မေတ္တာအိမ်(စ/ဆုံး)
————–
“အိုးခွဲချက်မယ် ဟုတ်လား…
အေးလေ သမီးတို့သဘောပါပဲ။အမေတို့က ရပါတယ်။သမီးတို့အဆင်ပြေတဲ့နေ့ ခွဲပေါ့”
အမေ့စကားဆုံးတာနဲ့ မမအေးတို့လင်မယား အိမ်ပေါ်တက်သွားတယ်။ဧည့်ခန်းထဲမှာ အမေရယ်၊ကျမရယ်ပဲ
ကျန်ရစ်ခဲ့တယ်။ ကျမ အမေ့လက်ကိုဆုပ်ကိုင်လိုက်တော့
အမေက ခေါင်းတညိတ်ညိတ်နဲ့ ကျမလက်ကိုဖွဖွလေး ပြန်ကိုင်တယ်။
“အေးလေ..
ငါ့သမီးလေး ပင်ပန်းသက်သာတာပေါ့။ မဟုတ်ရင်
အေးအေးတို့ရုံးအမှီ ချက်ပြုတ်နေရတော့ ငါ့သမီးလေး မနက်အစောကြီးထနေရတာ။ညနေဆိုလည်း ပန်းခူးလိုက်ရတာတစ်မျိုး မီးဖိုချောင်ဝင်ရတာကတစ်မျိုးနဲ့ နားချိန်တောင်မရှိဘူး။တို့သားအမိဆို ထမင်းမနက်ကတည်းကချက်ထားလိုက်ရင် တစ်နေကုန်ပြီးပြီ ”
အမေ အဲ့လိုပြောတာပါပဲ။ ရုံးကအပြန် မမအေး ရေကန်နားမှာ အဝတ်လျှော်နေတာမြင်တော့
“ဪ ဒီကလေးမ အိမ်ပြန်ရောက်တာနဲ့ မနားရသေးပါလား။ ထမင်းမချက်ရသေးဘူးထင်တယ်။ သမီးငယ် ..မမကိုသွားမေးလိုက်အုံး။မချက်ရသေးရင်လည်း မီးလာတုန်း ထမင်းအိုးလေးတည်ပေးလိုက်အုံး”
မဖြောင့်နိုင်တဲ့ အမေ့ကြောင့် မမအေးအနား ကျမရောက်သွားတယ်။ဒီနေ့ ပန်းခူးအပြန်စောတယ်လေ။
“မမအေး… ၊နင် ညနေစာချက်ပြီးပြီလား တဲ့ အမေက”
အမေသိချင်တဲ့ အဖြေကို မမအေးဆီ ကျမမေးလိုက်တယ်။
“ကိုလတ်က သူပြန်လာရင် တိုင်းကျော်က ခေါက်ဆွဲကြော်ဝယ်ခဲ့မယ်တဲ့။ မချက်တော့ဘူး..အငယ်”
တိုင်းကျော်ဆိုတာ ကျမတို့ရပ်ကွက်ထဲကစားသောက်ဆိုင်ပါ။ မမအေးတို့ လက်ထပ်ပြီး အမေ့အိမ်မှာနေလာတာနှစ်နှစ်ကျော်ပြီ။ တစ်ခါမှ မမအေးယောက်ျားက အပြင်စာဝယ်လာတာမရှိခဲ့ဘူး။
အခုဆို စားအိုးခွဲပြီးတာနဲ့ မမအေး မီးဖိုချောင်ဝင်တာ မနက်ပိုင်းပဲ။ညနေဖြစ်သလိုဆိုပြီး မမအေးပဲဖြစ်ဖြစ်၊မမအေးယောက်ျားဖြစ်ဖြစ် ဆိုင်မှအထုပ်ဆွဲလာတာကများတယ်။ မမအေးယောက်ျားက အိမ်ပြန်နည်းနည်း နောက်ကျတတ်တာမို့ ထမင်းဝိုင်းမှာလူချင်းမဆုံရအောင်ကျမနဲ့အမေ ထမင်းကိုစောစောစားဖြစ်တော့တယ်။ ထမင်းစားပြီး ပန်းကန်ခွက်ယောက်ဆေးပြီးတာနဲ့ အမေနဲ့ကျမတို့အိပ်ခန်းထဲဝင်တော့တာပဲ။
