ထောင်းလို့ ကိုယ်ကြေနေတဲ့ မိနွယ်ရဲ့ ပိန်လှီလှီခန္ဓာကိုယ်ပေါ်မှာ အဝတ်အစားက နွမ်းနွမ်းစုပ်စုပ်။အဆီခန်းခြောက်ဖွာလန်ကြဲဖြစ်နေတဲ့ ဆံပင်ပေါ်မှာ ပြောင်းဖူးပြုတ်တောင်းကြီး ခေါင်းပေါ်ရွက်ပြီး လက်ထဲမှာလည်း ကလေးကတစ်ဖက်နဲ့ ရပ်ကွက်ထဲ ပြောင်းဖူးပြုတ်လည်ရောင်းနေတဲ့ မိနွယ်ပုံစံက တကယ့်ကို ဆင်းရဲနွမ်းပါးတဲ့ အောက်ခြေလူတန်းစားရုပ်ကို ပေါက်နေခဲ့ပါပြီ။
တစ်ချိန်က တိုက်အိမ်ကြီးပေါ်မှာ လက်မွှေးမီးမလောင် ခြေမွှေးမီးမလောင် မင်းသမီးလေးတစ်ပါးလို ပြည့်ပြည့်စုံစုံ ကြွကြွရွရွ နေခဲ့ရတဲ့ မိနွယ်ပုံစံနဲ့တော့ တစ်ခြားစီ ဖြစ်နေခဲ့ပြီပေါ့။ဒီအချိန် မိနွယ်ပုံစံကို အဖေနဲ့အမေမြင်ရင် ဘယ်လောက်ယူကျုံးမရ ဖြစ်လိုက်ကြရှာလေမလည်း။မိနွယ် မျက်လှည့်ဆန်ဆန် ပြောင်းလဲသွားတဲ့ ကိုယ့်အဖြစ်ကိုတွေးရင်း ကျေးဇူးရှင် အဖေနဲ့အမေကို သတိကရနေမိတယ်။ပြီးတော့ မတည်မြဲတဲ့ လူ့ဘဝကြီးနဲ့ အချို့အကွေ့ကြမ်းကြမ်းနဲ့ ပြောင်းလဲသွားတဲ့ ကိုယ့်ဘဝကိုလည်း ရင်နာမှုနဲ့အတူ သတိသံဝေဂလည်း ရမိတယ်။ကြားထဲက ဘာအပြစ်မှမရှိ ဆင်းရဲတွင်းနက်နေရရှာတဲ့ သားလေးအတွက်ကိုတော့ မိနွယ်စိတ်မကောင်းဖြစ်မိတာအမှန်ပါ။
"ဟဲ့ ပြောင်းဖူးပြုတ်သည် လာအုံး"
"အော် ဟုတ် ဟုတ်ကဲ့"
မိနွယ်ကိုယ့်အတွေးနဲ့ကို လျှောက်လာစဉ် ဝယ်သူကလှမ်းခေါ်လိုက်တာကြောင့် ဝမ်းသာအားရနဲ့ ပြောင်းဖူးပြုတ်တောင်းလေးကို ချပေးလိုက်ပါတယ်။
"ပြောင်းဖူးက တစ်ဖူးဘယ်လောက်လည်း"
"နှစ်ရာပါရှင့် သုံးဖူးယူရင် ငါးရာပဲပေးပါ"
"ဒါဆို သုံးဖူးပေး"
"ဟုတ်ကဲ့"
မိနွယ် ပြောင်းဖူးပြုတ်သုံးဖူးကို အိတ်ကလေးနဲ့ အမြန်ထည့်ပေးလိုက်တယ်။ဒီကနေမှ နေကလည်း ပူလိုက်ချက်။မအေသွားရာနောက် ပါရရှာတဲ့ သားလေးခမျာ သနားစရာ။တောင်းထဲပြောင်းဖူးတွေကလည်း ကျန်သေးသည်မို့ ရပ်ကွက်ထိပ်က လိုင်းကားဂိတ်ဘက် ထွက်ခဲ့လိုက်တယ်။
"ဟင် သမီး သမီးမိနွယ် မဟုတ်လား"
ကားတစ်စီးရှေ့အဖြတ် ကားထဲကနေ လှမ်းအော်မေးလိုက်တဲ့ အမေ့အသံကို မိနွယ် ကြားလိုက်ရတယ်။မိနွယ် မယုံနိုင်စွာနဲ့ လှည့်ကြည့်လိုက်တော့ တကယ်ပဲ အမေ့ကို တွေ့လိုက်ရတယ်။
