ခိုင်အေးနွဲ့(စ/ဆုံး)
————-
မခိုင်သည် ကလေးတစ်ယောက်မိခင်ဖြစ်သည်။ ထိုစဉ်က သူ့အသက်မှာ ၃၅ နှစ်။ သူနှင့်ကျွန်တော် ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်သည်။ သူ့ကို ဝင်းနောင်နှင့် ပတ်သက်ပြီးမှ သိရသော်လည်း မောင်နှမရင်း တွေလို ချစ်ခင်ကြပါသည်။
ဝင်းနောင်နှင့် မခိုင်တို့ ငယ်ရွယ်စဉ်မှာပင် အိမ်ထောင်ပြုလိုက်ကြသည်။ သူတို့က ၁၀ တန်းကို မအောင်ကြ။ ကျွန်တော်က ၁၀ တန်းအောင်သဖြင့် တက္ကသိုလ် သွားတက်နေစဉ်မှာပင် သူတို့နှစ်ယောက် ခိုးပြေးကြသည်။ နောက်တော့ လက်ထပ်လိုက်သည်။ ဝင်းနောင်က ဝပ်ရှော့တစ်ခုတွင် အလုပ်လုပ်သည်။ သူက ကားပြင်တတ် သည်။ မခိုင်ကတော့ ဈေးထဲတွင် အပ်ချုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားသည်။
ကျွန်တော် တတိယနှစ်တွင် ပဲခူးကိုကျောင်းပိတ်၍အပြန် သတင်းဆိုးကြားလိုက်ရသည်။ ဝင်းနောင် တစ်ယောက် သူပြင်ပေးထားသည့်ကားကို စမ်းမောင်းရင်း တောင်ငူလမ်းဘက်တွင် ကားတိုက်မှုဖြစ်သည်။ သူ့ကားက ရပ်ထားသည့် သစ်လုံးကားကို ဝင်တိုက်ခြင်းဖြစ်ပြီး သူလည်း ပွဲချင်းပြီးသေသွားရရှာသည်။
ကျွန်တော် ဝင်းနောင်ရက်လည်နေ့မှသာ သူ့အိမ်ကိုရောက်နိုင်တော့သည်။ ဝင်းနောင်နှင့် မခိုင်တို့တွင် သမီးလေး တစ်ယောက် ကျန်ခဲ့သည်။ သမီးလေးနာမည်က အေးချမ်းမိုး။
ကျွန်တော်ကျောင်းပြီးတော့ ဆရာအလုပ်ကိုဝင်လုပ်သည်။ မခိုင်က တစ်နေ့ ကျွန်တော့်အိမ်ကိုရောက်လာသည်။ သူလာရင်းကိစ္စမှာ သူ့သမီးလေးကို ကျောင်းအပ်ရန် အခက်အခဲဖြစ်နေသောကြောင့်ပင်။ သူက သမီးလေး အေးချမ်းမိုးကို နာမည်ကြီးသည့် ကျောင်းတစ်ကျောင်းတွင် အပ်ချင်သည်။ သို့သော် ထိုကျောင်း ဝင်ခွင့်ရရေးမှာ အလွန်ခက်ခဲသည်။ ထို့ကြောင့် ကျွန်တော့်ဆီကိုလာပြီး အကူအညီတောင်းခြင်းဖြစ်သည်။ ကျွန်တော်ကလည်း ထိုကျောင်းအုပ်နှင့် ခင်မင်ရင်းနှီးသဖြင့် သွားပြောပေးလိုက်သည်။ သမီးလေးကို ထိုကျောင်းတွင် အပ်ခွင့် ရသွားသည်။
မခိုင်က
“ကျေးဇူးတင်လိုက်တာဟယ်”
“ဘာကြောင့်လဲ”
“သမီးလေးကို ကျောင်းအပ်ပေးလို့ပေါ့”
“နင်တို့သမီးလည်း ငါ့သမီးလိုပါပဲဟာ”
“ဒါနဲ့ နင်အိမ်ထောင်လေးဘာလေးပြုဖို့ စိတ်မကူးဘူးလား”
“စိတ်မကူးမိပါဘူး”
“ဘာဖြစ်လို့လဲဟ”
“ဒုက္ခတောထဲကို နောက်တစ်ယောက်ဆွဲမခေါ်ပါရစေနဲ့ဟယ်”
“ကျောင်းဆရာလုပ်တာ ဒုက္ခရောက်သလား”
“မငတ်ရုံတမယ်ပါပဲဟာ … ဒါနဲ့ နင်ရော အဆင်ပြေရဲ့လား”
“ပြေတယ် … ငါ့ဆိုင်မှာ စက်ချုပ်လည်း သင်ပေးတယ်။ အပ်ထည်တွေလည်း များလွန်းလို့ တပည့်တွေ မွေးထားရတယ်”
