သမီးနှင့် ဆောင်းများ - ခင်ခင်ထူး
========================
ကျွန်မတို့ မန္တလေးဆီက အရှေ့ဘက်ကိုထွက်လိုက်သည်နှင့် အောင်ပင်လယ်ကန်းရိုး၊ သည်ကမှ မျှော်ပြန်တော့ ရှမ်းရိုးမတောင်တန်းရှည်ကြီးကို မြင်ရပြီ။ ရှေးအခါက မန္တလေးကို နယ်နမိတ်သတ်သည့်အခါ အရှေ့ဘက်တွင် နတ်ထိပ်တောင်လို့ သတ်မှတ်သည်။ မန္တလေးကမျှော်လျှင် နတ်ထိပ်တောင်အပါအဝင် ပြာပြာစိမ်းစိမ်းရှမ်းရိုးမသည် လွမ်းစဖွယ် ပြမှိုင်းနေတတ်ပါ၏။ မန္တလေးမြို့ လမ်းရှည်ကြီးတွေကြားက အကန့်အသတ်ဖြင့် မြင်ရသော တောင်တန်းများသည် အမြဲလိုလို မှိုင်းမြရီဝေ။ သည်တောင်တန်းများ၏ ခရီးဝဖြစ်သော ပြင်ဦးလွင်ကို ကျွန်မတို့မိသားစု မကြာခဏ ရောက်ဖြစ်ကြသည်။ အကွေ့အထပ်တွေကို တစ်ဆစ်စီကျော်မိပြီဆိုလျှင် မန္တလေးမှ ၄၂ မိုင်ဝေးသော ပြင်ဦးလွင် တောင်ပေါ်မြို့ကို ရောက်ပါပြီ။
သမီးက တောင်တန်းကြီးတွေကိုနှစ်သက်တာ ကျွန်မ သတိထားမိပါသည်။ တစ်ချို့ခရီးတွေမှာတော့ ပြင်ဦးလွင်ကိုကျော်ကာ နောင်ချို၊ ဂုတ်တွင်း၊ ကျေညက်မဲ၊ သီပေါမြို့များဆီအထိ ရောက်ရပါ၏။ ပြင်ဦးလွင်က ကျော်လျှင် ရှမ်းမြေနီရဲရဲနှင့် သစ်ခင်းစိမ်းစိမ်းတွေ မြင်ရပြီ။ တောင်ပေါ်ရောက်ပြန်တော့ နောက်ထပ် တောင်တန်းတွေကို လှမ်းမြင်ရပြန်သည်။ တောင်ပေါ်မြို့တွေက များသောအားဖြင့် တောင်တန်းတွေကြား မြေပြန့်တွေမှာ တည်ထားကြတာများသည်။ တစ်ချို့မြို့တွေက မြို့ခင်းကျယ်ကျယ်။ တစ်ချို့မြို့တွေကတော့ မြေပြန့်ကျဉ်းကျဉ်း။
" တောင်တန်းတွေက ဘယ်လိုဖြစ်လာတာလဲ မေမေ "
" ရှေးတုန်းက ကမ္ဘာမြေရဲ့ အတွင်းပိုင်း အပူဓာတ်ကြောင့် မြေကြီးတွေ ရုန်းကြွလာကြရာက ဖြစ်ရတာ သမီးရဲ့ "
" တောင်တန်းကြီးတွေရှိတော့ ဘာဖြစ်သလဲ "
" ကောင်းတာပေါ့သမီးရဲ့ ... တောင်တန်းတစ်ဘက်မှာရှိတဲ့ မြို့ကြီးတွေကို လေဒဏ်မိုးဒဏ်၊ဂမုန်တိုင်းဒဏ်က ကာကွယ်ပေးတယ် ... တောင်ပေါ်သစ်တောတွေ ပေါက်နိုင်တယ် ... သစ်တောတွေထဲမှာ သားဌက်တိရစ္ဆာန်တွေ နေနိုင်တယ် ... တောင်ပေါ်ဒေသမှာပေါက်တဲ့ ပန်းပင်တွေ၊ စားပင်တွေရနိုင်တယ် ... တောင်ပေါ်က စီးဆင်းလာတဲ့ ချောင်းတွေမြောင်းတွေကတစ်ဆင့် ရေရနိုင်တယ် "
