မေတ္တာတရား ငှားရန် ရှိသည်(စ/ဆုံး)

 မေတ္တာတရား ငှားရန် ရှိသည်(စ/ဆုံး)

————————-

တောင်ကြားမြို့လေးရဲ့ ညနေ ၆ နာရီဟာ တံစက်မြိတ်အစွန်း ချောင်လေးမှာ အမှောင်နဲ့အတူ ခိုတွယ်နေမြဲ။ သူ အလုပ်ပြန်နေကျ ဒီအချိန်ဆို တံစက်မြိတ်အကွယ် ကွမ်းယာခုံဟောင်းလေးနံဘေးမှာ မျက်လုံးတောက်တောက်တွေနှင့် စောင့်နေသူလည်း ရှိနေမြဲ။

စောင့်နေပုံက စိတ်အားထက်သန်လွန်းလို့ ဘေးလူတွေအမြင်မှာတော့ သူ့လိုသာ စောင့်ရကြေးဆို နောင်နှစ်ဆယ်ချီ စောင့်နိုင်လိမ့်မယ်လို့တောင် ထင်စရာ။ Honda တံဆိပ်ကပ် 110 ဘီးအစုတ်လေးရဲ့ ဖွတ်ချပ်ချပ်အသံ ကြားရပြီဆို စောင့်သူရဲ့မျက်လုံးတွေဟာ မီးရောင်ဟပ်သွားတဲ့ မှန်တစ်ချပ်လို လက်ထသွားပြီ။ ခွေခေါက်ထားတဲ့ နောက်ခြေတွေပေါ် ပစ်ရပ်လိုက်ပြီး အမြီးနဲ့ တင်ပါးတွေ လှုပ်ခတ်မြူးထူးနေတော့သည်။ သူ့ရုပ်ကိုပါ မြင်ရပြီဆို နေရာတင် ချာလည်လှည့် ပျော်နေရှာသည်။ ဒီခွေးလေးက သူမွေးထားသည်မဟုတ်။

သူနှင့် အခန်းချင်းကပ်လျက် လင်မယားနှင့် ပါလာပြီး သံယောဇဉ်ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ သူတို့နေသည့်အဆောင်က မြေစိုက်အုတ်ကြွပ်မိုး ၁၀ ပေပတ်လည် အခန်းလေးတွေနဲ့ ခြောက်ဆောင်တွဲလေး။ အဆောင်ရဲ့ အစွန်အကျဆုံးအခန်းမှာ ခွေးရှင် လင်မယားနေသည်။ ဒီလင်မယားကလည်း ဒီကျမှ ညားတဲ့ လင်မယား။ နှစ်ယောက်လုံးမှာ နောက်ကြောင်းနောက်ခံ အိမ်ထောင်စုဇယားကိုယ်စီနဲ့။ ချစ်တဲ့အခါ အရမ်းချစ်ပြပြီး ကြမ်းတဲ့အခါ ပါးစပ်တင်မဟုတ် လက်ပါ ပါတတ်တဲ့ လင်မယားမျိုး။ ဒီလိုမြို့မှာ ဒါမျိုးက မဆန်းတော့။ မယားက ပင်လယ်စာဆိုင်မှာ အလုပ်ဝင်ပြီး ယောက်ျားဖြစ်သူက ရံဖန်ရံခါ တရုတ်ဆိုက်တွေထဲ ကားလိုက်မောင်းသည်။

သူနှင့်လည်း သိကျွမ်းပါသည်။ ခွေးကလေးကတော့ ပြီးခဲ့တဲ့ ၃-၄ လကမှ သူတို့ခရီးက အပြန် ပါလာခြင်း ဖြစ်သည်။ တစ်ကိုယ်လုံး မည်းနေပြီးမှ မျက်လုံးနေရာမှာ မျက်မှန်တပ်ထားသလို အဝါရောင်အဝိုင်းကွက်လေးတွေ ပါသည့်ခွေးလေး။ ခွေးအမျိုးအစားတွေ သူနားမလည်ပေမယ့် ဒီခွေးလေးကတော့ ပါးဖောင်းဖောင်း ခြေဆံလက်ဆံ ဖြူဖြူလေးတွေနှင့်။ အခါမလည်သေးတဲ့ အရွယ်လေးမို့ လုံးတုံးတုံးနှင့် ချစ်ဖို့လည်း အလွန်ကောင်းသည်။ ခွေးဆိုသော်လည်း လူတစ်ယောက်ရဲ့ ခံစားလွယ်တဲ့ မျက်နှာမျိုးနှင့်မို့ မြင်မြင်ချင်း ခွေးကလေးပေါ် သူ သံယောဇဉ်တွယ်မိသွားသည်။