“အောင်မြင်တယ်ကြားလို့ ဝမ်းသာပါတယ်ဟယ်”
“ပိုက်ဆံကတော့ ဝင်ပါတယ်ဟာ … ဒါပေမဲ့ …”
သူက စကားမဆက်ဘဲ ရပ်ထားလိုက်သည်။
ကျွန်တော်တို့ လမ်းခွဲလိုက်ကြသည်။ ကျွန်တော်က မြို့နယ်ပညာရေးမှူးရုံးရှိရာ အမှတ် ၂ ကျောင်းဘက်၊ သူ့ ဈေးဘက်ကို ထွက်သွားသည်။
ကျွန်တော် မွမ်းမံသင်တန်း တက်နေသည့် တစ်ရက်တွင် အေးချမ်းမိုးကိုတွေ့သည်။ အပျိုကြီးဖားဖား ဖြစ်နေပြီ။ သူက ယခုနှစ် ၁၀ တန်းရောက်ပြီ။
“ဘဘ”
“ဟေ”
“မေမေ့ကို လာပြောပါဦး”
“ဘာလာပြောရမှာလဲ သမီး”
“အသက်ကြီးမှ ဝက်သက်ပေါက်ချင်နေတယ်”
“ဘာကို ပြောတာလဲသမီး”
“ရည်းစားထားနေလို့”
ကျွန်တော်ပြန်တွက်ကြည့်မိသည် ဝင်းနောင်သေတာလည်း ၁၀ နှစ်ကျော်နေပြီ။ သူလည်း အရွယ်ရှိတုန်း အိမ်ထောင်ပြုချင်မည်ပေါ့။
“ဪ … သမီးရယ် … သမီးမေမေက တစ်ယောက်တည်း ရုန်းကန်ပြီး သမီးကို ရှာကျွေးနေရတာလေ။ ခက်ခဲ ကျပ်တည်းလာချိန်မှာ သူလည်း လိုအပ်လို့ သမီးအတွက် အဖေတစ်ယောက်ရှာတာနေမှာပေါ့”
“သမီးကတော့ လက်မခံဘူး … ဘဘ။ သမီးဖေဖေဟာ ဦးဝင်းနောင်ပဲဖြစ်ရမယ်။ ဘဘ တစ်ခုခုတော့ မေမေ့ကို ပြောပေးပါဦး။ တကယ်လို့ သူရှေ့ဆက်ပြီး ဇွတ်တိုးနေမယ်ဆိုရင် သမီး အိမ်ကထွက်သွားမယ်”
ကျွန်တော် မခိုင်နှင့်တွေ့ရန် အမြန်ဆုံး စီစဉ်ရတော့သည်။
“မခိုင် … နင့်ကို အစ်ကိုတစ်ယောက်အနေနဲ့ ပြောပါရစေ”
“ဘာလဲဟင်”
“နင့်အကြောင်း သမီးဆီကနေကြားပြီပြီ”
“ဘာများလဲ”
“နင် အိမ်ထောင်ထပ်ပြုဖို့ စီစဉ်နေတယ်မဟုတ်လား”
“ဟုတ်တယ် … ရပ်တည်ရေး ခက်ခဲလာတယ်။ စက်ဆိုင်ကလည်း အဆင်မပြေတော့ဘူး။ သမီးလေး ၁၀ တန်းအောင်ရင်တောင် ဘယ်လိုလုပ်ရမယ် မသိဘူး”
“ငါနားလည်ပါတယ်ဟာ။ ဒါပေမဲ့ သမီးလေး နားလည်အောင် ပြောပြဖို့ လိုလိမ့်မယ်နဲ့တူတယ်”
“သမီးကို ပြောကြည့်သေးတယ်။ ဘယ်လိုမှ လက်မခံဘူးဖြစ်နေတယ်”
“အေး … သူက နင်အိမ်ထောင်ထပ်ပြုရင် ထွက်သွားမယ်ချည်းပဲ လုပ်နေတယ်။ အဲဒါ စိုးရိမ်လို့ လာပြောရတာ။ နင်တို့သမီးက ငါ့သမီးပဲလေ။ သူ့ကို မဟုတ်တာတွေ ဆုံးဖြတ်လုပ်သွားမှ စိုးရိမ်တယ်”
“ငါလည်း အဲဒီသမီးကြောင့် ခက်တယ်ဟာ”
“ဒါနဲ့ … နင်နဲ့ဖြစ်နေတာ ဘယ်သူလဲ … ငါမသိရဘူးလား”
“ကိုသက်မောင်လေ”
“ဘယ်က သက်မောင်လဲ”
“ဒီဈေးထဲကပဲ။ သူက ကုန်စုံဆိုင်ကြီးဖွင့်ထားတယ်။ ကျောင်းတုန်းက သူက တို့ထက် တစ်တန်းကြီးတယ်။ သူက ချမ်းလည်းချမ်းသာတယ်။ ငါ့ကို လက်ထပ်ဖို့လည်း ခွင့်တောင်းတယ်”
“သူ့မှာ အိမ်ထောင်နဲ့လား”
“သူ့အိမ်ထောင်လည်း ဆုံးသွားပြီ။ သူ့မှာက သားသမီးတွေ တစ်ယောက်မှ မရှိဘူး။ ငါ့ကို သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းမှာပါဟယ်။ သမီးလေးအတွက်လည်း စိတ်အေးရမှာပါ”