မမအေးတို့က လျှပ်စစ်မီးကြွေတိုက်တာ၊အခန်းထဲ ပန်ကာဖွင့်ထားတာ၊မီးအလင်းပေါက်ထွန်းတာ၊လျှပ်စစ်ပေါင်းအိုးနဲ့ဒယ်နီသုံးတာမို့ဆိုပြီး လစဥ်ကျတဲ့ မီးမီတာခတစ်ဝက်ခံတယ်။ ပြီးတော့ အမေသုံးချင်ရာသုံးဖို့ဆိုပြီး လစဥ်ငွေနှစ်သောင်းပေးတယ်။ဒါကြောင့် သင်္ကြန်တို့ ၊သီတင်းကျွတ်တို့ဆိုပြီး သီးသီးသန့်သန့်တောင်အမေ့ကို
မကန်တော့ တော့ဘူး။
ကျမ ပန်းခူးလိုက်လို့ရတဲ့ငွေနဲ့ ဈေးမှာ ပန်းကုံးဖောက်သည် လှည့်ပို့ပေးလို့ရတဲ့ငွေက သားအမိနှစ်ယောက်အတွက်တော့ အဆင်ပြေတယ်။ မဏ္ဍပ်ထိုး အလှူကြီးမပေးနိုင်ပေမဲ့ မနက်တိုင်း အိမ်ရှေ့မှာ တတ်နိုင်သလောက် တန်းဆွမ်းလောင်းနိုင်တယ်။
မမအေးလက်မထပ်ခင်က ပန်းခူး၊ပန်းပို့ရတဲ့ကျမဝင်ငွေနဲ့ ရုံးတစ်ခုမှာ စာရေးမ လုပ်တဲ့မမအေးလစာနဲ့ဆို
အမေ့လက်မှာ စားပြီးသောက်ပြီး အပြင် စုဆောင်းငွေလေးတောင်ပိုပိုလျှံလျှံရှိသေးတယ်။ ရုံးမှာအလုပ်လုပ်တဲ့သူ၊လူအများနဲ့ ဆက်ဆံရတဲ့သူမို့ဆိုပြီး ဆွဲကြိုး၊လက်စွပ် မမအေးကိုဆင်ပေးထားတယ်။အဝတ်စားဆိုလည်း မမအေးအကျပဲ ကျမဝတ်ခဲ့တာ။မမအေးခါးမှာ ဒီဇိုင်းသစ် အဆင်သစ်ပဲဝတ်စေခဲ့တာ။
မမအေးလက်ထပ်ပြီးတော့ အိမ်မှာပဲပေါင်းနေတယ်။အရင်လိုလစာအပြည့် အမေ့လက်ထဲမအပ်တော့ဘဲ အထွေထွေအသုံးစရိတ်ဆိုပြီး တစ်လတစ်သိန်းခွဲပဲပေးတော့တယ်။ ဒါပေမဲ့ ကျမတို့ဘက်ကတော့ အရင်လို မမအေးတင်မကတော့ဘူး မမအေးယောက်ျားအတွက်ပါမနက်ညထမင်းပွဲအသင့်၊အလုပ်သွား ထမင်းချိုင့်အသင့် လုပ်ပေးပါတယ်။မမအေး အလုပ်ပိတ်ရက်ကလွဲရင် ကျန်တဲ့ရက်တွေမှာ အဝတ်စားကအစ ကျမလျှော်ပေးဖြစ်တယ်။
တစ်နေ့ နယ်ဘက်ကမမအေးယောက္ခမ အိမ်ကိုအလည်ရောက်လာတယ်။
“အိမ်ထောင်ကျတာ နှစ်နှစ်ကျော်ရှိပြီ၊ဘယ်လောက်စုဆောင်းမိပြီလဲ၊လတိုင်း ညည်းလစာတစ်ဝက် ညည်းအမေကို ပေးတယ်ဆိုတော့ ညည်းတို့နောင်ရေး တိုးတက်ပါအုံးမလား´´ တဲ့။မမအေးတို့အခန်းထဲမှာ မမအေးယောက္ခမမေးနေတာကို လက်ဖက်သုပ်ပန်းကန်သွားပို့ရင်း ကျမကြားလိုက်ရတယ်။ ပြီးတော့ “အိမ်ခွဲမနေဘူးလား ´´တဲ့။
မမအေးအဖြေမကြားလိုက်ရပေမဲ့ နောက်ရက်မှာ အိုးခွဲချက်တော့မယ်ဆိုပြီး မမအေးတို့ လင်မယားအမေ့ကိုပြောလာခဲ့တယ်မဟုတ်လား။