"အေမ"
"အမလေး သမီးရယ် ဖြစ်မှဖြစ်ရလေအေ"
အမေက ကားပေါ်ကဆင်းလာပြီး မိနွယ်ကိုကြည့်ပြီး ယူကျုံးမရနဲ့ ချုံးပွဲချငိုပါတော့တယ်။မိနွယ်လည်း ပြောင်းဖူးပြုတ်တောင်းလေးချပြီး အမေ့ကိုဖက် ငိုခဲ့လိုက်တယ်။ဒီအချိန် ပတ်ဝန်းကျင်က အကြောင်းမသိ သူတွေအဖို့တော့ အထူးအဆန်း ဖြစ်နေခဲ့ကြတာပေါ့။
"သမီးမိုက်ကို ခွင့်လွှတ်ပါ အမေရယ်"
"ခွင့်လွှတ်ပါတယ်သမီးရယ် ငါ့သမီးလေးဆီက အဆက်အသွယ်မလုပ်တာကြာလို့ အမေစိတ်ပူပြီး ညည်းအဖေမသိအောင် ကားငှားပြီး လိုက်လာခဲ့တာ။မမျှော်လင့်ပဲ ဒီမှာတွေ့လို့ တော်သေးတာပေါ့။ငါ့မြေးလေးလည်း နေပူထဲဘယ်လောက်ပင်ပန်းလိုက်ရှာမလည်း။မြေးလေး ဖွားဖွားဆီကို လာပါအုံးကွယ်"
အမေက သူ့မြေးလေးကိုခေါ်ပြီး တရှုံ့ရှုံ့နမ်းပါတော့တယ်။မိနွယ် မြင်ရတာ ရင်ထဲကြည်နူးမိပါဘိ။
"ကဲ ငါ့သမီးနဲ့ငါ့မြေး ဒီလောက်ဆင်းရဲနေမှတော့ အမေပြစ်မထားနိုင်တော့ဘူး။သမီးတို့မိသားစု အခုတစ်ခါထဲ အမေနဲ့ လိုက်ခဲ့ကြတော့"
"ဟင် အ အမေ တကယ်ပြောတာလား"
မိနွယ် အမေ့စကားကြားတော့ ထခုန်မိမတတ် ဝမ်းသာသွားခဲ့မိတယ်။
"တကယ်ပေါ့သမီးရဲ့"
"ဟို အ အဖေက--"
"ဒီအတွက်မပူနဲ့ သမီးအဖေကို အမေရအောင်ပြောမယ်။သူလည်း သမီးကို တွေ့ချင်နေတာ အမေသိတယ်။ပြီးတော့ မြေးလေးမျက်နှာမြင်လိုက်ရင်လည်း သူ့ဒေါသတွေ တောင့်မခံနိုင်ပါဘူး သမီးရယ်"
ဒီလိုနဲ့ မိနွယ်တို့ အဖေနဲ့အမေ့ဆီ ပြန်ရောက်ခဲ့ကြပါတယ်။ရောက်စတော့ အဖေက မျက်နှာကြောကြီးတင်းပြီး တောင့်ခံနေခဲ့ပေမယ့် မိနွယ် အဖေ့ခြေဖမိုးပေါ် ဦးခိုက်ပြီး မျက်ရည်ခံထိုး တာင်းပန်လိုက်တော့ အဖေစိတ်ပြေခွင့်လွှတ်ပေးခဲ့ပါတယ်။ကိုကြီးကိုလည်း မိနွယ်မျက်နှာနဲ စိတ်လျှော့ပြီး လက်ခံပေးခဲ့ပါတယ်။ဒါပေမယ့် ကိုကြီးအချိုးတွေက မိနွယ်ထင်တဲ့အတိုင်း တစ်နေ့တစ်နေ့ သူဌေးစတိုင်ဖမ်းပြီး သုံးဖြုန်းထင်ရာစိုင်းစပြုလာခဲ့ပါတယ်။နဂိုထဲက သူကဒီလိုနေဖို့ အကြံရှိခဲ့တာ မဟုတ်လား။ဒါနဲ့ အဖေက