သမီးက ခရီးထွက်လေတိုင်း မြင်မြင်ကရ မေးတတ်မြန်းတတ်ပါသည်။ ကျွန်မတို့သားအမိ သည်လို ခရီးထွက်တိုင်း ခရီးစကားတွေ ပြောဖြစ်သည်။ သမီးက စစ်စစ်ပေါက်ပေါက်မေးသမျှ ကျွန်မကဂဆစ်ဆစ်ပိုင်းပိုင်း ဖြေရပါ၏။ များသောအားဖြင့် ခရီးတွေက ဆောင်းတွင်း စာပေဟောပြောပွဲခရီးတွေ များပါသည်။ ပြီးတော့ တောင်ပေါ်ခရီးတွေလည်း သွားရသည်။ တောင်တန်းတစ်လျောက် တောင်ခိုးတွေဝေနေတာကလည်း မြေပြန့်မှာ မြင်ရခဲတော့ သမီးအဖို့ရာ အသစ်အဆန်း ခံစားပုံရပါ၏။ တောခိုး တောင်ခိုးနှင့်အေးစိမ့်စိမ့်အရသာကို ကြိုက်ပုံရလို့ထင်ပါရဲ့။ တောင်ပေါ်ခရီးတွေ သွားရမည်ဆိုတိုင်း သမီး ပျေည်နေတတ်သည်။
မှတ်မှတ်ရရ ငါးလသမီးအရွယ်ကစလို့ သီပေါမြို့ စာပေဟောပြောပွဲကို သမီးကလေး ပါခဲ့ရရှာ၏။ သီပေါဆောင်းက ကျွန်မတို့အဖို့ရာတော့ အလွန်အေးမြသော ဆောင်းပါပဲ။ ဒုဌဝတီမြစ်ဘေး ပေနှသ်ထောင်လောက်အမြင့်မှာ တည်ထားသည့်မြို့ ဖြစ်ပါ၏။ ရှေးက စော်ဘွားရုံးစိုက်ရာမြို့ဖြစ်၍ စော်ဘွားများ နန်းစွန့်ကြသည့်အခါ နယ်ပိုင်ရုံးစိုက်ရာမြို့ ဖြစ်လာသည်။ ကျွန်မတို့ သီပေါမြို့ကိုသွားတိုင်း ဘော်ကြိုဘုရာူကြီးကို ဝင်ဖူးနေကျ။ သီပေါမြို့မှာ အမှတ်တရ အရှိဆုံးကတော့ ဒုဌဝတီမြစ်ကမ်းတစ်လျှောက်က လိမ္မော်၊ ရှောက်ချို၊ သံပုရာစသည့် ချဉ်သီးအုပ်စုဝင် သီးပင်များဖြစ်ပါ၏။ ဆောင်းမနက်ခင်းတွေမှာ ဒုဌဝတီမြစ်ပြင်မှာ ရေငွေ့တွေအူနေတတ်သည်။ နှင်းတွေက တသည်းသည်း။ ဆောင်းမှုန်မှုန်ကြားက မှည့်ဝင်းဝင်း လိမ္မော်စိုက်ခင်းတွေကို မြင်ရတာကပင် ခူးချင့်စဖွယ်၊ စားချင့်စဖွယ်။ အအေးဓာတ်ပေးထားသော သီးနှံတွေလို လတ်လတ်ကော့ကော့ စိုစိုရှိန်းရှိန်းရှိလိုက်တာ။ သီပေါကနေ ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူမြို့တွေကို ခရီးပေါက်သည်။ သီပေါမြို့ကိုရောက်ခဲ့တုန်းက လိမ္မော်ခြံတွေထဲကိုဝင်ပြီး လိမ္မော်သီး မှည့်မှည့်ပွပွကြီးတွေ ခူးရတာကို သမီးက အလွန်သဘောကျသည်။
လွန်ခဲ့သောလေးငါးခြောက်နှစ်သမီးနှစ်နှစ်သမီးသာသာက ကျောက်မဲမြို့ စာပေဟောပြောပွဲကို ရောက်ခဲ့ရပါသည်။ ရာသီကလည်း ဆောင်းတွင်း။ ကျောက်မဲမြို့၏ အအေးဒီဂရီက သုံးဒီဂရီ၊ လေးဒီဂရီ။ တည်းခိုခန်းထဲမှာပင် အအေးဓာတ်က စိမ့်လို့။ သမီးကို မျက်နှာသစ်ပေးတော့ " မေမေ ... ရေခဲရေတွေလား " လို့ မေးလို့ ရယ်ကြရသည်။ ဆောင်းနံနက်ခင်း ကျောက်မဲစျေးထဲကိုလည်ကြတော့ တိုင်းရင်းသားဝတ်စုံတွေကို ဝတ်ဆင်ထားကြသော စျေးသည်စျေးဝယ်တွေကို သမီးက မမီမကမ်း ဓာတ်ပုံရိုက်ခဲ့တာ မနည်းပါ။ သမီးကိုလည်း ကျွန်မတို့သွေးချင်းများနှင့်ဂအတူတွဲကာ အမှတ်တရ ဓာတ်ပုံရိုက်ပေးရသည်။
