မိန်းမတို့ ရောဂါ”(စ/ဆုံး)

 မိန်းမတို့ ရောဂါ”(စ/ဆုံး)


——————

လင်းသန့်နဲ့‌ကေသွယ်တို့ လင်မယားနှစ်ယောက်ရဲ့အိမ်ထောင်သက်တမ်းမှာ ခုနှစ်နှစ်ရှိပြီဖြစ်၏။ သူတို့တွင် ခြောက်နှစ်အရွယ်သားတစ်ယောက်နဲ့ နှစ်နှစ်ကျော်အရွယ်သမီးတစ်ယောက်ရှိသည်။ သူတို့လင်မယား အိမ်ထောင်သက်တမ်းတလျှောက်တွင် တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်ကြသည်ဟူ၍ မရှိ။ စိတ်တို၊ စိတ်ကောက်တာလောက်ပဲ ရှိကြသည်။


သူတို့အိမ်ထောင်သက်အစောပိုင်းနှစ်‌တွေတုန်းကဆိုလျှင် လင်းသန့်ကခရီးထွက်ပြီးပိုက်ဆံရှာ‌သည်။ မိုးတွင်းပိုင်းလောက်သာ အိမ်မှာနေတာများ၏။ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တာဖြစ်သည်။ ရသမျှပိုက်ဆံသူ့မိန်းမကေသွယ်ကိုအပ်သည်။ ကေသွယ်ကပဲ ငွေကိုစီမံခန့်ခွဲသည်။


သူတို့သည် ပိုက်ဆံချမ်းသာကြတဲ့လူတွေ မဟုတ်။ သို့သော်လည်း နေ့ဖို့ညစာကိုပင်ပင်ပန်းပန်းရှာစားနေရတဲ့ဘဝမျိုးလည်း မဟုတ်ကြပေ။ လင်းသန့်က အသောက်အစား၊ အသုံးအဖြုန်းမကြီးပဲ မိန်းမကိုရသမျှအကုန်အပ်၍ သူ့မိန်းမကေသွယ်လက်ထဲ သုံးစရာပိုက်ဆံပြတ်သူဟူ၍ မရှိ။ သို့သော်လည်း သူတို့မှာများများစားစားစုဆောင်းထားတာမျိုးလည်း မရှိပြန်ပေ။


ဒီနှစ်တွင်‌ လင်းသန့်တို့ကုမ္ပဏီကယာယီအလုပ်နားထား၍ အိမ်မှာရှိတဲ့အလုပ်လေးလုပ်ကာ နေ‌နေရသည်။ အိမ်အလုပ်က မိသားစုလေးယောက်အတွက် ဘယ်လိုမှအဆင်မပြေ။ ဒီလိုနဲ့လတွေကြာလာတော့ စုဆောင်းထားတာလေးတွေလည်း တဖြည်းဖြည်းကုန်လာသည်။


ထိုအချိန်မျိုးမှာမှာ ကေသွယ်က ကျန်းမာရေးထဖောက်၏။ ဆေးခန်းသွားရသည်။ ပိုက်ဆံတွေထပ်ကုန်သည်။ စမ်းသပ်တော့လည်း ဘာရောဂါဟူ၍လည်း ရေရေရာရာမတွေ့ရ။ ဖျားတာလိုလို၊ နာတာလိုလို၊ ခေါင်းကိုက်တာလိုလို၊ အော့ချင်အန်ချင်တာလိုလို၊ ဟိုဟာလိုလို၊ ဒီဟာလိုလိုနဲ့ ရက်အတန်ကြာဖြစ်နေသည်။


လင်းသန့်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ စိတ်တွေညစ်နေသည်။ စမ်းသပ်လို့မတွေ့ရတဲ့ သူ့မိန်းမရဲ့ရောဂါကိုလည်း အံ့ဩနေသည်။ ဆေးရုံ၊ ဆေးခန်းလည်းနံ့ပြီ။ သူသိပ်ချစ်ရတဲ့မိန်းမကို ဒီအတိုင်းလည်းပစ်မထားရက်။