ခွေးလေးကလည်း တကယ့် လူကလေးလေးလို နေတတ်သည်။ လူလိုဆို မျက်နှာချိုလိုက်တဲ့ ကလေးမျိုး ဖြစ်မည်ထင်သည်။ သူ့သခင်တွေထက် သူ့အပေါ်ကို ခွေးကလေးက ပိုခင်တွယ်သည်။ အဆောင်မှာ သူရှိတဲ့ရက် သူ့အနားချည်း ကပ်တော့သည်။ အခန်းအပြင်ဘက် သူဟင်းထွက်ချက်ပြီဆိုလည်း သူ့ခြေထောက်တွေအကြား ပစ်လှဲပြီး လက်ချောင်းတွေနဲ့ သူ့ဂျင်းဘောင်းဘီ အောက်အနားကို ပုတ်ခတ်ဆော့ကစားတတ်သည်။ အခန်းရှေ့ အဝတ်လှန်းစင်အတွက် တိုင်တူးရင်ဖြစ်ဖြစ် ၊ ဘောင်တင်ပြီး ချဉ်ပေါင်စိုက်ရင်ပဲဖြစ်ဖြစ် သူ့ကိုယ်နားတိုးကပ်ပြီး စိတ်လှုပ်ရှားမှုအပြည့်နှင့် လိုက်ကြည့်နေတတ်သည်။

သူအလုပ်မရှိတဲ့ရက် ထိုင်ခုံမှာ ထိုင်လို့ ဖုန်းပွတ်ပြီဆိုလည်း ခွေးကလေးသည် သူ့ခြေထောက်ပေါ် လက်တင်မေးချပြီး သူ့မျက်နှာကို စိုက်ကြည့်နေတတ်သည်။ တစ်ခါတစ်ခါဆို သူ့အခန်းထဲ ဝင်လာပြီး အခန်းထောင့်မှာ ခင်းထားတဲ့ ခြေသုတ်အဝတ်ပေါ် လှဲပြီး သူ့ကို ငေးကြည့်နေတတ်မြဲ။ သူကလည်း ကုတင်ဘေးစားပွဲပေါ်မှာ ရှိတတ်သည့် ကိတ်ခြောက်လေးတွေ ဖောက်ပြီး ခွေးကလေးဆီ ပစ်ကျွေးလို့ စားစမ်းပါကွဟု ပြောတတ်သည်။

သခင်အရင်းတွေက ခွေးကလေးအပေါ် သိပ်ဂရုမစိုက်နိုင်လို့ သူ့အပေါ် ပိုတွယ်တာနေတာလည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် သူအလုပ်အားရက်မှာ ခွေးကလေးက ရောက်တက်ရာရာ ပြောဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်သည်။ ခွေးတစ်ကောင်တွင် လျှာနဲ့ ခံတွင်းရှိသော်လည်း လူလို စကားပြောနိုင်သည့် သတ္တဝါမဟုတ်။ အလွန်ဆုံး သူ့ခံစားချက်ကို တကိန်ကိန်အော်ချင်အော် တဝုတ်ဝုတ် ဟောင်ချင် ဟောင်ပြီးသာ ထုတ်ပြတတ်သည့် သတ္တဝါမဟုတ်လား။ ဒီတော့လည်း သူပဲ ခွေးကလေးကို စကားပြောရသည်။

“ဟကောင်ရ အိပ်ချင်နေပြီလားကွ။ အေးလေ ညညမင်းက အိပ်မှ မအိပ်ပဲကိုး။ တစ်ညလုံးလည်း မင်းအသံချည်းပါလားကွ။ ဘာလဲ အခန်းအပြင်ဘက်မှာ အိပ်ရာရှာမရသေးဘူးလား။ စောစောအိပ်ကွ။ ခွေးဆိုတာ တစ်နေ့ ၁၄-၅ နာရီ အိပ်ရတယ်။”