" မေမေ ... သူတို့ကျ မအေးကြဘူးနော် "
" သူတိုးဝတ်တဲ့ ဖျင်စထူထူကြီးတွေက နွေးတယ်သမီးရဲ့ ... ခေါင်းပေါင်းကြီးတွေကလည်း နွေးတာပဲ ... သူတို့ရာသီဥတုနဲ့ သူတို့နေတတ်ကြပြီ ... မေမေတို့ မြေပြန့်လိုပူရင်တောင် သူတို့နေတတ်မှာ မဟုတ်ဘူး "
" သူတို့ဆီမှာ အမြဲတမ်း ဆောင်းရာသီပဲနော် ... ကောင်းလိုက်တာ ... သမီးတော့ တောင်ပေါ်မှာပဲ နေချင်တယ် "
ကျောက်မဲ နန်းငြိမ်းလှ ကောက်ညှင်းနှမ်းထောင်းကြော်ရွရွကိုစားရင်း တောင်ပေါ်ဆောင်းကိုသမီး သဘောကျနေလေပြီ။
( ၂ )
သမီး မတ်တတ်ပြေးသာသာတုန်းက ဟုမ္မလင်းမြို့ ရောက်ခဲ့တာကိုလည်း သတိရမိသည်။ မန္တလေးကနေ ဟုမ္မလင်းအထိ လေယာဉ်ခရီးဖြင့် သက်တောင့်သက်သာ ရှိသော်လည်း ဟုမ္မလင်းကတစ်ဆင့် ဥရုမြစ်ကမ်းတစ်လျောက်က ရွှေမှော်တွေဘက် ကူးကြတော့ တောင်ပေါ်လမ်းကြမ်းသုံးကားမြင့်ကြီးတွေကို စီးရသည်။ ဟုမ္မလင်း၊ နမ့်တော၊ နောင်ပိုအောင်၊ ပင်ခုတ်။ အမှောင်ထုနှင့် မြူနှင်းတွေကို ထိုးခွဲကာ သွားခဲ့ရသောခရီးပင်။ သမီးကို အေးမှာစိုးသဖြင့် ထုတ်ပိုးထားလိုက်ရတာ ဝက်ဝံရုပ်ကလေးနှင့်တောင် တူပါ၏။
ပြီးခဲ့သောနှစ် ( ၂၀၁၁ ခုနှစ် ) ကတော့ ရှမ်းပြည်နယ်နှစ်လို့တောင်ဆိုရမလောက် တောင်ပေါ်ဆောင်းခရီးတွေ ရောက်ခဲ့ရပါသည်။ သမီးက ရှစ်နှစ်အရွယ်ဆိုတော့ အရာရာကို ခံစားနားလည်တတ်ပြီ။ တောင်ကြီး စာပေဟောပြောပွဲ၊ မိုးကုတ် စာပေဟောပြောပွဲ။ ရာသီက အအေးဆုံးကာလ ဒီဇင်ဘာ၊ ဇန်နဝါရီလတွေ။ တောင်ကြီးစာပေ ဟောပြောပွဲက အပြန်မှာ မိတ်ဆွေတွေက သမီးကို ရှမ်းဝတ်စုံကလေး လက်ဆောင်ပေးလိုက်ကြသည်။ ရှမ်းဝတ်စုံအပြည့်နှင့် ရှမ်းခေါင်းပေါင်းကလေး ပေါင်းပြီး သမီးက သူ့ကိုယ်သူ သဘောကျနေလိုက်ပုံများ။
