ကွဲသွားသော မှန်စများ(စ/ဆုံး)

 ကွဲသွားသော မှန်စများ(စ/ဆုံး)

‎————————–
‎ဆရာကိုတင်မောင်သည် မျက်မှန်ထူထူကြီး တပ်ဆင်ရသူဖြစ်သည်။ ထိုမျက်မှန်ကြောင့်ပင် ဆရာမလေး ကြည်ကြည်နှင့် ဆုံရသည်။

‎တစ်နေ့

‎ထိုနေ့က မိုးတွေရွာသည်

‎ကိုတင်မောင်သည် ကျောင်းရုံးခန်းမှ သူတာဝန်ကျရာ စာသင်ခန်းကို သွားရန်ချိန်ဆနေသည်။ မိုးတွေက ရွာသည်။ ထီးကမရှိ။ အတန်းကဝေးသည်။

‎နောက်ကျနေမည်စိုးသဖြင့် သူပြေးသည်။ ခေါင်းကို စာအုပ်လေးအုပ် သည်။ သို့သော် မိုးများသောကြောင့် တိုက်ပုံအင်္ကျီ ရွှဲကုန်သည်။

‎စာသင်ခန်းအုတ်ခုံက တစ်တောင်ခန့်မြင့်သည်။ သူက အုတ်ခုံပေါ် အပြေးတက်လိုက်သည်။ အခန်းထဲက နှုတ်ဆက်သည်။

‎“မင်္ဂလာပါဆရာမ”

‎ဆရာတင်မောင် ခြေထောက်က နင်းလာသည့်ဗွက်နှင့် အုတ်ခုံပေါ်ကို လှမ်းအတက်၊ ဖိနပ်က ချော်ကာ ကျွတ်ထွက်သွားပြီး မှောက်ခုံလဲသည်။

‎“အို”

‎“ဂျွတ်”

‎ဆရာမလေးကြည်ကြည်က စာသင်ခန်းထဲမှ ထွက်လာသည်။ ဆရာတင်မောင် မျက်နှာကို နှုတ်ဆက်ထွက်ခွာ သွားသော မျက်မှန်က လွင့်ထွက်သွားသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုမျက်မှန်ကို ကြည်ကြည်က တက်နင်းလိုက် သည်။

‎“အို … သွားပါပြီ … မျက်မှန် … မျက်မှန်”

‎ကိုတင်မောင်လိုက်စမ်းသည်

‎“ဆရာ”

‎“ဗျာ”

‎“မျက်မှန်က ကိုင်းကျိုးကုန်ပြီ … ကျွန်မတက်နင်းမိလိုက်လို့ … ဆောရီးနော်”

‎“ရပါတယ်ဗျာ”

‎ထိုနေ့က စာလည်း မသင်ဖြစ်တော့။ ကျောင်းသားကလေးတစ်ယောက်က ကျိုးသွားသော မျက်မှန်ကိုင်းကို ဖယောင်းတိုင်မီးထွန်းပြီး ဆက်ပေးသည်။ ပိုဆိုးသည်။ ကောက်ကွေးပြီး တပ်၍ပင်မရတော့။

‎“မောင်မောင်လွင်”

‎“ဗျာ ဆရာ”

‎“ညနေ ကျောင်းလွှတ်ရင် ဆရာ့ကို စက်ဘီးနဲ့ မျက်မှန်ဆိုင်လိုက်ပို့ကွယ်”

‎“သား ဒီနေ့ စက်ဘီးမပါလာဘူး”

‎ခက်တော့နေပြီ။ ညနေကျလျှင် ဆိုက်ကားစီးပြီး သွားရတော့မည်။ မျက်လုံးကမမြင်။ ကားတိုက်၊ စက်ဘီး တိုက်နိုင်သည်။ ဆိုက်ကားခအတွက်လည်း ပိုက်ဆံမရှိ။ မျက်မှန်ကိုင်းလဲသည်က သူငယ်ချင်းဆိုင်ဖြစ် သောကြောင့် အကြွေးမှတ်ခိုင်းထား၍ရသည်။ မှန်မကွဲတာပဲ တော်လှပြီ။