“ကိုသက်မောင်ကို ငါသိပါတယ်”
ကျွန်တော်လည်း ကျောင်းဆရာအလုပ်ကထွက်လာပြီး ရန်ကုန်ရောက်လာသည်။ ကျွန်တော့်ဖခင်ကြီး မကွယ်လွန်မီက ပဲခူးကို တစ်ပတ်တစ်ခါပြန်သည်။ ကျွန်တော် ကိုသက်မောင်နှင့် သွားတွေ့ကြည့်ပြီး စကားပြောကြည့်သည်။
“အေးကွာ … ငါက သူ့ကို သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းမှာပါ … ဒါပေမဲ့”
“ဘာဖြစ်လို့လဲ”
“သူ့သမီးက ခက်နေတယ်”
“ကျွန်တော် သွားပြောကြည့်ပေးပါ့မယ်ဗျာ”
ကျွန်တော် အေးချမ်းမိုးနှင့်တွေ့သည်။ သူက တောင်ငူဘက်တွင် ကျောင်းဆရာမလုပ်နေသည်။ သူ့ဘက် ကလည်းပြတ်သည်။
“သမီးကတော့ လက်မခံဘူး”
ကျွန်တော် မခိုင်နှင့်တွေ့သည့်အခါ
“မခိုင် နင်တို့အကြောင်းကြားရတာ စိတ်မကောင်းဘူး”
“ဘာကိုလဲ”
“နင်နဲ့ ကိုသက်မောင် နီးလျက်နဲ့ ဝေးနေရတဲ့ကိစ္စ”
“ကိစ္စမရှိပါဘူးဟာ”
“ဘာလဲဟ နင့်စကားကြီးက”
“တို့နှစ်ယောက်က တရားဝင် လက်မထပ်ကြတာပဲရှိတာပါဟယ်”
“ဪ”
ကျွန်တော် နားလည်လိုက်ပါသည်။
နောက်တော့ ကျွန်တော့်ဆီကို ဖိတ်စာရောက်လာသည်။ မခိုင်နှင့် ကိုသက်မောင်တို့ မင်္ဂလာဆောင်မဟုတ်။ သမီးလေး အေးချမ်းမိုး၏ ဖိတ်စာဖြစ်နေသည်။ သမီးလေးက အင်္ဂျင်နီယာတစ်ယောက်နှင့် လက်ထပ်သွား သည်။ မင်္ဂလာဆောင်တွင် ကျွန်တော်က မခိုင်ကို မေးမိသည်။
“မခိုင် … သမီးလေးလည်း အိမ်ထောင်ပြုသွားပြီဆိုတော့ နင်ရော ဘယ်လိုစိတ်ကူးထားသလဲ”
“ဘာကို စိတ်ကူးရမှာလဲဟင်”
“ကိုသက်မောင်နဲ့ အိမ်ထောင်ပြုဖို့ကိစ္စ”
“ခုချိန်မှာ အဲဒါတွေ မလိုတော့ပါဘူးဟယ်”
“ဘာဖြစ်လို့လဲ”
“အိမ်ထောင်ထပ်ပြုပြီး ပူဆွေးရမှာထက် မပြုဘဲ ဒီအတိုင်းနေတာ ပိုကောင်းမယ်ထင်လို့ပါ”
“ဒီလိုတော့လည်း မဟုတ်သေးဘူးလေးဟယ်။ သမီးလေးကလည်း နားလည်ပေးမှာပါ”
“ဘယ်သူမှ နားလည်ပေးတာ မလိုချင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ နားလည်အောင် လုပ်တော့မယ်”
“အေးဟာ … နင်နဲ့ ကိုသက်မောင်ရော … ဘယ်လိုတွေလဲ။ ဆက်တွဲနေကြတုန်းပဲလား”
“ဆိုပါတော့ … ဒါပေမဲ့ ငါသူနဲ့ အိမ်ထောင်ပြုဖို့တော့ စိတ်မကူးတော့ဘူး”
“ဘာဖြစ်လို့လဲ”
“နင့်ကိုပြောပြလို့လည်း နားလည်မှာ မဟုတ်ပါဘူးဟယ်။ ခုချိန်မှာ ဒါတွေ မလိုတော့ပါဘူး”
“အေးပါ ငါလည်း နားမလည်ချင်ပါဘူး”
ကျွန်တော်သူနှင့် အဆက်အသွယ်ပြတ်သွားသည်မှာကြာနေပါပြီ။ မနေ့ကတော့ မခိုင်က ကျွန်တော့်ထံကို ဖုန်းဆက်သည်။
“ကိုသက်မောင် ဆုံးသွားပြီ”
“ဟုတ်လား”
“ပြီးတာ့လည်း ပြီးသွားတာပေါ့ဟယ်”
“အေးပေါ့ဟာ”
#တင်ညွန့်
၁၄.၁၂.၂၀၂၄
#နီလာအာကာ