အမှတ်တရအဖြစ်ရဆုံးကတော့ ကျောက်မဲ နမ့်ဆန်ခရီးပင်။ ဆရာညီပုလေး၊ ဆရာနေနှင့် ကျွန်မတို့ ဟောပြောကြရသည်။ သမီးကလည်း ကျွန်မတို့နှင့်အတူ ခရီးဖော်ဖြစ်ရရှာသည်။ နောင်ချိုအလွန် ဂုတ်တွင်းကကျော်လို့ ရှု့ခင်းသာကို ရောက်တော့ တောင်ပေါ်က လှမ်းမြင်ရသောလမ်းက နဂါးတစ်ကောင် တွားတက်လာပုံမျိုး။ သည်တစ်ခေါက် ကျေက်မဲဆောင်းက နှစ်ဒီဂရီတဲ့။ အေးလိုက်ပုံများ မပြောပါနဲ့တော့။ ဟောပြောပွဲကို မဏ္ဍပ်ကြီးထိုးပြီး ကျင်းပတာဆိုတော့ တောင်ပေါ်ဆောင်းလေက အရပ်လေးမျက်နှာက စီးဝင်နေသည်။ မီးသွေးမီးဖိုကြီးတွေထားပေးလို့ ထိုင်တုန်းခဏ အအေးလျော့ရပေသိ စင်ပေါ်တက်တော့ အေးလှသည်။ ဟောရင်းကပင် မေးခိုက်ခိုက်တုန်ရပါ၏။ သမီးကတော့ မီးဖိုဘေးမှာထိုင်ရင်း နှမ်းထောင်းခေါပုတ်စားလိုက်၊ လိမ္မော်သီးစားလိုက်။ ထမင်းစားကြတော့ ရှမ်းစာတွေမို့ ပူပူနွေးနွေး အငွေ့တထောင်းထောင်း။ လတ်ဆတ်သော တောင်ပေါ်စိုက် ဟင်းသီးဟင်းရွက်တွေက ချိုလှသည်။
ကျောက်မဲမြို့က သန့်ရှင်းလှသည်။ ကျောက်မဲသည် ရှေးဟောင်းမြို့တစ်မြို့ မဟုတ်သော်လည်း ၁၉၀၂ ခုနှစ်က မြို့စတည်ခဲ့တာဆိုတော့ နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိခဲ့ပြီ။ ရှမ်းဘာသာအားဖြင့် မဟိန်လမ်။ မဟိန်ဆိုတာ ကျောက်တုံး၊ လမ်ဆိုတာ မည်းနက်ခြင်းဟု မှတ်သားဖူးပါ၏။ ကျေက်တုံးမည်းမည်းကြီးတွေ ရှိရာအရပ်ပေါ့။ ဆောင်းမနက်ခင်းမြူဆိုင်းဆိုင်း နှင်းဆိုင်းဆိုင်းတွေကြားမှာ ဟင်းသီးဟင်းရွက်တွေ၊ ပန်းရောင်စုံတွေ ထမ်းကြီးထမ်းငယ်နှင့် ရွက်ပိုးလာကြသော တိုင်းရင်းသားတွေကို မြင်နိုင်သည်။ ထော်လာဂျီလို ကားတွေပေါ်မှာလည်း ဆောင်းသီးနှံတွေ မိုမိုမောက်မောက်။ ဆောင်းနှင်းမှုန်မှုန်မှာဂဆွမ်းခံကြွကြသော သံဃာတော်များကိုလည်း ကြည်ကြည်နူးနူး ကြည်ညိုနိုင်သည်။ တစ်မူးရလို့ တစ်ပဲလှူ တိှု့ရှမ်းတောင်သူ တူနိုင်ရိုးလား။
" သမီးတော့ တိူးဟူးနွေးစားမယ် ... ရေစိမ်ခေါက်ဆွဲ စားမယ် ... ဆန်ပြားသုတ်စားမယ် ... တို့ဟူးကြော်စားမယ် ... ရှမ်းထမင်းချဉ်စားမယ် "
သမီးက စားချင်တာတွေ များလွန်းလို့ ပါးစပ်ထဲရှိသမျှ ရွတ်နေခြင်း ဖြစ်ပါ၏။ ဆောင်းမနက်ခင်း ချမ်းချမ်းစီးစီးထဲမှာ ရှမ်းစာပူပူနွေးနွေး စားရတာကလည်း ဒာရသာထူးလှပါ၏။ ရှမ်းခေါက်ဆွဲဆိုင်က ရှမ်းအမျိုးသမီးကြီးက ကျွန်မတို့ နမ့်ဆန်ကို ခရီးဆက်ကြမှာကိုသိတော့ အအေးသတင်းပေးလေသည်။