ပညာရအောင်ဆိုပြီး သူ့အသိကားဝပ်ရှော့ဆိုင်ထဲမှာ အလုပ်သွင်းပေးခဲ့တယ်။ဒါလည်းကိုကြီးကမမြဲခဲ့ပါဘူး။ကားမောင်းသင်ပြီးတက္ကစီမောင်းတဲ့အလုပ် လုပ်ချင်တယ်လို့ အဖေ့ကိုပူစာခဲ့ပါတယ်။အဖေလည်းအစတော့ ကိုကြီးရဲ့ သောက်တတ်စားတတ်တဲ့ အကျင့်ကြောင့် ခွင့်မပြုခဲ့ပါဘူး။ဒါပေမယ့် ကိုကြီးက တစ်နေ့တစ်နေ့ ဘာအလုပ်မှမလုပ်ပဲ ပေါ့ပေါ့နေပေါ့ပေါ့စား လုပ်နေခဲ့တော့ နောက်ဆုံး အဖေ လိုက်လျောပေးခဲ့ပါတယ်။ဒီမှာ နဂိုထဲက အရှိန်နဲ့ ပြေးချင်နေတဲ့မြင်း အတောင်တပ်ပေးလိုက်သလို ဖြစ်သွားခဲ့တော့တာပါပဲ။မျိုးစေ့မမှန် ပင်မသန်ဆိုတဲ့စကား သိပ်မှန်တယ်။အဖေဘယ်လောက်ပဲ မြေတောင်မြှောက်ပံ့ပိုးပေးပေး အလကား အချည်းအနှီးပါပဲ။
"သမီး ညည်းယောက်ျားသတင်းတွေ ကြားရတာ မကောင်းဘူး။အခုတလော မိန်းမတစ်ယောက်နဲ့ ဘာလိုလိုညာလိုလိုဆိုပဲ"
"သမီးလည်း ဒီသတင်းကြားပြီး သူ့ကိုပြောပေါင်းလည်း မနည်းတော့ဘူး။သူက မဟုတ်ဘူးကြည့် ဘူးခံငြင်းနေတာ"
"အင်း အမေလည်း ငါ့သမီးအတွက် ရင်လေးမိပါတယ်ကွယ်။အကယ်၍ ဒီသတင်းအမှန်ဟုတ်နေခဲ့ရင် သမီးဘာလုပ်မလဲ"
"ဘာလုပ်ရမလည်း အမေရယ် တစ်ခါထဲဇာတ်လမ်းအပြတ်ဖြတ်ပြီး အိမ်ပေါ်က နှင်ချလိုက်ရုံပေါ့"
မိနွယ် အမေ့ကိုပြောရင်း ဒေါသတွေက ထွက်လာခဲ့တယ်။ဟုတ်တယ် ဒီလိုဖောက်လွှဲဖောက်ပြန်ကိစ္စမျိုးအထိတော့ မိနွယ် သီးမခံနိုင်။အခုတောင် သားလေးရဲ့အဖေ ဖြစ်နေလို့။ပြီးတော့ သင်းအသိဝင်ပြီး ပြုပြင်လာမလားအတွေးနဲ့ မိနွယ်သီးခံနေခဲ့တာ။အခုတလော သင်းမူမမှန်ဖြစ်နေတာ မိနွယ် ရိပ်မိနေတာ ကြာပြီ။တစ်ဆင့်စကား တစ်ဆင့်နားနဲ့ သင်းသတင်းတွေ ကြားနေရတာဟာလည်း နားနဲ့မဆန့်တော့။ဒါ့ကြောင့် မိနွယ် ကိုကြီးကို သားလေးမျက်နှာထောက်ပြီး အနေအထိုင်ဆင်ခြင်ဖို့ အမျိုးမျိုးဖြောင့်ဖြပြောခဲ့တယ်။ဒါကို သင်းက ဘူးခံငြင်းပြီး သူဌေးစတိုင်ဖမ်း ရောင့်တက်လာခဲ့တယ်။