ပြောပြီးမှ ခွေးနဲ့ စကားပြောတာ တခြားသူတွေ သိသွားပြီလားလို့ သူတွေးပြီး ပြုံးမိသွားသည်။ ဒီတော့လည်း အသံမထွက်ဘဲ ခွေးကို စိတ်နဲ့ စကားပြောလို့ ရတာပဲလို့ တွေးမိသွားသည်။ သူ့အတွေးတွေကို ကောက်လိုက်ရင် ဒီလိုဝါကျတွေ ထွက်လာမည် ထင်သည်။

“အိပ်ပေါ့။ မင်းမှာ အလုပ်မှ မရှိဘဲကွာ။ များများအိပ်တာ ကောင်းပါတယ်။ ငါငယ်ငယ်ကဆို တအားအိပ်တာကွ။ အအိပ်မက်လွန်းလို့ အမေရိုက်တာလည်း ခဏခဏပေါ့ကွာ။ ကျောင်းတက်တဲ့ရက်တွေဆို ပိုဆိုး။ ငါ့အမေကလည်း ငါ့ကို တစ်ခါနှိုး နှစ်ခါနှိုးလို့မှ မနိုးရင် တုတ်ဆွဲပြီး တီးတော့တာပဲဟေ့။ ငါကလည်း ငါပဲကိုး။ အအိပ်က ကြီးသေး။ ကျောင်းက ပျင်းသေး။ အေးလေ ကျောင်းမှာ ပျင်းခဲ့တော့ အခုပင်ပန်းတာပေါ့ကွာ။ ကြုံရာလုပ်ရတာကိုးကွ။ ငါ့ဟာငါ ဘွဲ့တစ်ခု ရခဲ့ပေမယ့် လူလူသူသူ အသုံးမချခဲ့ရပါဘူး။ ကျောင်းတွေကလည်း ဘာတွေ သင်ပေးလိုက်မှန်းကို မသိပါဘူး။ ကျောင်းသာ ပြီးသွားရော ဘာမှလည်း မတတ်လိုက်ဘူးဟေ့။ ဘာမှမတတ်တော့ ဘာအလုပ်မှလည်း မရဘူးပေါ့ကွာ။ လျှောက်လိုက်ရတဲ့ အလုပ်တွေဆိုတာလည်း ခြေကို တိုလို့။ ဒီလောက်သာ အသုံးမကျမှန်းသိရင် အဲ့သလောက်အချိန်ကုန်ငွေကုန်ခံပြီး ကျောင်းမတက်ပါဘူးကွာ။ တရုတ်စာ ၊ ဂျပန်စာ ပြေးသင်ပြီး သူများနိုင်ငံ အလုပ်သမားသွားလုပ်မှာပေါ့ဟ။ အခုနေ နိုင်ငံခြားမှာ အလုပ်သမားသွားလုပ်တဲ့ကောင်တွေ ရလိုက်တာများ သိန်း ၄-၅ ခြောက်ဆယ်။ ”

“အေးလေ ဒါတွေ ဘယ်သိခဲ့ပါ့မလဲ။ မသိလို့လဲ အခုလို ကြုံရာလုပ်နေရတာကိုး။ အလုပ်ရှာရတာ ဘွဲ့ရအောင် လုပ်တာထက် အများကြီး ခက်တယ် ငါ့ကောင်။ အလုပ်ကောင်းကောင်းရဖို့ဆို ပိုခက်သေး။ လူဖြစ်ရတာ မလွယ်ဘူးကွာ။ မင်းဘဝကမှ တော်ဦးမယ်။ အင်း အဲ့လိုလည်း မဟုတ်သေးပါဘူး။ ခွေးဖြစ်ရတာ ဘာကောင်းမှာမို့လဲ။ ခွေးချစ်တဲ့ သူဌေးအိမ်မှာ ခွေးဖြစ်လို့ ခွေးကံလည်း ကောင်းပါမှ ဟန်ကျပန်ကျနေရစားရတာ။ မဟုတ်ရင် ကိုယ့်ဟာကိုယ် အမှိုက်ပုံတိုးရမှာကိုး။ အေးကွာ ခွေးဖြစ်ရတာလည်း မကောင်းသလို လူဖြစ်ရတာလည်း တယ်မကောင်းလှဘူးပေါ့။ မကောင်းဘူးဆိုပေမယ့် ဒီလိုပဲ ဆက်အသက်ရှင်ရတာပဲမဟုတ်လား။ အသက်ရှင်နေသေးတာ တော်သေးတယ်ပဲ ပြောရမှာပေါ့။ အသက်ရှင်ရုံလောက်နဲ့ပဲတော့လည်း မကောင်းဘူးပေါ့။ အေးကွာ အခုနေတော့ ဘယ်ဟာက ကောင်းလဲဆိုတာတောင် ငါမပြောတတ်တော့ပါဘူး။”