" မနေ့ညက နမ့်ဆန်မှာ တစ်ဒီဂရီပဲရှိသတဲ့ ... စျေးလာဝယ်တဲ့သူတွေပြောတာလေ "
( ၃ )
တောင်ပေါ်သွားဂျစ်ကားကဂလေးဘက်လေးတန် ဟင်းလင်းဖွင့်။ လေတွေက ကားထဲကိုဒလဟောစီးဝင်နေကြသည်။ ကျောက်မဲမြို့ကနေ သီပေါကို ဖြတ်ပြီး နမ့်ဆန်ကို သွားသည့်လမ်းအတိုင်း ကျွန်မတို့ သွားကြခြင်းဖြစ်သည်။ ဆရာညီပုလေး ၊ ဆရာနေ ၊ ကျွန်မ နှင့် သမီး။ ကျောက်မဲမြို့က ဦးမြင့်လွင် ၊ ဆရာကိုဝေ ( ကျောက်မဲ ) နှင့် ကိုဠေးလွင်။ ကိုဝေနှင့်ဂကိုဠေးလွင်တို့က ကျွန်မတို့ကိုငဲ့ကာ ကားခေါင်မိုးပေါ်က စီးကြသည်။ တောင်တန်းပေါ်က အေးစက်သော ဆောင်းလေတရှရှကို တိုးဖြတ်ရင်း စီးကြရတာဆိုတော့ ကားခေါင်မိုးပေါ်က ဆရာနှစ်ယောက်ကို ဒားနာစရာပင် ကောင်းလှပါသည်။ နမ္မတူလမ်းခွဲ ပန်လုံမှာ နေ့လည်စာစားကြတော့ နေရောင်ကိုမြင်ရသေးသည်။ ပန်လုံစျေးကလေးထဲမှာ အနွေးထည်တွေ၊ ခြေအိတ်လက်အိတ်တွေ ၊ ခေါင်းစွပ်တွေ ထပ်ဝယ်ခဲ့ကြသည်။
" နမ့်ဆန်က အားကြီးအေးသကော ... အေး ... "
ပန်လုံက ရှမ်းအမျိုးသမီးကြီးက အားပေးလိုက်သေးသည်။ ပန်လုံကထွက်တော့ ကျနေဝင်လာသည်နှင့် မိုးကောင်းကင်လည်း ကုပ်ကျလာခဲ့ပါ၏။ အအေးဓာတ်က ခိုက်ခိုက်တုန်အောင် လွှမ်းခြုံလျှက်ရှိလေ၏။ အနွေးထည်နှင့်ပင် မလုံလောက်တော့ ကားမှာပါလာသည့် ဂွမ်းကပ် စောင်တွေကိုပါ ခြုံကြရသည်။ ပန်လုံကထွက်လာကတည်းက တောင်မြင့်ကြီးတွေပေါ်တက်ရပြီ။ လမ်းရွာတွေမှာ အိမ်ကလေးတွေ။ တိုင်းရင်းသား မိသားစုတွေ။ စိုက်ခင်းကလေးတွေ။ ဆည်းဆာရောင်အလင်းထဲမှာ ချစ်စရာဘဝတွေ။
" တွေ့လားသမီး ... ရွာကလေးတွေ ... သူတို့ဒေသ သူတို့ဇာတိမှာ သူတို့ပျော်နေပြတာ ... ကလေးတွေဆိုရင်လည်း ပျော်ပျော်ပါးပါးကစားနေလိုက်ကြတာ "
" သူတို့က မအေးကြသလိုပဲ ... သမီးဖြင့် အေးလိုက်တာ "
လမ်းတစ်နေရာမှာ မြစ်လောက်ကျယ်သော ချောင်းကြီးတစ်ချောင်းကို ဖြတ်ရသည်။ လေလုတံတား ခေါ် ချောင်းဖြတ် သံဘေလီတံတားရှည်ကြီးမှာ ကျွန်မတို့ ဓာတ်ပုံရိုက်ကြသည်။ အားလုံး ဖုန်အလူးလူး။ တောင်ကြို မြောင်ကြားက ဖြတ်စီးလာသော ချောင်းကြီးက သည်နေရာမှာမှ တပြန့်တပြောကြီးဖြသ်နေတာကလည်း ထူးဆန်းလှပါ၏။ မြင်ကွင်းထဲမှာ တောင်ခိုးတွေဝေနေသော တောင်ကြီးတွေသာ ရှိတော့သည်။ သမီးလက်ကလေးတွေကို စမ်ူကြည့်လိုက်တော့ ထုံခဲလို့။ ကျွန်မက လက်အိတ်ကလေး စွပ်ပေးလိုက်တော့ သမီးက မစွပ်ချင်။ ' သမီး လေအေးအေးတွေကို ဖမ်းချင်လို့ ' ဆိုလို့ ပြုံးမိရပါ၏။