တစ်နေ့တွင် သူ့သူငယ်ချင်းတစ်ယောက်က သူတို့ရွာနဲ့အနည်းငယ်ဝေးတဲ့ရွာတစ်ရွာတွင် အလွန်တော်တဲ့ ဆေးဆရာကြီးတစ်ယောက်ရှိကြောင်း ပြောလာသည်။ အထူးသဖြင့် မိန်းမတွေမှာဖြစ်တတ်တဲ့‌ရောဂါတွေဆို ပိုပျောက်တတ်ကြောင်း ပြောပြသည်။ ရပ်၊ ရွာထဲတွင်ကု‌‌တတ်ကြတဲ့ ဆေးဆရာကြီးတွေကို အာရုံသိပ်မရှိတတ်တဲ့လင်းသန့်တစ်ယောက် ဘာမှထွေထွေထူးထူး စဉ်းစားမနေတော့ပဲ သူ့မိန်းမကိုအဲ့ဒီဆေးဆရာကြီးထံ ကုမည်ဟုဆုံးဖြတ်လိုက်သည်။


သူ့သူငယ်ချင်းထံတွင် ဆေးဆရာကြီး၏လိပ်စာ‌တောင်းထားလိုက်သည်။ နောက်တစ်နေ့တွင် ဆေးဆရာကြီးနေတဲ့ရွာကို ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာခဲ့၏။ ဆေးဆရာကြီးဖြင့်တွေ့သည်။


“ဆရာ ကျွန်တော့်မိန်းမနေမကောင်းဖြစ်နေလို့ပါ။ အဲ့ဒါ ဆရာ့ကိုကျွန်တော့်အိမ်ကိုပင့်ချင်လို့ပါ”


လင်းသန့်ဆေးဆရာကြီးအား သူ့အိမ်ကိုပင့်လိုက်သည်။


“မင်းမိန်းမက ဘယ်လိုဖြစ်တာလဲ။ ဆရာကို နည်းနည်းရှင်းပြပါဦး”


ဆေးဆရာကြီးက လင်းသန့်မိန်းမဖြစ်‌နေတဲ့ ရောဂါပုံစံကိုမေးသည်။


သူ့မိန်းမသည် အသည်းအသန်ကြီး ဖြစ်နေတာလည်း မဟုတ်ကြောင်း။ ခေါင်းကိုက်တာလိုလို၊ ဗိုက်နာတာလိုလို၊ မူးမော်တာလိုလို ဖြစ်နေကြောင်း။ ယောက်ျားဖြစ်သူကိုလည်း စကားသိပ်မပြောတော့ကြောင်း။ အမြဲငေးငေးငိုင်ငိုင်နဲ့ ဖြစ်နေကြောင်း။ ဆေးရုံ၊ ဆေးခန့်လည်း နံ့နေပြီဖြစ်ကြောင်း။ ဆရာဝန်တွေရောဂါရှာဖွေတော့လည်း ရောဂါကိုမတွေ့ရကြောင်းကို လင်းသန့်ဆရာကြီးအား ရှင်းပြလိုက်ပါသည်။


ဆရာကြီးက မေးစေ့ကိုပွတ်ပြီး စဉ်းစားနေသည်။ ခဏကြာတော့လင်းသန့်ကို ပြန်မေးသည်။


“မင်းမိန်းမရဲ့ရောဂါနဲ့မပတ်သက်တဲ့ မင်းတို့မိသားစုအကြောင်းလေး ဆရာ့ကိုရှင်းပြလို့ရမလား။ မင်းတို့အိမ်ထောင်သက်၊ မင်းတို့မှာ သားသမီးဘယ်နှစ်ယောက်ရှိလဲ၊ ပြီးတော့ မင်းရဲ့အလုပ်အကိုင်၊ မင်းရဲ့ဝင်ငွေ၊ မင်းတို့ရဲ့စီးပွားရေးအခြေအနေအကြမ်းဖျင်းလေး ဆရာ့ကိုရှင်းပြပါလား”


လင်းသန့်ကလည်း ဒီဆရာကဘာလို့‌ရောဂါနဲ့မဆိုင်တဲ့မေးခွန်းတွေ မေးနေရတာလည်းဟု စဉ်းစားသည်။ ဒါပေမယ့် ရောက်လာခဲ့ပြီဆိုတော့လည်း ပြောရုံရှိတာပဲဟုဆုံးဖြတ်လိုက်သည်။ သူ့သူငယ်ချင်းကလည်း ဒီဆရာကြီးက မိန်းမတွေရဲ့ရောဂါကိုသိပ်နိုင်တာလို့ ပြောခဲ့တာကိုလည်း သတိရသွားလို့ဖြစ်သည်။