ခွေးတစ်ကောင်ကို ကြည့်လို့ တောရောက်တောင်ရောက်တွေ တွေးနေမိမယ်လို့ သူတစ်ခါမှ မတွေးဖူး။ သူ သိပ်အထီးကျန်နေလို့လည်း ဖြစ်မည်။ အင်းလေ အထီးကျန်မယ်ဆိုလည်း ကျန်လောက်တာကိုး။ ဒီမြို့ရဲ့ သတ္ထုဆိုက်တွေဆီ ရွှေ့ပြောင်းလုပ်သားတစ်ယောက်အဖြစ် သူရောက်လာတော့ သူ့မှာ အသိအကျွမ်းရယ်မရှိ။ အဆောင်တန်းလျားရဲ့ တစ်ကိုယ်စာ အခန်းမှာ သူတစ်ယောက်တည်းသာ နေ့ည ကုန်လွန်ခဲ့ရသည်။ သူနဲ့ နယ်ခံတစ်ပိုင်း တခြားသူတွေဆိုတာကလည်း သူက သိပ်ရင်းနှီးလှသည်မဟုတ်။ သူ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း သူ့ဆို တခြားသူတစ်ယောက်လို အလွှာတစ်ခုထား ဆက်ဆံတတ်သည်။ သူကိုယ်တိုင်လည်း မကြာမကြာဆိုသလို သူ့ကိုယ်သူ တခြားသူတွေနဲ့ မတူဘူးဆိုတာကို သတိပြုမိတာပါပဲ။ သူတို့ မြေဆီထမ်းသမားတွေထဲမှာ သူတစ်ယောက်ပဲ ဘွဲ့ရသူ ဖြစ်သည်။ ဒီလူတွေအကြားမှာတင် မဟုတ်။ သူအလုပ်လုပ်ရာ သတ္ထုတွင်းတစ်ခုလုံးမှာ ဘွဲ့ရဆိုလို့ သူတစ်ယောက်ပဲ ရှိသည်။ နောက်ပြီး တခြားသူတွေက တစ်သက်လုံး ပုခုံးနဲ့ အားသုံးလာခဲ့တဲ့သူတွေ ဖြစ်ပြီး သူကတော့ မနေ့တစ်နေ့ကမှ ကျောင်းပြီးလို့ အထမ်းသမားဖြစ်လာခဲ့သူ။ ငွေရှာမယ် ရည်ရွယ်ချက်တစ်ခုတည်းနဲ့ မှော်ဖြစ်နေတဲ့ နယ်စပ်တောင်တွေဆီ သူတက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် အထမ်းသမားဘဝအစက သူ့ကို အားလုံးက လူရာသိပ်မသွင်းချင်။ အပင်ပန်းဆုံးအပိုင်းတွေပဲ မသိမသာ သူ့ကို ဝင်လုပ်ခိုင်းသည်။ သူစိတ်ကုန်ပြီး ထွက်သွားအောင် နှင်သည့်သဘောမျိုးဟု ထင်သည်။