သည်ကလွန်တော့ တစ်တောင်ကျော် တသ်တောင်ဆင်း။ တသ်တောင်ဆင်းပြန်တော့ တောင်မြင့်တစ်တောင်က ဆီးနေသည်။ လှမ်းမျှော်ကြည့်ပြန်တော့ တောင်ပေါင်းများစွာက တမျှော်တစ်ခေါ် ဝေလံသည့်အရပ်အထိ ရှိနေကြပြန်သည်။ လမ်းတွေက အကွေ့တွေများသလောက် တစ်ဘက်က တောင်တန်း၊ တစ်ဘက်က ချောက်ကမ်း။ ချောက်ကြီးတွေဒောက်ဆီမှာ မှုန်မှုန်ကလေးလောက်သာ မြင်ရသည့်တိုင် ချောက်အဆုံးရယ်လို့ မမြင်မိ။ ဂျစ်ကားဆရာကတော့ သည်ခရီးအတွေ့အကြုံ ရင့်လှပြီမို့ ကျွမ်းကျင်လှသည်။ တစ်ခါတစ်ရံ ချောက်နှုတ်ခမ်းမှာ ကားဘီးတင်ရုံကလေး ပွတ်သပ်မောင်းတော့ ဘုရားကို တ ရုံပင်။
ညနေမှောင်ပြီဆိုကတည်းက နှင်းတွေ သည်းသည်းကြီး ပြိုကျလာခဲ့သည်။ ကားမီးရောင်က ရှေ့ကို များများကြီး မထိုးဖောက်နိုင်သဖြင့် တောင်ကမ်းပါးယံ ကျောက်ကျမ်းလမ်းနှင့် ကားမှန်ပေါ်ဆီးကျလာသော နှင်းရည်တွေကိုသာ နာရီပေါင်းများစွာ မြင်နေရသည်။ နမ့်ဆန် ဘယ်မှာလဲ။ တစ်ခေါက်မှ မရောက်ဖူးသောခရီးမို့ တောင်တန်းတွေပေါ်ကို နှင်းတွေကြားက တိုးဖြတ်ရတာကလည်း အတွေ့အကြုံသစ်ဖြစ်ရပါ၏။ ဘယ်နေရာမှ အလင်းမရှိ။ တောင်တန်းပင်လယ်ကြီးထဲ ကူးနေရသည်နှင့်ပင် တူတော့သည်။
တော်တော်ကြီးမှောင်မှ နမ့်ဆန်ကိုဝင်သည်။ လက်ဖက်ခင်းတွေကြားမှာ စိမ်းလန်းငြိမ်းချမ်းလှသော နမ့်ဆန်။ လမ်းတစ်လမ်းတည်းသာရှိသော နမ့်ဆန်။ တောင်တံတိုင်းကြီးတွေ ပတ်ဝိုင်းနေသောနမ့်ဆန်။ လှပလွန်းလှသော နမ့်ဆန်။ ကျွန်မတို့ငယ်ငယ်က ဖတ်ခဲ့ဖူးသော ပုံပြင်တွေထဲက နတ်သမီးတိုင်းပြည်နှင့် တူသော သွေးချင်းပလောင်တို့၏ နမ့်ဆန်။
" ရှမ်းဘာသာနဲ့ နမ့်ဆိုတာ ရေ ... ဆန်ကတော့ တုန်တာပေါ့ ... ရေတုန်တဲ့မြို့ပေါ့ဗျာ ... ပလောင်လိုကတော့ အုံးရဲလ် ... အုံးကရေ ... ရဲလ်က တုန်တယ် "