လင်းသန့်က သူတို့အိမ်ထောင်သက်ကို ပြောပြလိုက်၏။ သူတို့မှာ သားသမီးနှစ်ယောက်ရှိကြောင်း၊ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကုမ္ပဏီတစ်ခုမှာသူအလုပ်လုပ်ကြောင်း၊ အခု‌တော့ ကုမ္ပဏီကယာယီနားထား၍ ဝင်‌ငွေမရှိ‌တော့ကြောင်း၊ စုဆောင်းထားတာလေးတွေလည်း ကုန်ပြီဖြစ်ကြောင်း အစရှိသဖြင့် သူတို့ရဲ့အိမ်တွင်းရေးကို ဆရာကြီးအား ပြောပြလိုက်ပါသည်။


ဆရာကြီးက တစ်ချက်ပြုံးလိုက်ပြီးလင်းသန့်အား ပြောလိုက်သည်။


“ဒီရောဂါက ဆရာမင်းအိမ်ထိလိုက်ပြီး ကုစရာမလိုတဲ့ရောဂါပါ ငါ့တူရေ”


“ဗျာ”


လင်းသန့်အံ့ဩသွားသည်။


“ဒီရောဂါက ငါ့တူကိုယ်တိုင်ကုမှရမယ်။ ဆေးနည်းကိုတော့ ဆရာပြောပြလိုက်ပါမယ်။ ဒီဆေးနည်းနဲ့ အရင်အစမ်းကုကြည့်တာပေါ့။ မပျောက်မှ တခြားနည်းနဲ့ ပြန်ကုမယ်။ ဟုတ်ပြီလား”


“ဟုတ်ကဲ့ပါ ဆရာ။ ဆေးနည်းလေး ပြောပါဗျ”


“မင်းအခု ဒီကပြန်သွားတာနဲ့ မိန်းမရေငါမင်းကိုဝမ်းသာစရာစကား ပြောစရာရှိတယ်။ ငါ့ကုမ္ပဏီက ငါ့ကိုမနှစ်ကအလုပ်ကြိုးစားလို့ဆိုပြီး သူဌေးကအခု‌‌ငါတို့အလုပ်မရှိချိန်မှာသုံးရအောင်ဆိုပြီး ပိုက်ဆံလွှဲပေးခဲ့မယ်လို့ပြောနေတယ်ဆိုပြီး ပြော”


လင်းသန့် ဆေးဆရာကြီးကိုနားမလည်စွာဖြင့် ကြည့်နေသည်။


“ကြည့်မနေနဲ့ ငါ့တူရေ။ ငါပြောတဲ့အတိုင်းသာလုပ်။ အဲ့ဒီလိုလုပ်ပြီးတာနဲ့ မင်းမိန်းမမှာ ထူးခြားမှုရှိလား၊ မရှိလား သေချာကြည့်။ ပြီးရင် ငါ့ဆီဖုန်းဆက်။ ရော့ ဒါငါ့ဖုန်းနံပါတ်”


ဆရာကြီးက လင်းသန့်အားသူ့ဖုန်းနံပါတ်ကို ရေးပေးလိုက်သည်။ လင်းသန့်ဆရာကြီးအားနုတ်ဆက်ပြီး သူ့အိမ်ကို ပြန်လာခဲ့သည်။


“မိန်းမရေ မိန်းမ။ ငါမင်းကို ဝမ်းသာစရာစကားပြောစရာရှိတယ်။ ငါ့သူဌေးကလေ အခုကုမ္ပဏီအလုပ်နားထားလို့အလုပ်မရှိချိန်မှာ ငါတို့ကိုသုံးစရာပိုက်ဆံလွှဲပေးခဲ့မယ်လို့ ဖုန်းဆက်ခဲ့တယ်”


လင်းသန့် အိမ်ရောက်ရောက်ချင်း သူ့မိန်းမကိုပြောလိုက်သည်။


“ဟင် ဟုတ်လားယောက်ျား။ ဘယ်တော့ လွှဲခဲ့မှာလဲ။ ဘယ်လောက်တဲ့လဲ။ အများကြီးလွှဲပေးမှာတဲ့လား ယောက်ျား”