ကီလို ၅၀ လောက်ရှိမည့် မြေဆီအိတ်ရာချီ တင်ထားသည့် ကားတစ်စီးမှ တခြားတစ်စီးဆီ အိတ်တွေ ပေါင်းကူးလုပ်ရသည့်အလုပ်ဆိုတာက အလွန်ပင်ပန်းသည်။ ဒီအလုပ်မျိုးက ဗလကောင်းရုံနဲ့မရ။ အထမ်းအပိုး အလေ့အကျင့်ရှိရုံနဲ့လည်း မဖြစ်နိုင်။ ဇွဲနဲ့ ခံနိုင်ရည်လိုသည်။ မိုးရွာနေပူလည်း လုပ်နိုင်ရသည်။ ချမ်းချမ်းစီးစီး မှောင်ကြီးမိုးချုပ်လည်း ထမ်းရပိုးရသည်။ မြေဆီအိတ်ရဲ့ အက်စစ်တွေက အပေါ်ထပ်အင်္ကျီကို စားပြီး ပါးတွေနားတွေ အပူလောင်နေချိန် လူတစ်ယောက်အလေးချိန်လောက်ရှိမည့် အိတ်ကြီးတွေကိုလည်း ကျောတွေ ခါးတွေ ဆန့် ထမ်းထားရသေးသည်။ ခြေသလုံးသားတွေဆိုတာ တဆတ်ဆတ်တုန်တက်လာတဲ့အထိ မြေကြီးကို ခြေကန် မိုးကိုဆန့်တွန်း လုပ်ရသည့် အလုပ်မျိုး။ အန္တရာယ်ကလည်း အမြဲလက်တစ်ကမ်းမှာ။ သူနဲ့ မရှေးမနှောင်း အလုပ်ဝင်တဲ့တစ်ယောက်တော့ မျက်လုံးထဲ မြေဆီထိပြီး တိမ်ကပ်သွားဖူးသည်။ သူ့ထက် အထမ်းဝါရင့်သူတစ်ဦးလည်း မြေဆီဒဏ်နဲ့ ခါးချည့်သွားတာ မြင်ဖူးသည်။ သူကတော့ အခုနေ ဘာမှ မဖြစ်သေးပေမယ့် တစ်နှစ်ကနှစ်နှစ် ဒီပုံနဲ့ မဖြစ်တော့တာ သိသည်။

အပင်ပန်းကြီး ပင်ပန်းသော်လည်း သူ့အဖို့ရာ ချွေးတိတ်စရာမရှိသေး။ ဒီတစ်ဆောင်းကျွတ်ရင်တော့ စုထားတဲ့ငွေလေးနဲ့ အိမ်ပြန်မယ်။ လျှပ်စစ်ပစ္စည်းဆိုင်လေး ဖွင့်မယ် သူစိတ်ကူးသည်။ ဒီမြို့ ဒီအလုပ်ကို သူစိတ်ကုန်လှပြီ။ ပင်ပန်းလို့မှ အဖော်ကောင်းကောင်းဆီ သွားလည်စရာမရှိ။ လက်ဖက်ရည်ဆိုင်လေး ထိုင်ပြီးမှ လေပန်းလို့ စကားလမ်းတည့်စရာ လူမရှိ။ ချစ်သူခင်သူ ဖွယ်ဖွယ်ရာရာ မရှိသည့်အရပ်မှာ သူမပျော်ပါ။ မမြင်ရသည့် လှန်ကွက်တွေနှင့် သူ့ကို နှင်နေသည့် မြို့အဆောက်အဦ ၊ လူမျက်နှာ နဲ့ တောင်နံရံတွေပဲ နေ့တိုင်း မြင်နေရသည် ဖြစ်ရာ အလုပ်မပေါ်တဲ့ရက် ခွေးကလေးသာ သူ့အဖော်ဖြစ်ရသည်။

“ဘာပဲဖြစ်ဖြစ် မင်းရှိတာ ကောင်းတယ်။ မင်းရှိတော့ ငါလည်း ရှိတာပေါ့ကွ။ ငါ့မှာတော့ နာမည်ရှိတယ်။ မင်းကိုတော့ ငါ ဘယ်လို နာမည်ပေးရမလဲ။ တစ်ရက်ရက်မှ ငါမင်းအတွက် နာမည်ရှာလာခဲ့မယ်။ မင်းနဲ့ ငါအကြား အပုံကြီး ကွာပေမယ့် ငါတို့နှစ်ယောက်ဟာ ဘာများ ခြားလို့လဲ။ မင်းလည်း မင်းကို ထမင်းကျွေးမယ့်နေရာ လိုက်လာခဲ့တယ်။ ငါလည်း ငါ့အတွက် အဆင်ပြေမယ်ထင်တဲ့နေရာကို လာခဲ့တယ်။ ဒီလိုပဲပေါ့ကွာ ဘဝကြီးက တို့တွေကို ပစ်ချလိုက်တာကိုးကွ။ တို့ဟာတို့ အဆင်ပြေအောင် နေရမှာပဲ။ ဟုတ်တယ်မလား။ ကဲ ရော့ နို့ခဲလေး စားလိုက်ပါဦး”

