ကိုချက်ကြီး(စ/ဆုံး)
—————-
ကားဂိတ်တွင် ထမင်းဆိုင် တစ်ဆိုင်တည်းသာရှိသည်။ ဆိုင်ပိုင်ရှင်အမည်က ကိုချက်ကြီးဟူ၏။
လူပုံက ဂင်တိုတို၊ ပုအိုင့်အိုင့်၊ အသားကညိုညို၊ စွပ်ကျယ်ချိုင်းပြတ်နှင့် လုံချည်တိုတို အမြဲဝတ်သည်။ သူလမ်းလျှောက်လာလျှင် ပစ်တိုင်းထောင်ရုပ်ကြီး လိမ့်လာသည့်အတိုင်းဖြစ်သည်။
မြို့ကိုလစာထုတ်ဆင်းလျှင် ကိုချက်ကြီးဆိုင်တွင် ကားစောင့်ရသည်။ သူကား ဟင်းချက်အလွန်တော်သည်။ ရွာတွင် အမဲပေါ်သည့်နေ့ဆိုလျှင် ကိုချက်ကြီးဆိုင်တွင် အမဲအကြောချက်ကို ကြိုမှာထားရသည်။ နုအိအောင် ချက်ထားသည့် အမဲအကြောချက်မှာ စား၍အတော်ကောင်းသည်။
သူ့ဆိုင်တွင် ချက်သမျှသော အသားဟင်းလျာတိုင်းမှာ သူ့လက်ရာတွေချည်းဖြစ်သည်။ သူသည် ကိုယ်တိုင် လည်း အကောင်းကြိုက်သည်။ သူ့ဆိုင်တွင် မြို့ကအဖွဲ့လာလျှင် ဘာစားချင်တယ်ဟုသာပြောလိုက် မရ၊ ရအောင် ရှာဖွေချက်ကျွေးသည်။ နောက်ဆုံး ဆိတ်ခေါင်းတုံးသားကိုပင် ကိုယ်တိုင်ပေါ်ကာ စားတတ်ကြောင်း ကြားရသည်။
ထိုစဉ်က မွေးမြူရေးကြက်တွေလည်း ခေတ်မရှိ။ သူ့ဆိုင်တွင် ချက်သမျှမှာ အိမ်ကြက်၊ တောကြက်တွေသာ ဖြစ်သည်။ တောထဲမှ ချေသား၊ ဆတ်သားတွေရလည်း သူ့ဆိုင်တွင်လူစည်သည်။ ညနေခင်းဆိုလျှင် အရက် မီးတောက်လေးလည်းရောင်းသဖြင့် တောသားတွေ စွာကျယ်ကျယ်နှင့် ထိန်းမနိုင် သိမ်းမရဖြစ်တတ်သည့် နေရာမှာ ကိုချက်ကြီး ထမင်းဆိုင်ဖြစ်သည်။
မည်သို့ဆိုစေ ကိုချက်ကြီးကား လက်စလက်နလည်းရှိ၊ ကျွေးမွေးထားသည့် တပည့်ကလည်းပေါသဖြင့် စွာကျယ်ကျယ်လုပ်သည့်ကောင်များကို သူထိန်းနိုင်သည်။ နောက်ပြီး ချက်ကြီးက ဤတိုက်နယ် အာဏာပိုင် တွေနှင့်လည်း အလျဉ်းသင့်လှသည်။ သူ့ဆိုင်သည် ထိုအဖွဲ့အစည်းအမျိုးမျိုး၏ စားသောက်မှီခိုနားနေရာ လည်းဖြစ်သည်။