ဦးမြင့်လွင်က ရှင်းပြသည်။ ဆောင်းအေးအေးထဲမှာပဲ ဇယန်းကြီးကျောင်း ဆရာတော်ထံ ဝင်ဖူးကြသည်။ ဆရာတော်က ပလောင်မိသားစုအိမ်ကြီး တစ်အိမ်မှာ နေရာချပေးသည်။ ပလောင်မိသားစုက ကျွန်မတို့ကို နွေးထွေးလုံခြုံလှသော သစ်သားအိမ်ကြီးထဲမှာ မီးလင်းဖိုကြီးသုံးဖိုနှင့် ကြိုဆိုနေကြပါ၏။ အိမ်ရှင်များက ရေချိုးကြမလားဆိုတော့ ကြက်သီးများပင်ထမိသည်။ နောက်မှ ရေနွေးချိုးစက်ဖြင့် ရေပူချိုးစေခြင်းဖြစ်သည်။ ပလောင်ရိုးရာ ဟင်းအမယ်တွေပါသည့် ထမင်းဝိုင်းမှာ ကျွန်မတို့တစ်တွေ ထမင်းဆာဆာနှင့် တော်တော်စားလိုက်ကြသည်။ စားလို့ကောင်းလိုက်သည့်ဖြစ်ချင်း။ အိမ်ရှင်တွေက ဂွမ်းစောင်တွေ အထပ်လိုက်ချထားပေးသည်။
" အားမနာနဲ့ ... စောင်တွေအများကြီးရှိတယ် ... အေးတယ်နော် "
နှင်းမှုန်မှုန် နမ့်ဆန်ည ... ။ ဘယ်လောက်တောင် အေးပါလိမ့်။ ပြတင်းတစ်ချပ်ကိုလှပ်လိုက်တော့ မျက်နှာကို လာပက်သည့် အအေးဓာတ်ကို လန့်ဖျပ်သွားမိသည်။ သည်ကနေ့ညလည်း နမ့်ဆန်က တစ်ဒီဂရီတဲ့။
" အေးလိုက်တာတော် ... အဲကွန်းဖွင့်ထားသလိုပဲနော် မေမေ "
အအေးကြိုက်လှသော သမီးကပင် နမ့်ဆန်ဆောင်းကို အေးလို့တဲ့။
( ၄ )
မနက်မိုးလင်းတော့ လက်ဖက်တောင်တန်းတွေပေါ်က မြူလွှာပိန်းပိန်းကို မြင်နေရသည်။ ဘယ်ကိုကြည့်ကြည့် နှင်းတွေ ... နှင်းတွေ။ တောင်တန်းတွေပေါ်မှာ နှင်းဖုံးနေသည့်မြင်ကွင်းမျိုး။ နေရောင်အစောကြီးရသည့် တောင်တွေကတော့ နှင်းတွေကို ခွာချလိုက်ကြပြီ။ နေရောင်ဆမ်းလိုက်တော့ တောင်တန်းတွေက ပိုလှသွားသည်။ မည်းသည့်တောင်က မည်းလို့။ လင်းသည့်တောင်က လင်းလို့။ လင်းတစ်ချို့ ရိပ်တစ်ချို့။
ဆောင်းမနက်စောစောမှာပဲ နမ့်ဆန်မြို့ကို ကျွန်မတို့ လျှေက်ကြည့်ကြသည်။ တောင်ပေါ်လမ်းတစ်လမ်းတည်းရဲ့ ဟိုဘက် သည်ဘက်မှာတင်ပြီး ဆောက်ထားကြသည့် မြို့တန်းရှည်ကလေး။ မနက်စာစားပြီးတော့ ကျွန်မတို့ ဇယန်းကြီးနယ် တောင်ရိုးကို ဂျစ်ကားဖြင့် တက်ခဲ့ကြသည်။ ပေ ၇၀၀၀ လောက် မြင့်သည်ဆိုပါ၏။ ကားပေါ်ကဆင်းဆင်းချင်းပင် မြက်ခင်းတွေပေါ် ထုံးတွေပက်ထားသလား အောက်မေ့ရလောက်အောင် နှင်းခဲတွေ ဖုံးနေပါ၏။ ထိုနှင်းစွတ်လမ်းပေါ်ကပဲ ကျွန်မတို့ ဖြတ်လျှေက်ကြသည်။ ဘုရားဖူးကြသည်။
" မေမေ ... နှင်းကလေးတွေက လှတယ်နော် ... သမီးဖြင့် စားတောင်စားချင်တယ် "
ရေခဲမုန့် အလွန်ကြိုက်သော သမီးကလေးက နှင်းဖတ်တွေကို ရေခဲမုန့် မှတ်ရှာပြီထင်ပါရဲ့။ နှင်းခဲတွေကြား ခြေဖဝါးတွေချလိုက်တိုင်း သမီးခြေအိတ်ကလေးကို နှင်းရည်တွေစိုလေသည်။ သမီးက ဒါကိုပဲ သဘောကျလို့မဆုံး။