ခွေးကလေးက သူချကျွေးသည့် နို့ခဲလေးကို တပျတ်ပျတ်လျက်ရင်း အရသာခံနေသည်။ ဒီဆောင်းကျွတ်လို့ သူ အိမ်ပြန်ရင် ဒီကောင်လေး ဘယ်လိုလုပ်မလဲလို့ သူအတွေးခေါင်နေမိသည်။ ခွေးသခင် လင်မယားက ရောက်စက ခွေးကလေးကို ‘သား သား’ နှင့် ခေါ်ပြီး သေချာကျွေးမွေးသေးသော်လည်း နောက်ပိုင်း လင်မယားရန်ဖြစ်တိုင်း မဆီမဆိုင် အနားက ခွေးပါ ပိတ်ကန်တတ်လာသည်။ ရောက်စ တစ်လလောက်တော့ ခွေးကို အခန်းထဲ ခေါ်သိပ်ပေမယ့် အခုနေတော့ ဒီကောင်လေးကို အခန်းထဲ ပေးမဝင်တော့။ နေ့လယ်နေ့ခင်းဆိုလည်း ခွေးကလေးကို ကျွေးမယ့်သူ မရှိ။ များသောအားဖြင့် ဒီခွေးလေးအဖို့ တစ်နေ့ တစ်နပ်ပဲ မှန်မှန်စားရတတ်သည်။ သူအလုပ်ပြန်လာရင်တော့ ခွေးနဲ့လူ အတူ စားဖြစ်ပါသည်။ အလုပ်မရှိတဲ့ရက်တွေဆိုလည်း တစ်နေကုန် ခွေးကို ဝနေအောင် ကျွေးသည်။

တစ်ညတော့ ခွေးရှင်လင်မယား အကြီးအကျယ် ရန်ဖြစ်သည်။ ဒီအတွဲရန်ဖြစ်ပြီဆို ကြားထဲက ခွေးကလေးအစား သူပူပန်နေမိသည်။ သူစိတ်ပူတဲ့အတိုင်း ခွေးကလေးကို ကိန်ခနဲနေအောင် ကန်လိုက်တဲ့အသံ ကြားရသည်။ အကုသိုလ်များလှသည့် ရန်ပွဲကစကားသံတွေ နားဆက်မထောင်တော့ဘဲ မြို့ထဲ လျှောက်သွားဖို့ သူပြင်လိုက်သည်။ အခန်းထဲက သူထွက်ဖို့ လုပ်နေတုန်း ယောက်ျားလုပ်သူ ပြောတဲ့ “နင့်အကောင်လည်း အရှင်မထားဘူး” ဆိုတဲ့ စကားကို ကြားလိုက်ရတော့ ထိတ်ခနဲ။ ကြည့်ရတာ မယားလုပ်သူ နောက်မီးလင်းလို့ ဟိုလူသောင်းကြမ်းနေတာ ဖြစ်မယ်ဟု သူတွက်လိုက်မိသည်။ တဝုန်းဝုန်း တဒိုင်းဒိုင်း ဆူညံဆဲဆို ငိုယိုတဲ့အသံတွေကို ချန်လို့ လက်ဖက်ရည်ဆိုင်ဘက် သူထွက်ခဲ့သည်။

သူပြန်ရောက်တော့ ဟိုလင်မယား ဘယ်အချိန် ရန်ပွဲစဲလို့ ဘယ်တုန်းက အိပ်ရာဝင်သွားလဲ မသိတော့။ ခွေးကလေးသာ အခန်းရှေ့ ဆန်အိတ်ခွံဟောင်းထက်မှာ ခွေခွေကလေး တွေ့ရသည်။ သူပြန်လာတာ တွေ့တော့ အမြီးလေး လှုပ်ပြသည်။ သူက သွားစေ့ပြီး ကစ်ကစ်နဲ့ ခေါ်တော့ ခြေတစ်ဖက် ထော့နင်းနင်းနှင့် ထလာသည်။ သူထိုင်ချလိုက်ပြီး ခွေးကလေးကို ပွေ့လိုက်တော့ တအီအီနှင့် ထူးဆန်းတဲ့အသံတစ်မျိုး ပြုသည်။ ခြေတစ်ဖက်တော့ ထိသွားပြီ။ ဟိုလူ ကန်လိုက်တာလား။ ရိုက်ထည့်လိုက်တာလား။ ရက်စက်ပါပေ့ကွာလို့လည်း ပါးစပ်က ထွက်သွားသည်။