ချက်ကြီးသည် တဖြည်းဖြည်းချမ်းသာလာသည်။ ကျွန်တော် ဤရွာကို ကျောင်းဆရာအဖြစ် ရောက်ခဲ့သည်မှာ ငါးနှစ်တာကာလအတွင်း ချက်ကြီး ချမ်းသာလာသည်။ သူ့လမ်းဘေး တဲဆိုင်လေးသည် နှစ်ထပ်ဆိုင်လေး ဖြစ်သွားသည်။ အောက်ထပ်တွင် ထမင်းရောင်းသည်။ အပေါ်ထပ်တွင် တည်းခိုဆောင်ဖြစ်သည်။ တည်းခိုဆောင်ဆိုတာထက် ဖဲဝိုင်း၊ ဂျင်ဝိုင်းတွေကို လွတ်လပ်စွာ ဆော့ကစားနိုင်သည့် နေရာလည်း ဖြစ်သည်။ ချက်ကြီးထမင်းဆိုင်ကား အာဝါဒေးလိုင်စင်ရထားသည့် ဆိုင်ဖြစ်သည်။ ဖမ်းမည့်သူမရှိ။ အဘယ်မှာလျှင် ရှိနိုင် ပါအံ့နည်း။ ဖမ်းမည့်သူတွေလည်း ဝင်ကစားနေကြသောကြောင့်ဖြစ်သည်။
ချက်ကြီးချမ်းသာသည်မှာ ထမင်းရောင်း၊ ကစားဝိုင်းထောင်ရုံသက်သက်ကြောင့် ဆိုလျှင်မှားမည်။ သူက အာဏာပိုင်တွေကို အိတ်ထဲထည့်နိုင်သည်ဖြစ်ရာ သစ်တွေခိုးထုတ်ရာတွင်လည်း နာမည်ကျော်သည်။ လူတွေ သိနိုင်သည့် ကိစ္စတွေအပြင် ချက်ကြီး ချမ်းသာသည့် အခြားနည်းကို လူသိနည်းသည်။ ယင်းကား ပြောရန် အလွန်အန္တရာယ်ကြီးလှပေတော့သည်။ ချက်ကြီးတွင် တောထဲ၌ ဆေးခြောက်စိုက်ခင်းတွေရှိသည်ဟူ၏။ ထိုသတင်းကား အကြားသာဖြစ်သည်။ မည်သူမျှ တိတိပပ မြင်ဖူးမည်မထင်။ ပေါ်ပေါ်ထင်ထင် လုပ်ရသည့် အလုပ်လည်း မဟုတ်။ မြို့ကို ဆေးခြောက်တွေ အထုပ်လိုက်ပို့သည်ဟူ၍ နာမည်ကျော်ပေသည်။
အနှီချက်ကြီးသည် ချမ်းသာလွန်းလာသဖြင့် သူ့မိသားစုကို မြို့သို့ ပြောင်းနေစေသည်။ ကျွန်တော်က တစ်နေ့တွင် ချက်ကြီးနှင့်တွေ့ရာ၌
“ကိုချက်ကြီး မိသားစုကို မြို့မှာတိုက်တွေ ကားတွေနဲ့ ထားနိုင်မှတော့ ဘာဖြစ်လို့ ဒီမှာ ဒုက္ခခံနေသလဲ … မြို့မှာပဲ လိုက်နေရောပေါ့”
“ဒီနေရာက ကျွန်တော့်စီးပွားရေးခွင်ဆရာရယ့်။ ကျွန်တော် မြို့မှာ သွားနေလိုက်ရင် ခွင်ပျက်သွားမှာပေါ့”
“ခေတ်ကာလက သိပ်ကောင်းတာမဟုတ်ဘူး။ တစ်နေ့ကပဲ ဟိုဘက် ခတက်လှမှာ ဓားပြတွေ ဝင်သွား သေးတယ်ကြားတယ်။ ရွာလူကြီး ဦးဘဖြူအိမ်က ရှိတာကုန်ရောဆိုပါလား”
“ဟဲ … ဟဲ … ဟဲ”
ချက်ကြီးက တဟဲဟဲရယ်နေသဖြင့်
“ခင်ဗျားလည်း ဓားပြရန်ကြောက်လို့ မိသားစုကို မြို့ပို့လိုက်တာ မဟုတ်လား”
“မဟုတ်တာဆရာရယ် … ကျွန်တော်ကြောက်ရမယ့်သူတွေ ဒီနယ်မြေမှာ မရှိပါဘူး”
နောက်မှကျွန်တော်သိရသည်မှာ ဦးဘဖြူအိမ် ဓားပြတိုက်ရာတွင်လည်း သူ့စနက်မကင်းဟု ပြောသံတွေ ကြားရ ပြန်သည်။