‎ညနေကျောင်းဆင်းသော်

‎“ဆရာ”

‎“ဟုတ်ကဲ့”

‎“ဆရာ့မျက်မှန်ကိုင်းကို ကျွန်မလဲပေးပါရစေ”

‎“ရပါတယ်ဗျာ”

‎“ကျွန်မမှာ စက်ဘီးပါတယ် … ကျွန်မနဲ့ လိုက်ခဲ့လေ”

‎“နေပါ … ရပါတယ်”

‎“ဆရာကလည်း ရပါတယ်ချည်း မလုပ်နဲ့လေ … ကျွန်မစိတ်မကောင်းလို့ပါ … ပြင်ပေးပါရစေ”

‎“ရပါတယ်”

‎“ကဲ … ရရင်လည်း စက်ဘီးနောက်ကတက်”

‎“နေပါစေဗျာ”

‎သို့သော် ကိုတင်မောင်သည် ဆရာမလေး ကြည်ကြည်နင်းသော စက်ဘီးပေါ်ပါသွားသည်။ ဈေးထိပ်ရှိ မျက်မှန်ဆိုင်ကိုရောက်သော် ကိုင်းလဲရသည်။ ကိုင်းဖိုးကျသင့်ငွေကို ဆရာမလေးကပဲပေးလိုက်သည်။

‎“ကျေးဇူးပဲ”

‎ဆရာမလေး ကြည်ကြည်က ပြောင်ချော်ချော် မျက်နှာပေးနှင့်

‎“ရပါတယ်ဗျာ” ဟုဆိုသည်

‎ကိုတင်မောင့်အသည်း လှုပ်ခတ်သွားသည်။

‎ထိုနေ့ကစ၍ သူတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားသည်။ သုံးနှစ်သုံးမိုးကြာပြီးနောက် အိမ်ထောင်ဖက်တွေ ဖြစ်သွားကြသည်။

‎“အစ်ကို”

‎“ဘာလဲကွာ”

‎“ရေတစ်ပုံးလောက်ဆွဲပေးပါဦး … ဒီမှာ ပန်းကန်တွေဆေးမလို့”

‎“ခဏလေး … ခဏလေး … ဒီမှာ ကောင်းခန်းရောက်နေပြီ”

‎ကိုတင်မောင်က ပက်လက်ကုလားထိုင်ပေါ်ကမထ စာဆက်ဖတ်နေသည်မှာ ထမင်းစားပြီးကတည်းက။

‎“အစ်ကိုရေ”

‎“အေး … အေး … ခဏလေး”

‎သူ့ခဏလေးက ဆယ်မိနစ်ခန့်ကြာသွားသည်။ ကြည်ကြည်က စိတ်မရှည်သောကြောင့် ရေထဆွဲသည်။

‎“အစ်ကို”

‎“လာပြီ”

‎“မလာနဲ့တော့ ရေဆွဲပြီးသွားပြီ”

‎“အေး … အေး”

‎ကိုတင်မောင်က စာဆက်ဖတ်နေသည်။ မည်မျှကြာသွားသည်မသိ။ မှောင်လုလုဖြစ်လာသဖြင့် ရှိသည့် အလင်းရောင်ကို အားစိုက်ကာ ဖတ်နေသည်။

‎“အစ်ကိုကတော့ ခက်တာပဲ … မီးထဖွင့်မှပေါ့”

‎“အေး … အေး”

‎ကြည်ကြည်က မီးဖွင့်သည်။ ထို့နောက် ရေဆင်းချိုးသည်။ အဝတ်လျှော်လိုက်သေးသည်။ သနပ်ခါးလူးပြီး သီချင်းလေး ညည်းသည်။

‎“ရုပ်ရှင်သွားဖို့ အလှပြင်ကာပင် … မှန်တင်ခုံနဲ့ ကျွန်မ မျက်နှာချင်းဆိုင် …”