အဲ့ဒီညက ခွေးကလေးကို သူ့အခန်းထဲ မခေါ်စဖူး ခေါ်သိပ်သည်။ ဂုန်နီအိတ်အခင်းရှေ့မှာလည်း ပလတ်စတစ်ဗူးလေးနဲ့ နို့ခဲလေးတွေ ထည့်ကျွေးတော့ အမြီးလေးတလှုပ်လှုပ်နဲ့ အားရပါးရ စားရှာသည်။ စားရင်းနဲ့လည်း သူ့မျက်နှာကို တစ်ချက်တစ်ချက် စိုက်ကြည့်နေသည်။ မနက်အလုပ်စောစော အလုပ်ရှိသည်မို့ သူမီးမှိတ် အိပ်ရာထဲ တန်းဝင်သည်။ ခွေးကလေးကတော့ သူနေရာချပေးထားရာ ဂုန်နီအိတ်ရာပေါ်မှာ လက်နှစ်ဖက် ရှေ့ချ မေးတင်လျက်သားနှင့် သူ့ကို ကြည့်နေခဲ့သည်။ ဒါက ခွေးကလေးနှင့်သူရဲ့ နောက်ဆုံးရေစက် ဖြစ်မည်ကိုတော့ သူကြိုမသိခဲ့။

နောက်ရက်စောစော သူအလုပ်ချိန်ရောက်တော့ ခွေးကလေးကို အခန်းအပြင်ထုတ် ၊ ခေါင်းလေးတစ်ချက် ပုတ်လို့ သူ့ဆိုင်ကယ်အစုတ်ပေါ် လွှားခနဲတက် ထွက်ခဲ့သည်။ တစ်ရက်လုံး တောင်ပေါ် တက်မယ့် ကားတွေပေါ် မြေဆီအတင်အချလုပ်ခဲ့ရပြီး ထုံးစံအတိုင်း ညနေစောင်းမှ အဆောင်ပြန်ဖြစ်တော့သည်။ ၆ နာရီဆည်းဆာနေဟာ ခါတိုင်းလိုပဲ စောစောမှောင်သည်။ ထူးထူးခြားခြားဆိုလို့ ဒီနေ့အဆောင်တန်းလျားတစ်ခုလုံး တိတ်ဆိတ်နေတာပဲ။ ခွေးကလေးကိုလည်း စောင့်နေကျ နေရာမှာ မတွေ့တော့။ အစတော့ သူ ထွေလီကာလီ စဉ်းစားမနေနိုင်။ အလုပ်ပန်းလာသည်ဖြစ်လို့ ရေချိုးထမင်းစားဖို့ပဲ အာရုံရောက်နေမိသည်။‌ေအခန်းထဲဝင် ရေလဲပုဆိုးယူပြီး ရေကန်ဘက် ထွက်လာတဲ့အထိ ခွေးကလေးကို မမြင်ရမှ စိတ်ထင့်သွားမိသည်။ ရေကန်ဘက် သွားရင်းလည်း ချောင်ကြိုချောင်ကြား ရောက်နေသလား တကစ်ကစ် အသံပေး ရှာကြည့်မိသေးသည်။

ရေချိုးပြီး သူပြန်လာတော့ ခွေးပိုင်ရှင် ယောက်ျားနဲ့ ဆုံသည်။ သူ ပြုံးပြရင်း ခွေးကလေးရော မတွေ့ပါလားဗျ လို့ မေးသည်။ ခွေးပိုင်ရှင်က ခပ်အေးအေးပင်။

“ဒီကောင့်ကို မနက်ကပဲ စက်ရုံက တရုတ်ကို ပေးပလိုက်ပြီ”
“ဗျာ”
“အေးဗျာ ခွေးက ကြီးလာတော့ ထိန်းရမွေးရ အခက်သားလားဗျ။ ကိုယ်လည်း မကျွေးမွေးနိုင် ၊ ဒီကောင်ကလည်း လူအိပ်တဲ့အခန်းထဲမှ ကျူးကျူးကျော်ကျော် အိပ်ချင်တာကိုး။ အခု စက်ရုံတရုတ်ပေးလိုက်တော့ အေးတာပဲ။ ဟောဒီမှာ ပိုက်ဆံတောင် ရလိုက်သေးတယ်။”