ကိုချက်ကြီးကား ထိုနည်းနှင်နှင့် ဤနယ်တွင် လူတွင်ကျယ်ဖြစ်လေသည်။
ကျွန်တော်လည်း ထိုရွာမှ ရာထူးတိုးပြီး မြို့ကို ရောက်လာသည်။ ထိုမှသည် ကျောင်းဆရာအလုပ်ကထွက်ပြီး ရန်ကုန်ကိုရောက်လာပြန်သည်။ ရန်ကုန်တွင် အခြေကျပြီးနေစဉ် တစ်နေ့တွင် မိတ်ဆွေတစ်ဦးဆေးရုံတက်ရ သည်ဆိုသဖြင့် လူနာမေးရောက်လာသည်။
နာမည်ကြီး ပုဂ္ဂလိကဆေးရုံတွင် ပိုက်ဆံအတော်လေးကုန်သော သီးသန့်ခန်းထဲမှ လူနာမေးပြီး ပြန်အထွက်တွင်
“ဆရာလေး … ဆရာလေး” ဟု ခေါ်သံကြားလိုက်ရသဖြင့် ပြန်လှည့်ကြည့်လိုက်ရာ အမျိုးသမီးတစ်ယောက် ဖြစ်နေသည်။
ကျွန်တော်က မြင်တော့မြင်ဖူးနေသည်။ သို့သော် သူ့ကို သိပ်မမှတ်မိ။
“ကျွန်မကို မသိတော့ဘူးလားဆရာလေးရယ် … မအေးမြင့်လေ … ဆရာလေးရွာမှာ ကျောင်းဆရာလုပ် တုန်းက ကိုချက်ကြီးကို မှတ်မိသေးလား”
“ဟာ မှတ်မိပြီ … ကိုချက်ကြီး အမျိုးသမီးပဲ … မအေးမြင့် ဟုတ်တာပေါ့။ ဒါနဲ့ ဆေးရုံကို ဘာလာလုပ်သလဲဗျ”
“ဆရာရေ … ကိုချက်ကြီး ဆေးရုံတင်ထားရတယ်လေ”
“ဟုတ်လား … ဘယ်အခန်းမှာလဲ”
“လာ ဆရာ ကျွန်မနဲ့ လိုက်ခဲ့။ ကိုချက်ကြီးက ဆရာ့ကိုတွေ့ရင် ဝမ်းသာမှာ”
ကျွန်တော်လည်း မအေးမြင့် ခေါ်ဆောင်ရာနောက်ကို လိုက်ခဲ့သည်။
အခန်းတစ်ခန်းရောက်သည့်အခါ မအေးမြင့်က တံခါးကို ဖွင့်လိုက်ပြီး
“လာ ဆရာ” ဟုခေါ်သည်။
ခုတင်ပေါ်တွင် လူတစ်ယောက်ထိုင်နေသည်။ ကိုချက်ကြီးဟူ၍ ပြောလျှင် ယုံနိုင်စရာအကြောင်းမရှိ။ လူက ပိန်ပိန်သေးသေးလေး ဖြစ်နေသည်။ မျက်နှာကိုလည်း မျက်နှာဖုံးအုပ်ထားသည်။ မျက်နှာဖုံးတွင် အရည်တွေ ကွက်နေသည်။
“ကိုချက်ကြီး … ဒါ ရွာမှာ တာဝန်ကျသွားတဲ့ဆရာလေ။ အေးချမ်းမေရဲ့ ဆရာပေါ့”
ကိုချက်ကြီးက ခေါင်းညိတ်ပြသည်။ မျက်စပြစ်ကာ ကျွန်တော့်ကို ထိုင်ဟုပြောသဖြင့် ကျွန်တော် ကလည်း ခုတင်ဘေးတွင်ချထားသည့် ထိုင်ခုံတွင် ထိုင်လိုက်သည်။
“ကျွန်တော့်ကို မှတ်မိလား”
သူက ခေါင်းညိတ်ပြသည်။
“ဘယ်လိုဖြစ်ရတာလဲ ကိုချက်ကြီးရယ်”
ကိုချက်ကြီးဘေးတွင် ရပ်နေသော မအေးမြင့်က
“ပါးစပ်ကင်ဆာလေဆရာ။ ကန်တော့ …”