အိပ်ယာထဲမှာ လှဲခွေနေတဲ့ကေသွယ်တစ်ယောက် ငေါက်ခနဲထထိုင်လိုက်ပြီး လင်းသန့်အားတက်ကြွတဲ့လေသံဖြင့် တရစပ်မေးတော့သည်။ အရင် နေ့တွေက နေမကောင်းတဲ့ရုပ်နဲ့ဘာမှမဆိုင်တော့။ ပကတိလူကောင်းအတိုင်းဖြစ်သွားသည်။


“အဲ့ဒါတော့ ငါလည်းသေချာမမေးလိုက်မိဘူး မိန်းမရေ။ ခဏတော့ စောင့်ပေါ့မိန်းမရယ်။ ကိုယ့်ဘက်ကအငမ်းမရသွားမေးနေလို့လည်း မကောင်းဘူးလေ”


လင်းသန့် သူ့မိန်းမနားကခွာလာပြီး ဆရာကြီးအား ဖုန်းဆက်လိုက်သည်။


“ဟဲလို ဆရာပါလား”


“ဟုတ်ပါတယ် ပြောပါ”


“ကျွန်တော်ခဏတုန်းကမှ ဆရာဆီကပြန်ခဲ့တဲ့တစ်ယောက်ပါ။ ကျွန်တော့်မိန်းမကို ဆရာပြောတဲ့အတိုင်းပြောကြည့်လိုက်တာ ထူးခြားတယ်ဆရာရေ။ နေမကောင်းမဖြစ်တော့တဲ့အတိုင်းပဲ။ ရွှင်ရွှင်လန်းလန်းကို ချက်ချင်းဖြစ်သွားတာပါဆရာ”


“ဆေးနည်းက အဲ့ဒါပဲငါ့တူရေ။ မင်းမိန်းမမှာ တခြားရောဂါမရှိပါဘူး။ မိန်းမရောဂါ ရှိနေတာပါ”


“ဗျာ။ မိန်းမရောဂါ”


“ဟုတ်တယ် ငါ့တူရ။ မိန်းမတွေက လက်ထဲမှာ သုံးစရာပိုက်ဆံပြတ်ပြီဆိုရင် အဲ့ဒီလိုပဲကွ။ ဟိုဟာဖြစ်တာလိုလို၊ ဒီဟာဖြစ်တာလိုလို၊ ခေါင်းနာနာတာလိုလို၊ ဖင်နာတာလိုလိုနဲ့ ဖြစ်တတ်ကြတယ်ကွ။ တချို့မိန်းမတွေဆို စုန်းပူးတာလိုလို၊ နတ်ပူးတာလိုလို။ ရူးတာလိုလို၊ ကြောင်တာလိုလိုနဲ့ကို ဖြစ်တတ်ကြသေးတာ။ မင်းမိန်းမက တော်သေးတယ်နော်။ စုန်းပူးတာလိုလို၊ နတ်ပူးတာလိုလို အဆင့်ထိမရောက်သေးတာ။ အဲ့ဒီရောဂါက ပိုက်ဆံဆိုတဲ့ဆေးနဲ့ကုမှ ပျောက်တာငါ့တူရေ။ အခုမင်းမိန်းမက လက်တွေ့ပဲ။ အဲ့ဒီရောဂါကို မိန်းမရောဂါလို့ ခေါ်တယ်ကွ။ အဲ့ဒီတော့ မင်းမိန်းမဖြစ်နေတဲ့ မိန်းမရောဂါကိုအမြန်ပျောက်ချင်ရင် ပိုက်ဆံသာမြန်မြန်ရှာပြီး သူ့ကိုပေးလိုက်ပါနော်”


“ဟုတ်ကဲ့ပါဆရာရေ။ ကျွန်တော်သ‌ဘောပေါက်ပါပြီ။ ကျေးဇူးကြီးလှပါပေတယ်။ ကျွန်တော့်မိန်းမမှာဖြစ် နေတဲ့ မိန်းမရောဂါကိုအမြန်ပျောက်အောင် ကျွန်တော်ပိုက်ဆံမြန်မြန်ရှာတော့မယ်ဗျာ”


“ပြီး”


“Saw Yan Naing”