ပြောပြောဆိုဆို ခွေးပိုင်ရှင်က အိတ်ထဲက ယွမ် ၁၀၀ ထုတ်ပြလိုက်သည်။ သူ့ရင်ထဲမှာ ဆစ်ခနဲ။ ခွေးပိုင်ရှင်ကို ဘာစကားမှ မပြောဘဲ အခန်းဘက် ထွက်လာသည်။ အခန်းတံခါးအကွယ်က ဂုန်နီအိပ်ရာနဲ့ နို့ခဲထည့်ကျွေးခဲ့တဲ့ ခွက်ကလေးမြင်တော့ သူ့ရင်သည် ဗလာနယ်လို ဟာတာတာ ဖြစ်သွားသည်။ ကုတင်ပေါ် ထိုင်ချရင်း ခွေးကလေး တစ်ညအိပ်သွားတဲ့နေရာကို စိုက်ကြည့်နေမိသည်။ သူ စိတ်ထင်နေလို့ ဖြစ်မည်။ ခွေးကလေးနေရာမှ အနွေးဓါတ်သည် အခန်းနံရံတွေကို ကုပ်တက်လို့ သူ့အိပ်ရာဘက်အထိ ရောက်လာသလိုလို။ ရုတ်ချည်းအတွေ့အကြုံတွေကြောင့် အရှိတရားကို သူ့အသိက လက်မခံနိုင်သေးတာလည်း ဖြစ်မည်။

အရင်လို အခန်းထဲ တစ်ယောက်တည်း ထိုင်နေမိတာတောင် ဒီတစ်ခေါက် အထီးကျန်မှုက မှောင်လွန်းနေသလို ထင်လာသည်။ သက်ပြင်းချပြီး ဖိစီးစိတ်ကို ဖြေလျှော့ဖို့ လုပ်နေလျက်က သူ့ခေါင်းထဲ ခွေးကလေးပဲ ပြန်ရောက်လာနေတယ်။ သူ့အတွေး အပိုင်းအစတို့ရဲ့ အဆုံးတစ်ခုချင်းစီမှာ ခွေးကလေးကို လေပြင်းထဲ လွင့်စင်နေတဲ့ လဲပွင့်ခြောက်လေးလို မြင်နေမိသည်။ နာမည်လေး ပေးဖို့တောင် နောက်ကျသွားခဲ့ပြီပဲဆိုတဲ့ အတွေးကလည်း ကျင်ခနဲ။ မျက်ကွင်းဝါဝါနဲ့ ခွေးကလေးကို နာမည်ပေးဖို့ လိုတော့မယ်မထင်။ တရုတ်ဘာလို့ ဒီခွေးကို ဝယ်တာလဲ သူသိသည်ပဲ။ ဝမ်းနည်းမှုက ရင်ခေါင်းဝဆီ လေးလေးလံလံ လှိမ့်တက်လာသလိုလို။ သူ့အဖို့ရာ အထီးကျန်အမှောင်တွေ ပိုသည်းလာတော့မယ့် နိမိတ်ကို ကြိုမြင်နေမိလိုမျိုး။ အမှောင်လွယ်တတ်သည့် တောင်ကြားမြို့ကလေးမှ သူ့မိတ်ဆွေခွေးကလေးကား အဝေးဆုံးအရပ်ဆီ ဦးတည်သွားလေပြီ။ မေတ္တာကူးဖို့ ခက်တဲ့အရပ်မှာ တွယ်ရာပျောက်ဆုံးသည့်အခါ ပိုပြီး အမှောင်လွယ်တတ်ပါသလား။ သူမသိ။

မေတ္တာရှားလာတဲ့အခါ အပိုင်စား မဟုတ်တောင် ငှားလို့ရရင် လိုက်ငှားချင်လာသည်။ သို့သော် မေတ္တာဆိုတာ ငှားလို့ ရပါရဲ့လား။ ရကောင်းရရာ ငှားရကြေးဆို မေတ္တာကိုသာ ငှားချင်ပါသည်။

ယခုနေတော့ဖြင့် (တစ်ယောက်ယောက်ကို ဆုံးရှုံးရသည့်အခါ ကြုံတတ်သော) ဝမ်းနည်းဖွယ် ရနံ့တစ်မျိုးသာ သူ့အခန်းထဲတွင် ခိုတွယ်ရာရှာသလို ဟိုသည် လွင့်ပျံနေပါတော့သည်။

ငြိမ်းဝေမင်း