အဖေနဲ့အမေကိုလည်း ဂရုမစိုက် မရိုသေ။ ကားတစ်စီးနဲ့မိုးလင်းကမိုးချုပ် ဝင်ချင်တဲ့အချိန်ဝင် ထွက်ချင်တဲ့အချိန်ထွက်။ကားဆွဲခ ပိုက်ဆံလည်း အပ်ချင်မှ အပ်။ဒီတော့အဖေက သူ့အချိုးတွေကို မကြိုက်လို့ ကားပြန်သိမ်းမယ်ဆိုတော့ မိုက်မိုက်ရိုင်းရိုင်း ပြန်ပြောသောင်းကြမ်း။တသောင်လုံး ရပ်ကွက်ထဲ အိနြေ္ဒနဲ့သိက္ခာနဲ့နေလာတဲ့ အဖေတို့လည်း သင်းအတွက်နဲ့ အရှက်တကွဲ အကျိုးနည်းဖြစ်။မိနွယ်ဆို အရပ်ထဲတောင် မထွက်ရဲတဲ့ဘဝ။ဘယ့်နှယ့် ကိုယ်ရောက်နေတဲ့နေရာနဲ့တန်ဖိုးကို မသိတဲ့ လူစားမျိုး။ မိနွယ် ကိုကြီးကို ရွံမုန်းလိုက်တာလွန်ရော။အခုဆို မိနွယ်ရှေ့တောင်မရှောင် သူ့ကောင်မနဲ့ ဖုန်းပြောနေတာ မပြီးနိုင်မစီးနိုင်။
"ရှင်တို့ဒီလောက်တောင် ဖြစ်နေကြရင် ကျွန်မကိုကွာပြီး ယူလိုက်ကြပါတော့လား"
" ဒီမိန်းမ ဘာတွေပြောနေတာလည်း မဟုတ်ပါဘူးဆိုတာ"
"အော် ကျွန်မရှေ့ဒီလောက်ပြောမပြီးနိုင် ဖြစ်နေကြတာကို မဟုတ်ဘူး ဟုတ်လား။အေးလေ လက်ပူးလက်ကြပ် မမိသေးတော့ ကျွန်မကို နုံနုံအအထင်ပြီး ဖင်ပိတ်ငြင်းနေကြအုံးပေါ့။တစ်နေ့ သက်သေနဲ့တကွ လက်ပူးလက်ကြပ်မိလို့ကတော့ အဲ့ဒီနေ့ ရှင်ဒီအိမ်ပေါ်က ခေါင်းနဲ့ဆင်းရပြီသာမှတ်"
"ဟာ ဒီမိန်းမ ပြောလေကဲလေ နားကိုငြီးတယ် ကဲဟာ"
သင်းက အိမ်ပေါ်က နှင်ချမယ်ပြောတဲ့ မိနွယ်ကို ဒေါသထွက်ပြီး လက်ထဲကဖုန်းကို ပေါက်ခွဲပစ်လိုက်ပါတယ်။မိနွယ်ရဲ့စကားက သူ့အရှိုက်ကို ထိသွားခဲ့တာကိုး။ဘာလို့ဆို သင်းက ဒီအိမ်ကြီးပေါ်ကဆင်းရဖို့ဝေးစွ တစ်လက်မမှ ရွေ့ချင်ခဲ့တာမဟုတ်။ဒီအိမ်ကြီးရဲ့စည်းစိမ်တွေနဲ့ ဇိမ်ခံမှုတွေကို သင်းကမက်မောသာယာနေခဲ့တာ။အဲ့ဒါဆိုလည်း မိသားစုကိုချစ်ပြီး ယောက်ျားကောင်းပီသစွာနေလေ။အဖေတို့အမေတို့ကျေနပ်စိတ်ချအောင် အလုပ်ကို ကြိုးစားလုပ်လေ။အခုတော့ သင်းက အဲ့လိုမဟုတ်ပဲ သားလေးမျက်နှာမှမထောက် ပွေချင်တိုင်းပွေ ရှုပ်ချင်တိုင်း ရှုပ်နေခဲ့တာ။ဒါကို မိနွယ်က နားလည်ခွင့်လွှတ်သီးခံပေးနေရမှာလား။ဝေးပါသေး။သင်းလို ပိုင်းလုံးလူယုတ်မာကောင်ကို အမြန်ရှင်းထုတ်နိုင်ဖို့အရေး သက်သေနဲ့တကွ လက်ပူးလက်ကြပ်မိဖို့ အရေးသာ မိနွယ်အတွက် အရေးကြီးနေခဲ့တယ်။နို့မို့ဆို သင်းရဲ့လိမ့်လုံးညာလုံးတွေအောက်မှာ မိနွယ်တို့ ရပ်ကွက်ထဲ ဘယ်လောက်အထိ အရှက်ရ သိက္ခာကျနေအုံးမလည်း မသိ။