ကြည့်စမ်းပါဦး။ လှလိုက်တဲ့ မြက်ကွင်းတွေ။ ကြည့်လေရာရာ နင်းရည်လောင်း လက်ဖက်တောင်တန်းတွေချည်း။ မြေပြန့်ရယ်လို့ မရှိ။ ကောင်းကင်နှင့် တောင်တန်း။ သည်လောက်လှသည့်ရှုခင်းမျိုး ကမ္ဘာမှာတောင် ရှိမည်မထင်။ ကျွန်မတို့ကို လိုက်ပို့ကြသော ပလောင်တိုင်းရင်းသားများ၏ ရိုးသားဖြူစင်မှုနှင့် စေတနာကလည်း ဆိုဖွယ်ရာပင်မရှိ။ လမ်းမှာ တွေ့ခဲ့မြင်ခဲ့ရသော ပလောင်ကျေးရွရကလေးတွေကလည်း ချစ်စရာ။ ထိုတဒင်္ဂသည်ပင် စိတ်ချမ်းသာစရာတွေချည်း။
တောင်ရိုးကဆင်းခဲ့တော့ နေရောင်စို့ပြူလာခဲ့ပြီ။ နေရောင်အောက်မှာ တောက်ပလာသော လက်ဖက်တောင်တန်းတွေက ပိုပြီး ရုပ်လုံးကြွလာခဲ့ပြီ။ ကျွန်မတို့ကို လွယ်ဆိုင်တောင်ပေါ် ကားနှင့်ပ်ု့ပေးကြပြန်ပါ၏။ ဘုရားလောင်းဥဒေါင်းမင်းဘဝက ခိုလှုံတော်မူခဲ့သည်ဆိုသော လွယ်ဆိုင်ခေါ် ပတ္တမြားတောင်။ လွယ်ဆိုင်တောင်ပေါ်ကနေ လှမ်းမျှော်ကြည့်တော့ တသ်တောင်လုံး မည်းနက်နေသော တောင်မည်းကြီးတစ်လုံးကို တွေ့ရသည်။ လိုက်ပို့သော ပလောင်ဆရာတော်က နတ်သစ်စေ့တွေအကြောင်း ရှင်းပြတော်မူသည်။
အလောင်းစည်သူမင်းကြီး မာလာယုကျွန်းကိုရောက်စဉ်က ဟင်္သာဇလုတ်ထဲကရသည့် နီလဗီဇခေါ် ရသာဝတီနတ်သစ်စေ့ကို ဘီလူးညီနောင်လေးဦးက ဆက်သနေပုံ၊ အလောင်းစည်သူမင်းကြီးက ပလောင်တိုင်းရင်းသားများကို စိုက်ပျိုးစားသောက်ကြရယ်လို့ ပေးသနားတော်မူသောအခါ ပလောင်အမတ် တာမောင်ငွိုင်းက လက်တစ်ဖက်ဖြင့်ခံယူနေပုံ ရုပ်ထုများကိုလည်း တွေ့ရသည်။ လက်တစ်ဖက်ဖြင့် ခံယူသောကြောင့် လက်ဖက်လို့တွင်သတဲ့။
သမီးကလေးကတော့ ပျော်ဂ
ရှာလွန်ူလို့ထင်ပါရဲ့။ ခပ်ပြေပြေ လက်ဖက်ခင်းတွေကြားမှာ ပြေးလွှားနေတော့သည်။
" မေမေ ... သမီးတော့ ဟောသည်တောင်ကြီးတွေပေါ်မှာပဲ နေချင်တယ် ... အေးလည်း အေးတယ် ... ပျော်စရာလည်း ကောင်းတယ် ... ပြီးတော့ နှင်းတွေထဲ သမီးဖြင့် နေ့တိုင်း နေ့တိုင်းဆော့ချင်တယ် "
ဆောင်းတွေကို သမီးကြုံဖူးလှပြီ။ နောင်လည်း ကြုံရဦးမည်။ ဆောင်းတိုင်းတော့ သမီးသဘောကျချင်မှ ကျလိမ့်မည်။ သို့သော် ဆောင်းရက်တွေကို ကျော်ဖြတ်ရလေတိုင်း တောင်ပေါ်ဆောင်းတွေကို အမှတ်တရ ရှိမှာကတော့ သေချာပါသည်။
▪️▪️▪️
ခင်ခင်ထူး
၂၀၁၃ ၊ ဖေဖော်ဝါရီလ