“အိမ်ထောင်ကျတဲ့ သားသမီးဆိုတာ မိဘတို့မပိုင်တော့ဘူးလေ။ အခုလို အိုးခွဲချက်မယ်ဆိုတာမပြောနဲ့ နောက်ပိုင်း အေးအေးတို့ အိမ်ခွဲနေမယ်ပြောရင်လည်း အမေ ခွင့်ပေးမှာပါ။ အေးအေးတို့ကို ဒီအိမ်မှာ
ပေါင်းနေခိုင်းတယ်ဆိုတာ သူတို့ဆီက ရတဲ့ငွေကိုမျှော်
လင့်လို့မဟုတ်ပါဘူး သမီးရယ်။ အရင်ကရှိခဲ့တဲ့ အမေတို့ အသိုက်အမြုံလေးပျက်သွားမှာစိုးလို့ပါ။´´
အဲ့ဒီ့စကားတွေကို နံရံမှာချိတ်ထားတဲ့ ဟောဒီ မမအေးဘွဲ့ယူတုန်းကရိုက်ထားတဲ့ကျမတို့မိသားစုလေးယောက်စုံတဲ့ ဓာတ်ပုံလေးကို အမေကြည့်ပြီး ပြောခဲ့တာ။ မမအေးတို့ရှေ့မှာ အေးဆေးတည်ငြိမ်ခဲ့တဲ့ အမေက မမအေးတို့ကွယ်ရာမှာ အမေ့အသံတွေ သိသိသာသာတုန်ခါနေသလို မျက်ရည်စတစ်ချို့ မျက်လုံးအိမ်မှာ ရစ်ဖွဲ့နေတာ ကျမတွေ့ခဲ့ရပါတယ်။
အဖေနဲ့အမေကရှေ့မှာထိုင်ပြီး ဘွဲ့ဝတ်စုံဝတ်ထားတဲ့မမအေးရယ် ကျမရယ်ကနောက်က မတ်တပ်ရပ်အနေထားနဲ့ ရှားရှားပါးပါး မိသားစုလေးယောက်စုံ ရိုက်ခဲ့တဲ့ဓာတ်ပုံလေးပါ။ ကြားယောင်မိတဲ့ အမေ့စကားသံရယ် အဲ့ဓာတ်ပုံလေးရယ်က ကျမ မျက်လုံးမှ မျက်ရည်တစ်ချို့ကိုလိမ့်ကျသွားစေတယ်။
“အငယ်ရေ..သမီး
ဒီမှာ ဆွေဆွေတို့လာနေတယ်။ဒီကိုလာအုံး´´
ဧည့်ခန်းထဲက အမေ့အသံကြောင့် အခန်းတွင်းသန့်ရှင်း
ရေးလုပ်နေတဲ့ကျမ လက်ထဲကကြက်မွေးကိုအသာချကာ ထွက်လာခဲ့တယ်။
ဆွေဆွေဆိုတာ မမအေးရဲ့ကျောင်းနေဖက်သူငယ်ချင်းလေ။
“မမအေးတို့က မနက်ကတည်းက ဘုရားကြီးသွားတာ..မမဆွေရဲ့။ဒီနေ့ရုံးပိတ်ရက်ဆိုတော့လေ။´´
မမဆွေကိုနှုတ်ဆက်ပြောပြောရင်း မီးဖိုခန်းဝင်ပြီး လက်ဖက်သုပ်နဲ့ ရေနွေးကြမ်းပြင်ဆင်ပေးဖြစ်တယ်။
မမဆွေနဲ့ ရောက်တတ်ရာရာတွေ ပြောနေတုန်းမှာ မမအေးတို့ လင်မယား ပြန်ရောက်လာတယ်။
“အေးတို့ပဲကောင်းတယ် ။နာမည်နဲ့လိုက်ပြီးအေးဆေးပဲ။
တို့တော့ အိမ်ငှားဖို့ရှာနေရတာနဲ့ ပိတ်ရက်လည်းမနားနိုင်ပါဘူးကွာ။ အရင်အိမ်က တိုက်ဆောက်တော့မှာမို့ မငှားတော့ဘူးတဲ့။အိမ်ငှားခတွေက ဈေးကြီးလိုက်တာ အန်တီရယ်။အန်တီတို့နဲ့တစ်လမ်းကျော်က ကပ်ထရံတစ်ထပ်လေးကို နှစ်သိန်းတဲ့။လိုင်းခန်းတစ်ခန်းတောင် ရှစ်သောင်း ဖြစ်နေပြီတဲ့ အန်တီရဲ့။ဒါတောင် ရေဖိုး မီးဖိုးမပါသေးဘူး´´