ဒါပေမယ့် သူတော်ကောင်းနတ်စောင့်ဆိုတဲ့အတိုင်း သိပ်မကြာခင်မှာပဲ မိနွယ် ကံကောင်းခဲ့ပါတယ်။တစ်နေ့ မိနွယ်အတွက် ကံကောင်းစေမယ့် သတင်းတစ်ခုကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ကြားခဲ့လိုက်ရပါတယ်။ကိုကြီး မိန်းမတစ်ယောက်နဲ့ အိမ်တစ်လုံးထဲမှာ ပလူးနေတဲ့အကြောင်း။မိနွယ်သိသိခြင်း တန်းလိုက်သွားခဲ့ပါတယ်။အဟုတ်ပါပဲ။သင်းတို့နှစ်ယောက်အိမ်တံခါးတောင် မပိတ်နိုင်ပဲ ခွေးဇာတ်ခင်းဖို့တာစူနေကြပုံက ရွံစရာ။မိနွယ်လည်း လက်ထဲအသင့်ပါလာတဲ့ဖုန်းနဲ့ သက်သေဓာတ်ပုံတွေကို အမိအရ ဖမ်းရိုက်ယူခဲ့ပါတယ်။ပြီးတော့ ရုံးကိုတစ်ခါထဲသွားပြီး ကွာရှင်းခွင့်ကို တောင်းခဲ့လိုက်တယ်။ဒီအချိန် မိနွယ်ရင်ထဲမှာ ကိုကြီးနဲ့ပက်ပြီး နာကျည်းမုန်းတီးစိတ်ကလွဲပြီး ဘာအချစ် ဘာသံယောဇဉ်မှ မရှိတော့ပါ။နောက်ဆုံး သားလေးအတွက်ထားခဲ့တဲ့ သံယောဇဉ်တဲတဲလေးတောင် မရှိခဲ့တော့။
"မိနွယ်ရယ် ကိုကြီးမှားသွားပါတယ်ကွာ။နောက် မိနွယ်မကြိုက်တာ ဘာတစ်ခုမှ ကိုကြီးမလုပ်တော့ပါဘူး။အလုပ်လည်း မိနွယ်စိတ်တိုင်းကျဖြစ်အောင် ကိုကြီး ကြိုးစားပြီး လုပ်ပါ့မယ်။နောက်ဆုံး အရက်ဖြတ်ဆိုလည်း ကိုကြီးဖြတ်ပါ့မယ်ကွာ။ကိုကြီးကို ဒီတစ်ခါတော့ သားလေးမျက်နှာထောက်ပြီး ခွင့်လွှတ်ပေးပါ မိနွယ်ရယ် ။ကိုကြီး တောင်းပန်ပါတယ်ကွာ နော်"
"ထွီ ဘာအခုမှ သားလေးမျက်နှာလည်း။အစထဲက ရှင်သာ သားလေးမျက်နှာတကယ်ထောက်ပြီး ဆင်ခြင်ခဲ့ရင် အခုလို အခြေအနေအထိ ဖြစ်လာစရာ အကြောင်းမရှိဘူး။ကုန်ကုန်ပြောမယ် လောကကြီးမှာ ရှင်လိုလူက ကျွန်မအတွက် အဆိပ်ဖြစ်ခဲ့သလို သားလေးအတွက်လည်း အဆိပ်ပင်ပဲ သိရဲ့လား။ဒါ့ကြောင့် ကျွန်မတို့သားမိနှစ်ယောက်ရဲ့ အဆိပ်ပင်ဖြစ်တဲ့ ရှင်လိုလူယုတ်မာကို ကျွန်မကိုယ်တိုင် အမြစ်ကနေဆွဲနုတ်ပြီး မီးရှို့ပစ်မယ်ရှင့် မီးရှို့ပစ်မယ်"