‎ကိုတင်မောင်က စာဆက်ဖတ်နေဆဲဖြစ်သည်။

‎“အစ်ကို”

‎“ဟင်”

‎“ညွန့်ရုံမှာ ရုပ်ရှင်သွားကြည့်ရအောင် … ဝင်းဦးကားတဲ့ … မောင်တို့ချယ်ရီမြေ … အစ်ကိုကြိုက်တယ် ဆိုတာလေ”

‎“အင်း … အင်း”

‎“အင်းဆိုလည်း ထလေ … သွားမယ်”

‎“ခဏလေးကွာ ကောင်းခန်းရောက်နေပြီ”

‎ကိုတင်မောင်က စာဆက်ဖတ်နေသည်။

‎“အစ်ကို”

‎“ဘာလဲကွာ”

‎“ရုပ်ရှင်ချိန်နီးနေပြီ”

‎“ပြီးတော့မယ် … ဒီမှာစာအုပ်ကလည်း ကောင်းနေတယ်”

‎ကြည်ကြည်က ခြေဆောင့်ကာ အခန်းထဲ ပြန်ဝင်သွားသည်။ ကိုတင်မောင်က စာဆက်ဖတ်သည်။

‎၇ နာရီ

‎၈ နာရီ

‎၉ နာရီ

‎အခန်းထဲမှ ကြည်ကြည်က အော်သည်

‎“အစ်ကို”

‎အသံကဒေါသတွေစွက်လာသည်

‎“ဟေ”

‎“ဘယ်နှနာရီရှိနေပြီလဲ”

‎“ကိုယ့်ဘာသာကိုယ်ထကြည့်ကွယ်”

‎“သိတယ် … သိတယ် … သက်သက်ပြောနေတာ”

‎“အင်း … အင်း”

‎၁၀ နာရီ

‎“အစ်ကိုရေ …”

‎“ဟေ”

‎“ဒီည လာအိပ်ဦးမှာလား”

‎“ပြီးတော့မယ် … ခဏလေး”

‎၁၁ နာရီ

‎ကြည်ကြည်က ဒုန်းဒုန်းဟု ခြေသံပေးကာ အိမ်ခန်းထဲက ထွက်လာသည်။

‎“အစ်ကို”

‎“ဘာလဲကွာ”

‎“အိပ်မယ်”

‎“မျက်လုံးချင်း ဆုံတာကျနေတာပဲကွာ … အိပ်နှင့်”

‎“တောက်”

‎ကြည်ကြည်က တောက်တစ်ချက်ခတ်လိုက်သည်

‎“အစ်ကို”

‎“ဘာလဲ”

‎“အိပ်မယ်လို့ ပြောနေတယ်လေ”

‎“အိပ်ပါလား”

‎ကြည်ကြည်တစ်ယောက် ဒေါသထွက်လွန်းသောကြောင့် အသားတွေ ဆတ်ဆတ်တုန်နေသည်။

‎မထင်မှတ်ဘဲ အဖြစ်အပျက်တစ်ခုဖြစ်သွားသည်

‎ကြည်ကြည်က ကိုတင်မောင် မျက်မှန်ကို ဆတ်ခနဲ ဆွဲချွတ်လိုက်သည်

‎“ဟေ့ … ဟေ့ … ဘယ်လို လုပ်လိုက်တာလဲ … ငါ့မျက်မှန် … ငါ့မျက်မှန်”

‎ကြည်ကြည်က တူကိုသွားယူလာသည်။ ကိုတင်မောင့် ရှေ့မှာပင် မျက်မှန်ကို တစ်စချင်းဖြစ်အောင် ထုခွဲလိုက် သည်။

‎“ကဲဟာ … ကဲဟာ … ကဲဟာ”

‎မျက်မှန်က တစ်စချင်း ကွဲသွားသည်။

‎သူတို့နှစ်ယောက်၏ ဘဝချင်းကလည်း ထိုနေ့မှစ၍ ကွဲသွားသည်။

#‎တင်ညွန့်

‎၁၄.၁၂.၂၀၂၁