မအေးမြင့်က သူ့ယောက်ျား ပါးစပ်တွင် အုပ်ထားသော မျက်နှာဖုံးကို ဖွင့်ပြသည်။ ပါးတစ်ခြမ်းမှာ ဟောင်းလောင်းကြီးဖြစ်ကာ သွားတွေ အပြူးသားထွက်နေသည်။ မြင်ရသည်မှာ စိတ်မချမ်းသာစရာပင်”
“ကွမ်းတွေ အမြဲငုံထားတတ်တဲ့အကျိုးတွေပေါ့ဆရာရယ်”
ကိုချက်ကြီး စကားမပြောနိုင်တော့ပါ။ သူ့လျှာတွေလည်း ဘာမျှအလုပ်မလုပ်တော့ဟုဆိုသည်။
“ဆရာရေ … အစာလည်း ဘယ်လိုမှ ကျွေးလို့မရတော့ဘူး။ သူ့မှာ ရေလေးတစ်ဇွန်းတောင် မနည်းမျိုချနေရ တယ်။ သူသိပ်ပြီး အစာစားချင်တယ်။ ဒါပေမဲ့ ဘယ်လိုမှ ကျွေးလို့မရတော့ဘူး”
ကိုချက်ကြီးက သူ့မိန်းမပြောတာကို ထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်ပြသည်။
ကျွန်တော်ဘာကို မျက်စိထဲသွားမြင်မိသနည်းဆိုသော် ရွာမှာရှိစဉ်က ကိုချက်ကြီးသည် သူ့အိမ်တွင် ဝက်ပေါ်သည်။ ဝက်ပါးစပ်ကို တင်းပုတ်နှင့်ထုလိုက်သည့် မြင်ကွင်းကြီး ကျွန်တော့် မျက်စိထဲတွင် ပြန်ပေါ် လာသည်။
“အေးဗျာ … တွေ့ရတာ စိတ်မကောင်းပါဘူး။ ဒါနဲ့ ခုခင်ဗျားတို့ ဘယ်မှာနေကြသလဲ”
“မြေနီကုန်းမှာနေတယ်ဆရာ။ တိုက်ခန်းဝယ်ထားတယ်”
“အေးချမ်းမေရော”
သူ့သမီးလေးကို ကျွန်တော်ကမေးလိုက်ခြင်းဖြစ်သည်။ သူ့သမီးကို ကျွန်တော်က လေးတန်းတွင် စာသင်ပေးဖူး သည်။
“သမီးအကြောင်းတော့ မပြောချင်ဘူးဆရာရေ”
“ဘာဖြစ်လို့လဲဗျာ”
“သူ့အဖေနဲ့ စိတ်ဆိုးပြီး တိုက်ပေါ်ကခုန်ချတယ်လေ … ပွဲချင်းပြီးပဲ”
“ဟာဗျာ”
ကိုချက်ကြီးကို ကျွန်တော် အမှတ်တမဲ့ကြည့်လိုက်မိသည်။ သူ့မျက်လုံးတွင် မျက်ရည်တွေဝဲနေသည်။
“ဒါနဲ့ သားလေးတစ်ယောက်ရှိသေးတယ်မဟုတ်လား”
“ဖိုးထွေးလေဆရာရယ့်”
“ဟုတ်တယ် သူရော”
“အဲဒီကောင်က စစ်ထဲလိုက်သွားတယ် ကနေ့အထိ သေတယ် ရှင်တယ် သတင်းမကြားပါဘူးဆရာရယ်။ လေးနှစ် ရှိသွားပြီ”
“ဒါဆိုရင် ခင်ဗျားတို့နှစ်ယောက်တည်းရှိတော့တာပေါ့”
“ဟုတ်တယ်ဆရာ … ခုတော့ သူလည်း နေ့လား … ညလားပါပဲ”
ကျွန်တော်နောက်သုံးရက်အကြာတွင် ထိုဆေးရုံကိုထပ်ရောက်သည်။ ကျွန်တော့်မိတ်ဆွေကတော့ ခွဲစိတ်ပြီး သက်သာနေသည်။ ကိုချက်ကြီးအခန်းကို သွားမေးကြည့်တော့ ဆုံးသွားပြီဟူ၏။
တင်ညွန့်
၂.၁၂.၂၀၂၅