“ဒီထဲ ကလေးမူကြိုက ဒီနှစ်ထဲဈေးတက်သွားသေးတယ်။ဒီမှာ ကိုယ့်မိဘအရိပ်မရှိတော့လည်း ကလေးကအပ်ထားစရာမရှိတော့ ဈေးတက်လည်းထားရတာပဲ။မြို့မှာနေရတာ မလွယ်ပါဘူး အန်တီရယ်။ဘာလေးနေနေ ဆီလို အပေါက်ရှာထွက်နေတော့တာပဲ။အခုခေတ် တစ်သောင်း နှစ်သောင်းဆို ဘာမှအသုံးမခံတော့ဘူး။ ´´
” မီးပျက်လို့ ဂတ်စ်နဲ့ချက်ရင်တောင် ဘူးသေးလေးဂတ်စ်ဖြည့်ခကိုက တစ်ထောင်။ ယောက်ျားအလုပ်ကိစ္စကြောင့်သာဒီမှာ နေရတာ။အရင်အမေတို့အိမ်နေတုန်းက ထွေလီကာလီအသုံးတွေဆို ဘာမှမကုန်ဘူး။အိမ်ခွဲနေမှ ကုန်ကျစရိတ်သိပ်သိသာတာပဲ..အန်တီရယ် ။ အရင်က အမေ့အိမ်မှာနေတုန်း အမေ့ကိုသုံးဖို့ဆိုပြီး လစဉ်ပေးတဲ့ကန်တော့ငွေက အမေသုံးဖို့မပြောနဲ့ ကိုယ့်တို့အသုံးစရိတ်အတွက်တောင်မရှိခဲ့ဘူး။”
လူစုသာထိုင်နေကြတာ။မမဆွေအသံပဲ ထွက်နေတယ်။မမအေးက ခေါင်းငုံ့ထားတယ်။မမအေးယောက်ျားကတော့ အိမ်အပေါ်ထပ်ကို တက်သွားတယ်။ ကျမနဲ့ အမေကတော့ ဘေးကနေ ငြိမ်ငြိမ်လေးပဲ ထိုင်နေလိုက်တယ်။
မမအေးတို့ အိုးခွဲချက်တာ ဘာလိုလိုနဲ့ တစ်နှစ်လောက်တော့ ရှိတော့မယ်။အဲ့တစ်နှစ်အတွင်း ထမင်းသာအိုးခွဲချက်တာ။ သွားတိုက်ဆေး၊ရေချိုးဆပ်ပြာ၊ခေါင်းလျှော်ရည်ကအစအရင်လိုပဲ ကျမတို့ထဲက သုံးနေတာ။ပြီးခဲ့တဲ့လက အာလိန်မော်တာ လောင်သွားလို့ အသစ်ဝယ်လိုက်ရတာ နှစ်သိန်းကျော်တယ်။ အဲဒါလည်း အမေပေးလိုက်တာပါ။ကျမက မမအေးတို့ကို ကုန်ကျစရိတ်တစ်ဝက်ခံခိုင်းမယ် ပြောတော့ အမေက နေပါစေတဲ့။
မမဆွေရဲ့စကားကိုကြားပြီး မမအေးဘာတွေ တွေးနေမလဲသိချင်စမ်းပါတယ်။မမအေးရဲ့ အမေ့ကို မော့ကြည့်လာတဲ့ မျက်ဝန်းတွေ….။ပြီးတော့ မမအေးရဲ့ နောက်ဆုံးအကြည့် ရပ်တန့်သွားတဲ့နေရာ။အမေဝတ်ထားတဲ့
လယ်ဝိုင်းရင်စေ့လက်ရှည် အရိပ်ပန်းအင်္ကျီရဲ့ညာဘက်မှအိပ်ကပ်လေးတပ်ထားတဲ့နေရာမှာ မမအေးရဲ့အကြည့်တွေရှိနေပါတယ်။အဲ့ဒီနေရာမှာ တစ်သောင်းတန်နှစ်ရွက်အခေါက်လေးရှိနေပါတယ်။အဲ့ဒီပိုက်ဆံလေးက ဒီလအတွက် မမအေးက အမေ့ကို ပေးထားခဲ့တဲ့ ငွေလေး….။
မျက်တောင်တွေ ပုတ်ခတ်လိုက်တဲ့အခါ မမအေးရဲ့မျက်လုံးအိမ်မှ မျက်ရည်တစ်စက် ခုန်ပေါက်ကျသွားတာ ကျမတွေ့လိုက်ရပါတယ်။
ခင်ဦး