မိနွယ် ခခယယတောင်းပန်နေတဲ့ သင်းရဲ့ရွံစရာမျက်နှာကို နာနာကျည်းကျည်းနဲ့ စေ့စေ့ကြည့်ပြောပြီး ကွာရှင်စာချုပ်ကို လက်မှတ်ထိုး ထွက်ခဲ့လိုက်တော့တယ်။ဒီအချိန် မိနွယ်ရင်ထဲ ပေါ့ပါးလန်းဆန်းသွားလိုက်တာဆိုတာ ဘာနဲ့မှမတူ။တစ်သောင်လုံး ရင်ထဲဆူးနေတဲ့ ဆူးတစ်ချောင်း ဆွဲနုတ်နိုင်လိုက်သလို ခံစားလိုက်ရတယ်။ဟုတ်တယ် ကိုယ့်ရဲ့ချစ်ခြင်းနဲ့တန်ဖိုးကို မသိနားမလည်တဲ့ လူ့ပေါက်ပန်း တစ်ယောက်ကို အခုလို သတ္တိရှိရှိနဲ့ ပြတ်ပြတ်သားသား လမ်းခွဲရှင်းထုတ်နိုင်ခဲ့တာဟာ မိနွယ်အတွက်တော့ တကယ့်ကို မဟာအောင်မြင်မှုကြီးဖြစ်ပြီး ကျေနပ်စရာ ဝမ်းသာစရာ ဖြစ်နေခဲ့တာတော့ အမှန်ပါ။
ဒီမှာ မိနွယ်တစ်ခု စဉ်းစားမိတယ်။ လောကကြီးထဲ လူသားတွေ အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်တစ်ခုပြုကြပြီဆိုရင် တစ်ချို့က အချစ်ကြောင့်ဖြစ်ပြီး တစ်ချို့က ဝဋ်ကြွေးကြောင့် ဖြစ်နေတတ်ပါတယ်။မိနွယ်ကတော့ ဝဋ်ကြွေးကြောင့်ဆိုတာ သေချာပါတယ်။ကိုယ့်ဘက်က အချစ်စစ်ကို ဘယ်လောက်ပေးပေး ဝဋ်ကြွေးပါလာပြီဆိုရင် အဲ့ဒီအချစ်ကပဲ ကိုယ့်ကိုပြန်ဒုက္ခရောက် ပူလောင်စေခဲ့ပါတယ်။မိနွယ်လည်း လူထဲကလူပါပဲ။အချစ်စစ်ကို လိုချင်ခဲ့တာပေါ့။ထူမိတဲ့ ကိုယ့်အိမ်ထောင်ရေးလေး အဆင်ပြေပြီး ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ချင်ခဲ့တာပေါ့။ဒါပေမယ့် ဝဋ်ကြွေးပါလာတဲ့မိနွယ် ကံမကောင်းခဲ့ပါဘူး။ အရွယ်ငယ်ငယ်နဲ့ ကလေးတစ်ယောက်အမေ တခုလပ်မဘဝသာ အဖတ်တင်ခဲ့ပါတယ်။ဒါကို မိနွယ်ဂုဏ်မသိမ် အားမငယ် ဝမ်းမနည်းမိပါဘူး။ဘဝတကွေ့မှာ မမျှော်လင့်ပဲ မှားမိတဲ့ ကိုယ့်ရဲ့ ပြင်မရတော့တဲ့ ချစ်ခြင်းအမှားတစ်ခုကြောင့် ရလိုက်တဲ့ ဒီအပြစ်ဒဏ်ကိုတော့ မိနွယ်သတ္တိရှိရှိ ခံယူရင်ဆိုင် ရဲနိုင်ရတော့မှာပေါ့။
ဒါ့ကြောင့်လည်း "အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည်စုပ်ထိုး" ဤသုံးမျိုးချက်မပိုင်ရင် နောင်ပြင်ရန် ခက်သည့်အမျိုးလို့ ရှေးလူကြီးတွေက ဆိုခဲ့ကြတာ မဟုတ်ပါလား။ ။
××××××××××××××××××××××××××××××××××××
5-1-2021(tue)